ဖေဖော်ဝါရီ-၆၊၂၀၂၆။ဇော်ဝင်း/People’s Spring
တိုက်ပွဲတွေဖြစ်နေလို့ ဖရူဆို- ထားလဲ- နန်းဖဲ-ဘောလခဲ လမ်းမကြီးကို လုံးဝအသုံးမပြုဖို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ပါတယ်။
ဒီကနေ့(ဖေဖော်ဝါရီ ၆ ရက်)ကစလို့ ဒီးမော့ဆို -ဖရူဆို -ထားလဲ -နန်းဖဲ – ဘောလခဲလမ်းမကြီးနဲ့ လမ်းမကြီးပေါ်ဖြတ်သန်းမယ့် လမ်းသွယ်တွေအားလုံးကို မြေပြင်စစ်ရေးအခြေအနေ အရ ပိတ်လိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ကြောင်းတချို့က ဖရူဆို- ထားလဲ လမ်းမကြီးအပေါ် နဲ့ နန်းဖဲကျးရွာ ဖက်ကို မနေ့က (ဖေဖော်ဝါရီ ၅ရက်)ကစပြီး စစ်ကြောင်းထိုး လှုပ်ရှားလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေရှိနေတယ်လို့ အသိပေးပါတယ်။

Public Service Announcement
“စစ်တပ်စစ်ကြောင်းတွေက အခုလမ်းပိုင်းပေါ်မှာ ပိုပြီး ဖြန့်ကျက်လာတယ်။အဲဒါကြောင့် လုံခြုံရေးအရ ဒီလမ်းမကြီး လုံးဝအသုံးမပြုသင့်တော့တာဖြစ်တယ်”လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် နန်းဖဲ – ဘောလခဲနဲ့ ဘောလခဲ -ဖားဆောင်းအနီးမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
“တိုက်ပွဲတွေက နေ့တိုင်းပါပဲ။လေကြောင်းက လည်းဖိတယ်။ဘောလခဲဘက်က စခန်းကုန်းတွေ ယူချင်တာရော ဖားဆောင်းဘက်ကို ပေါက်အောင်ပေါ့။နှစ်ဖက်စလုံးထိခိုက်မှုရှိတယ်”လို့ ကရင်နီရဲဘော်တစ်ဦးက လက်ရှိအခြေအနေကို ပြောပါတယ်။
စစ်တပ်က ကရင်နီပြည်နယ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်သိမ်းပိုက်ထားတဲ့ ဒေသတွေကိုရဖို့ မနှစ် ၂၀၂၅ကစပြီး စစ်ကြောင်းငါးခုနဲ့ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် မိုးဗြဲ၊ဖယ်ခုံ၊လွိုင်ကော်နဲ့ ဒီးမော့ဆိုက ထိန်းချုပ်နေရာတွေကို တော်လှန်ရေးတပ်တွေ ဆုတ်ခွာခဲ့ရပါတယ်။
ဒါပေမယ့် ကရင်နီပြည်နယ်ထဲက မယ်စဲ့နဲ့ ရှားတောမြို့နယ်တွေကို တော်လှန်ရေးတပ်တွေက အလုံးစုံ ထိန်းချုပ်ထားဆဲလို့ သိရပါတယ်။
















































