Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုနယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ၁၀ ရက်ကျော်ကြာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

(ကျိုက်ထိုမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရစဥ်။ ဓာတ်ပုံ - KNU )

ဖေဖော်ဝါရီ-၂၄၊ ၂၀၂၆။ ဒလပန်း၊ People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ၁၀ ရက်ကျော်ကြာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် မနေ့ နေ့လယ်ပိုင်းက ကျိုက်ထိုမြို့နယ်၊ ဝင်းကံ ကျေးရွာအနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အထူးတိုင်းစစ်ဌာန၊ ဗျူဟာ(၃၆)လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေ၊ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့နဲ့ စစ်တပ် စစ်ကြောင်းကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

“မနေ့က ထိတွေ့မှု ဖြစ်တယ်။ တော်လှန်ရေးအင်အားစုဘက်က ဒရုန်းတွေနဲ့ချလိုက်တာ ဒဏ်ရာတော်တော်များများရသွားတယ်”လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ပြီး ထိခိုက်ခဲ့သူတွေကို ကွင်းဆိပ်ကျေးရွာအနီးက အမှတ်(၅၉၈)ခြေမြန်တပ်ရင်းဘက်ကို ပြန်သယ်သွားတယ်လို့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ရက်ကစပြီး စစ်ကောင်စီတပ် ဗိုလ်မှူးအောင်ဇော်မိုး ဦးစီးတဲ့ အင်အား (၂၀၀)ခန့်ပါဝင်တဲ့ ခမရ-၂ နဲ့ ခလရ-၈ ပူးပေါင်းစစ်ကြောင်းဟာ သိမ်ဇရပ်-ရွှေကျင်ကားလမ်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ လက်ရှိအချိန်မှာ ဝင်းကံကျေးရွာအနီးမှာ တပ်စွဲထားတာမျိုးရှိသလို တခြားနေရာတွေကိုလည်း ဖြန့်ကျက်စစ်ကြောင်းထိုးနေတယ်လို့ ကျိုက်ထို အခြေစိုက်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“တစ်နေရာထဲထိုးနေတာမဟုတ်ဘူး။ ဖြန့်ထိုးနေတာ။ ခရွဲတင်မဟုတ်ဘူး။ သိမ်ဇရပ်အထက်ခြမ်းကုန်းဘက်တွေရော”လို့ အဲဒီရဲဘော်က ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၉ ရက်မှာ ခရွဲကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာအုပ်စုအတွင်းက ရွာတွေကို စစ်ကြောင်းထိုးလာတာကြောင့် ခရွဲကျေးရွာအုပ်စု စစ်ကွင်းရွာအနီးဝန်းကျင်မှာ တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ထိတွေ့မှုအတွင်း စစ်တပ်က ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကွင်းရွာက ဦးစောနောင်(အသက် ၆၀နှစ်) ဇနီးဖြစ်သူ ဒေါ်မအေး(အသက် ၆၅နှစ်) နဲ့ မုက္ခမော့ရွာက ဦးအေးသိန်း(အသက် ၆၅နှစ်) တို့ (၃)ဦး အသက်သေဆုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် စစ်ကွင်းရွာနေ ဦးစောနောင်ရဲ့ သား အသက် ၁၄နှစ်အရွယ် မောင်သက်မိုးအောင်၊ မုက္ခမော့ရွာမှ အသက် ၇၂နှစ်အရွယ် ဦးခင်စိန်နဲ့ အသက် ၁၅နှစ်အရွယ် မောင်စိုင်းကြယ်စင်တို့ (၃)ဦး လက်နက်ကြီး ထိမှန်ဒါဏ်ရာရရှိခဲ့ရကာ ဦးစောနောင်ရဲ့ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာတွေအပြင် ခရွဲရွာ၊ ကျောက်ရေတွင်းရွာ၊ ၀င်းကံရွာတွေက ပြည်သူနေအိမ်တွေကိုလည်း ဖောက်ထွင်းခိုးယူနေတာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် အလူးကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာအုပ်စု၊ ခရွဲကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာအုပ်စုအတွင်းက ရွာပေါင်း (၁၉) ရွာက အိမ်ခြေ (၂,၉၃၉) ၊ လူဦးရေ စုစုပေါင်း (၁၂,၉၃၀)ဦး ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။