မတ် -၂ ၊၂၀၂၆ ၊ရောင်နီ/People’s Spring
ဒီနေ့( မတ်လ ၂ရက်)မှာကျရောက်တဲ့ တပေါင်းလပြည့်နေ့နဲ့ တောင်သူ လယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက်ပုဒ်မ ၅၀(ည) ၊ ၅၂(က) တို့နဲ့ စွပ်စွဲဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတဝှမ်းက အကျဉ်းသူ၊အကျဉ်းသား ၇,၀၀၀ ကျော် ကို လွှတ်ပေးမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာပါတယ်။
အင်းစိန်မှာတော့ ဒီနေ့ နေ့လယ်ပိုင်း ၁၂ နာရီ မထိုးခင်မှာ အကျဉ်းသားတွေ စတင်လွတ်မြောက်လာတာတွေ့ရပါတယ်။
အဲဒီအကျဉ်းသားတွေထဲမှာ စစ်ကောင်စီကိုဆန့်ကျင်တာကြောင့် ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ပါဝင်မှုကိုတော့မသိရသေးပါဘူး။

Public Service Announcement
လွတ်မြောက်လာတဲ့အမျိုးသားတစ်ဦးပြောပြချက်အရတော့ ပုဒ်မ ၅၀ (ည) နဲ့ ထောင်ချထားသူ လူ ၂၀၀ ခန့် အင်းစိန်ထောင်ကနေ လွတ်မြောက်ဖို့ရှိနေတယ်လို့ သိရပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေ ပုဒ်မ ၅၀ (ည) ၊ ပုဒ်မ ၅၂(က) တို့နဲ့ ထောင်ချထားတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေ စုစုပေါင်း ၇,၃၃၇ ဦးကိုလွတ်ငြိမ်းပေးမယ်လို့စစ်ကောင်စီကကြေညာထားတာပါ။
အဲဒီပုဒ်မတွေဟာ စစ်ကောင်စီကို ပုန်ကန်ဆန့်ကျင်သူတွေ ၊ လက်နက်စွဲကိုင်တော်လှန်သူတွေ ကိုဖမ်းမိရင် ထောင်ချရာမှာ အသုံးပြုတဲ့ပုဒ်မတွေဖြစ်ပါတယ်။
NUG ၊ PDF နဲ့ လက်နက်ကိုင်အဖွဲ့တွေကို အားပေးထောက်ခံတယ်ဆိုပြီး ဖမ်းခံရသူတွေကိုလည်း ပုဒ်မ ၅၀ (ည) ၊ ပုဒ်မ ၅၂(က) နဲ့ တရားစွဲပြီး ထောင်ချတာတွေလည်းရှိခဲ့ပါတယ်။
ဒါအပြင် တော်လှန်ရေးအဖွဲ့တွေကို ငွေလှုတာ ၊ ဖေ့ဘွတ်ခ်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပို့စ်တွေကို ရေးသားတာ ၊ မျှဝေတာအပြင် Like လုပ်တာ ၊ မှတ်ချက်ဝင်ရေးတဲ့သူတွေကိုပါ အဲဒီပုဒ်မတွေသုံးပြီး စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတာပါ။
ပုဒ်မ ၅၀ (ည) ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်း ထိ ချနိုင်သလို ၊ ပုဒ်မ ၅၂(က) ကလည်း အနိမ့်ဆုံးထောင်ဒဏ် ၃ နှစ်ကနေ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်ထိ ချနိုင်တာလည်းဖြစ်ပါတယ်။
ဒီနေ့ စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ ပုဒ်မ ၅၀ (ည) ၊ပုဒ်မ ၅၂(က) တို့နဲ့ အမှု ဖွင့်ခံရသူတွေအတွက် ကြားနာဆဲ အမှု ၉, ၅၃၂ မှုကို ပိတ်သိမ်းပေးလိုက်တယ်လို့ စစ်ကောင်စီကဆိုပါတယ်။
“ စစ်ကောင်စီဟာ တောင်သူလယ်သမားနေ့ကို အကြောင်းပြပြီးလွှတ်သော်လည်းပဲမကြာခင်မှာ စစ်တပ်ဘက်ကနေ ဦးဆောင်ပြီးမှဖွဲ့စည်းမယ့် အစိုးရတစ်ရပ်မတိုင်ခင်မှာပြည်သူလူထုရဲ့အမြင်သဘောထား၊ နိုင်ငံတကာရဲ့ အမြင်သဘောထား (အပြုသဘောဆောင်တဲ့ သဘောထား) ရရှိဖို့ ကြိုးစားတဲ့ လုပ်ရပ်လို့ ထင်တယ်။ ဒီဧပြီလတွေဆိုရင်လည်း အစိုးရသစ်တစ်ရပ် တက်လာတာကို အကြောင်းပြပြီးမှ လွတ်ငြိမ်းချမ်းသာခွင့်တွေ ထပ်ပေးတာမျိုးတွေလည်း သူတို့ ဆက်လုပ်နိုင်တဲ့ အခြေအနေ ရှိပါတယ်ခင်ဗျာ။ သို့သော်ငြားလည်းပဲ အကျဥ်းထောင်တွေထဲမှာ ပုဒ်မများစွာနဲ့ ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတကြီးဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ များစွာကျန်ရှိနေတယ်။လွတ်လာရသူတွေအတွက် ဝမ်းသာရသလို ကျန်ရှိနေတဲ့သူတွေအတွက် ကျွန်တော်တို့ဆက်ပြီး တိုက်ပွဲဝင်ကြရမှာဖြစ်တယ်ဆိုတာ ပြောလိုပါတယ်။” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) စုဆောင်းထားတဲ့အချက်
အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမတရားဖမ်းဆီးထောင်ချခံရတဲ့ပြည်သူ
သုံးသောင်းကျော်ရှိပြီး ၊ဖမ်းဆီးထိန်းသိမ်းခံထားရဆဲနိုင်ငံရေးအကျဥ်းသား ၂၂၀၀၀ ကျော်ရှိပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေထဲက ၁၇၄ ယောက်ကို စစ်တပ်ကသေဒဏ်ပေးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၆၃၀၀ ကျော် ၊ကလေးငယ် ၆၃၀ ကျော်ပါဝင်ပါတယ်။
ဓါတ်ပုံ-PS




















































