ဖေဖော်ဝါရီ – ၂၄ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
ထိုင်း – မြန်မာနယ်စပ်က KNU တပ်မဟာ (၇) သိမ်းယူထားတဲ့ တပ်စခန်းတွေပြန်လည်ရယူဖို့အတွက်စစ်ကောင်စီတပ်ကမနေ့( ဖေဖော်ဝါရီ ၂၃ ရက်) ကစပြီး ဒေါနတောင်ခြေဘက်ဆီဦးတည်ကာစစ်ရေးလှုပ်ရှားလာတာကြောင့် KNU တပ်တွေနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်သွားတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။
KNU တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ ဒေါနတောင် အရှေ့ခြမ်းက ခလယ်ဒေး၊ မယ်လ၊ မော်ဖိုးကေ၊ မော်ဖားသူး၊ ပူလူးတူ၊ တခေါ်ဘီခွီး၊ တာလယ်ဗျူဟာအစရှိတဲ့တပ်စခန်းတွေပြန်လည်ရယူဖို့အတွက်အခုလဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ စစ်ရေးလှုပ်ရှားလာတာပါ။
မနေ့ကဆိုရင်ပိုင်ကျုံမြို့ပေါ်ကနေ ဒေါနတောင်ခြေဘက်ကို ဦးတည်လာချိန်မှာစစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြားပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement
ပိုင်ကျုံမြို့ရဲ့မြောက်ဘက်ပညာပလီးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် KNU တပ်မဟာ (၇) နဲ့ နာရီအနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာပိုင်ကျုံမြို့ကိုအခြေပြုပြီး မြို့ရဲ့ မြောက်ဘက် ဒေါနတောင်ခြေအောက်က ကျေးရွာတွေဖြစ်တဲ့ ပညာပလီး၊ လော်ကော်၊ ဖားကပ်၊ ညာမရော၊ မိကြောင်၊ တမိုလာခီးကျေးရွာတွေဆီဦးတည်လာတာပါ။
အဲဒီကျေးရွာကနေတဆင့် ပွိုင့်(၉၂၈)စခန်း၊ နော်တရာ(နောင်ခလာ)စခန်းအတိုင်းတာလယ်ဗျုဟာဘက်ကို ဆင်းလာပြီး စစ်ကြောင်းထိုးဖို့လုပ် ဆောင်လာတာလို့သိရပါတယ်။
ပိုင်ကျုံမြို့အနီးက စစ်ရေးအခြေအနေကြောင့် အနီးအနားကျေးရွာတွေ ကဒေသခံတွေဟာ ဘေးလွတ်ရာဆီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ထိုင်း -မြန်မာနယ်စပ်အနီး ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ၊ဒေါနတောင် အရှေ့ဘက်ကခြေကုပ်တပ်စခန်းတွေကို KNU က ထိုးစစ်ဆင်ရာမှာစစ်ကောင်စီတပ်ကလက်လွှတ်ထားရတာပါ။
စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ ( ၇ ) ဆီရောက်သွားတဲ့ နယ်စပ်စခန်းကိုရဖို့ စစ်ရေးလှုပ်ရှားလာနေသလို မြဝတီမြို့တောင်ဘက်တပ်မ ဟာ (၆) နယ်မြေကိုစိုးမိုးနိုင်ဖို့အတွက် လည်း ထိုးစစ်ဆင်နေပါတယ်။

















































