Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်- အီရန်စစ်ပွဲကြောင့် ကမ္ဘာ့​ရွှေစျေးနဲ့ ရေနံစည်စျေး တက်

ပြည်တွင်းရွှေဈေး ကျပ်သိန်း ၁၁၀နားကပ်လာ

ဓာတ်ပုံ - Reuters

မတ်-၁၊ ၂၀၂၆။ဇော်ဝင်း /People’s Spring

အမေရိကန်- အီရန်စစ်ပွဲကြောင့် ကမ္ဘာ့​ရွှေစျေးနဲ့ ရေနံစည်စျေးတွေ တက်နေပြီး ပြည်တွင်းရွှေစျေးလည်း တစ်ကျပ်သား ကျပ်သိန်း ၁၁၀ နား ကပ်လာတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

ဒီကနေ့(မတ် ၁ရက်) မနက်ပိုင်းမှာ ကမ္ဘာ့ရွှေစျေးက တအောင်စ ၅,၂၇၈ ဒေါ်လာဖြစ်လာပြီး တစ်ရက်အတွင်း ဒေါ်လာ ၁၀၀ ဝန်းကျင် မြင့်တက်ခဲ့ပါတယ်။

မြန်မာ့ရွှေစျေးလည်း ၁၆ ပဲရည်တစ်ကျပ်သား ကျပ်သိန်း ၁၀၀နဲ့ ၉သိန်းဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အီရန်အရေးကြောင့်ပဲ ကမ္ဘာ့ရွှေစျေးတက်တာလို့ ပြောရမယ်။အမြင့်ဆုံးစျေးတန်းတွေ မြင်ရလိမ့်မယ်လို့ သုံးသပ်ထားသလို ပြည်တွင်းမှာလည်း ရွှေက ပြီးခဲ့တဲ့ရက်ကထက် တစ်ကျပ်သား သုံးသိန်းလောက် စျေးတက်လာတယ်”လို့ ရွှေစျေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။

ကမ္ဘာ့ရွှေအတက်စျေးကြောင့် ဇန်နဝါရီ ၂၀ ရက်ကစပြီး ပြည်တွင်းရွှေစျေးက တစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ရွှေပေါက်စျေးကြောင့် ရွှေဆိုင်တွေနဲ့ ပြင်ပ ရွှေစျေးကွက်မှာ အရောင်းပိတ်တာ ဒါမှမဟုတ် အွန်လိုင်းငွေချေစနစ်ကို လက်မခံတာ တွေ ရှိပေမယ့် အိမ်အရောက် ရွှေလိုက်ဝယ်သူတွေ ရှိတယ်လို့သိရပါတယ်။

“အီရန် စစ်ပွဲကြောင့် မြန်မာ့စီးပွားရေးအပေါ် တိုက် ရိုက်သက်ရောက်မှုထက် သွယ်ဝိုက်သော သက် ရောက်မှုတွေ ပိုမိုပြင်းထန်နိုင်ခြေရှိတယ်”လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြည်ပကတင်သွင်းနေရတဲ့ လောင်စာဆီ စျေးကွက် အခြေအနေတွေ​ကြောင့် ပြည်တွင်း စက်သုံးဆီ စျေးနဲ့ ကုန်စည်ထုတ်လုပ်မှုတွေ မကြာမီမြင့်တက်လာ နိုင်တယ်လို့ သူက အသိပေးပါတယ်။

လက်ရှိ ကမ္ဘာ့ရေနံစည်စျေးက တစ်စည်ကို အမေရိကန်ဒေါ်လာ ၇၀ဝန်းကျင်နဲ့ အတက်စျေးတန်းမှာရှိနေပြီး ပြည်တွင်းစက်သုံးဆီစျေးလည်း ပြီးခဲ့တဲ့ နှစ်ရက်စပြီး တစ်လီတာကို ကျပ် ၅၀နဲ့ ၈၀ ကြား စျေးတက်လာပါတယ်။

ကမ္ဘာ့သတ်မှတ်နှုန်းအရ ရေနံတစ်စည်မှာ ၄၂ ဂါလံ ရှိပြီး (၁၅၉ လီတာ) ဝန်းကျင်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ရွှေစျေး၊စက်သုံး​ဆီစျေး မြင့်တက်နေတာဟာ ပြည်တွင်းအခြေအနေတစ်ခုတည်းကြောင့်မဟုတ်ဘဲ ကမ္ဘာ့ရေးရာ (Global Context) နဲ့ ပြည်တွင်းစီးပွားရေး (Domestic Economy) တို့ ရောယှက်နေတဲ့အချက်တွေကြောင့်လို့ စီးပွားရေး​ကျွမ်းကျင်သူအချို့က သုံးသပ်ထားပါတယ်။

မြန်မာ့ရွှေစျေးကို အဆမတန် ခုန်တက်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ကျပ်ငွေတန်ဖိုးကျဆင်းနေတာ(ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း )နဲ့ စံချိန်တင်ကမ္ဘာ့ရွှေ​စျေးကြောင့်လို့ အသိပေးပါတယ်။

အမေရိကန်ဒေါ်လာအပေါ် ယုံကြည်မှုလျော့နည်းလာတာနဲ့ ကမ္ဘာပေါ်က နိုင်ငံတွေရဲ့ဗဟိုဘဏ်တွေဟာရွှေတွေကိုအလုအယက် ဝယ်စုနေကြတာကြောင့် အခုလို ကမ္ဘာ့‌ရွှေစျေးဟာ စံချိန်တင်စျေးဖြစ်လာပါတယ်။

ကမ္ဘာ့ရွှေစျေး တည်ငြိမ်ခဲ့ရင်တောင် ပြည်တွင်းမှာ ဒေါ်လာစျေးတက်ရင် (ကျပ်ငွေတန်ဖိုးကျရင်) ရွှေစျေး တက်ခဲ့ပါတယ်။ အခုက ကမ္ဘာ့ရွှေစျေးလည်းတက်၊ ပြည်တွင်းကျပ်ငွေတန်ဖိုးကလည်း ကျနေတဲ့အတွက် သာမန်လူတန်းစားတွေ ရွှေဝယ်နိုင်ဖို့ အလှမ်းဝေးလာပါတယ်။

ပြည်တွင်း ရွှေချိန်တွယ်ရာမှာ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သား ၀ ဒသမ ၅၂၅ အောင်စ ရှိပါတယ်။အကြမ်းဖျင်းပြည်တွင်းရွှေစျေးကို (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း ×၀ ဒသမ ၅၂၅ ) နဲ့ တွက်ချက်နိုင်ပါတယ်။နိုင်ငံခြားငွေလဲနှုန်းစျေးကွက်အရ တဒေါ်လာ ပြင်ပပေါက်စျေး အဝယ်နဲ့ အရောင်း ကျပ် ၄,၀၀၀ဝန်းကျင် ရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။