ဖေဖော်ဝါရီ-၉၊ ၂၀၂၆။ ဒလပန်း/People’s Spring
ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က မီးရှို့တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၉ ရက် နေ့လယ်ပိုင်းကစပြီး စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက နတ်တလင်းမြို့နယ် ဓမ္မငယ်ကျေးရွာအုပ်စုက အိမ်သုံးဆယ်နဲ့ မင်းဘူးကျွန်းကျေးရွာအုပ်စုက ဘန်ကောက်တန်း၊ တာဂွကျေးရွာက နေအိမ်တွေကို မီးရှို့နေတာလို့ ဆိုပါတယ်။
“အလုံးရေတော့မသိရသေးဘူး။ ဒီကလှမ်းကြည့်တာတော့ အလုံးရေဆယ်ဂဏန်းတော့ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်ကြာတယ် နေရာရွေ့ရွေ့သွားတာ မီးလုံးကြီးတွေ။ အိမ်သုံးဆယ်မှာတော့ အိမ်သုံးလုံး ရှို့သွားတယ် ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲ့ဒီကျေးရွာက နေအိမ်တွေကို မင်းဘူးကျွန်းက ပျူတွေနဲ့ တောင်ညိုမြို့သစ်ရဲစခန်းက စစ်ကောင်စီတွေနဲ့ ပူးပေါင်းပြီး မီးရှို့နေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓမ္မငယ်ကျေးရွာအုပ်စုနဲ့ မင်းဘူးကျွန်းကျေးရွာအုပ်စုက ကျေးရွာဒေသခံတွေဟာ လွန်ခဲ့တဲ့ နှစ်လခန့်ကတည်ူက ဒေသတွင်းတိုက်ပွဲတွေကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။
“နှစ်လကျော်လောက်ထဲက တိုက်ပွဲတွေတောက်လျှောက်ဖြစ်တာလေ။ ဓမ္မငယ်တို့ တာဂွတို့ အမြဲတမ်းလိုလိုဖြစ်တာ။ ဓမ္မငယ်မှာဆိုလည်း သုံးကြိမ်လောက်ဖြစ်တာ။ အဲ့ထဲက ရှောင်ကြတိမ်းကြနေရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၇ရက်ကလည်း ပေါင်းတည်မြို့နယ် ကျွဲတဲကြီးကျေးရွာဘေးဆည်ဘောင်ပေါ်မှာရှိတဲ့ စစ်တပ်က နတ္တလင်းမြို့နယ် ကံသာယာကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဒါ့အပြင် မနေ့က ည ၁၁ ဝန်းကျင်မှာလည်း စစ်တပ်က နတ္တလင်းမြို့နယ် သခွတ်ကုန်းကျေးရွာအတွင်းကို ဒရုန်းနဲ့ လာရောက်ကြဲချခဲ့တာကြောင့် နေအိမ်နှစ်လုံးပျက်စီးခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် မေလ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်ထိ စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း ၁၁၃,၀၅၄ လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data For Myanmar က ကောက်ယူထားတဲ့ အချက်အလက်တွေအရသိရပါတယ်။
မီးရှို့ဖျက်ဆီးခံထားရတဲ့ နေအိမ်တွေထဲ ပဲခူးတိုင်းထဲက နေအိမ် ၁,၅၄၀ လုံးပါဝင်ပါတယ်။




















































