ဖေဖော်ဝါရီ-၁၃၊၂၀၂၆။ရှိန်း/ People’s Spring
မန္တလေးတိုင်း၊ဝမ်းတွင်းမြို့နယ်မှာ ၅ရက်အတွင်း လူငယ် ၃၀ကျော် ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၇ရက်က ပင်းတလဲနယ်မြေရဲစခန်းက ရဲ၊ပျုစောထီးနဲ့ စစ်သားပူးပေါင်းအဖွဲ့တွေဟာ ပျားစွဲရွာဝင်ရောက်လာပြီး လူငယ်၈ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီစစ်အုပ်စုကပဲ ဖေဖော်ဝါရီ ၉ရက် မနက်၅နာရီလောက်မှာ ခံတော/တောင်ဘိုရွာက လူငယ်၅ဦးကို ပေါ်တာဆွဲခဲ့သလို အပြန်မှာ ဖလန်ကန်ကျေးရွာက ၂ဦး၊ဆပ်ခင်းကျေးရွာက၂ဦးနဲ့ လမ်းဘေးယာခင်းမှာ ကြွက်ထိုးနေသူ လူငယ် နှစ်ဦးတို့ကို ထပ်မံဖမ်းဆီးသွားတယ်လို့ Voice Of Wundwinကလည်း ဖော်ပြထားပါတယ်။

Public Service Announcement
ဒါ့အပြင် ဖေဖော်ဝါရီ ၁၁ရက်မှာ လျှော်ပင်ရွာဈေးမှာရောင်းချဖို့ နတ်ကန်ကျေးရွာ ကုန်သွားသယ်တဲ့ လိန်ပင်ရွာသားတဦးနဲ့ သိမ်တောင်နားက လူငယ်တဦးတို့ကို ဖမ်းဆီးပြီး ၎င်းတို့မောင်းလာတဲ့ကုန်စိမ်းတင်သုံးဘီးကို လမ်းမှာပစ်ထားခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် လျှော်ပင်ရွာဈေးထဲကိုဝင်ပြီး ပေါ်တာဆွဲဖို့ကြိုးစားလို့ ဈေးသည်တွေရုပ်ရုပ်သဲသဲဖြစ်ခဲ့ပြီး ခရမ်းချဉ်သီးရောင်းချတဲ့ ဈေးသည်တဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မျက်မြင်တွေ့သူကပြောပါတယ်။
“ဆိုင်ကယ် တွေရော၊ကားတွေရောဝင်ချလာတာ။အစကတော့ လာပြီလာပြီ ခပ်တိုးတိုးပေါ့။တကယ်လဲ ဖမ်းရော အကုန် ပြေးကြရတာ။ရင်တွေကိုတုန်နေတာပဲ။ပြောင် ပြောင်တင်းတင်းကို ပေါ်တာဆွဲတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၀ ရက်က ခင်ကြီးကျေးရွာအလှူအိမ်မှာဝိုင်းကူနေသူတွေကို စစ်အုပ်စုက အထွက်ပိတ်ပြီး လူငယ်တွေကိုဝင်ရှာခဲ့တယ်လို့တယ်လို့သိရပါတယ်။လူငယ်တွေကို မတွေ့ တာမို့ အဲဒီအိမ်ဘေးက အသက်၁၅နှစ်အရွယ်လူငယ်နှစ်ဦးကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။
အဲဒီကနေ ဝမ်းတွင်းမြို့ထဲ ပြန်ဝင်တဲ့ စစ်ကောင်စီတပ်ဟာ လမ်းမှာ အလှူကပြန်လာတဲ့ ခင်ကြီးရွာက ဘုန်းကြီးကားကိုတားပြီး ကားပေါ်က ကပ္ပီယနှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဒီလအစပိုင်းမှာလည်း ခင်ကြီးရွာကိုစီးနင်းကာစစ်တပ်က ပေါ်တာဆွဲခဲ့သလိုသခွက်မြင့်ရွာမှာ မင်္ဂလာဆောင်ကို ပေါ်တာဝင်ဆွဲခဲ့တာမို့ လူငယ်အမျိုးသား အများအပြားဖမ်းဆီးခံခဲ့ရပြီး ဒီနေ့အထိ ရှောင်တိမ်းနေရတာ တွေလည်းရှိတယ်လို့ သိရပါတယ်။


















































