Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ့စွမ်းအင်ကဏ္ဍရဲ့ အသက်ရှူလမ်းကြောင်း ဖြစ်တဲ့ ဟောမုဇ်ရေလက်ကြား

ဟောမုဇ်ရေလက်ကြား(Strait of Hormuz) ဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ အချက်အချာကျတဲ့ ရေလမ်းကြောင်းတခု ဖြစ်ပါတယ်။ရေလက်ကြားရဲ့မြောက်ဘက်မှာ အီရန်နိုင်ငံရှိပြီး တောင်ဘက်မှာတော့ အိုမန်နိုင်ငံနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ တည်ရှိပါတယ်။

-ကိုသုညံ ​ရေးသားသည်

ဟောမုဇ်ရေလက်ကြား(Strait of Hormuz) ဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ အချက်အချာကျတဲ့ ရေလမ်းကြောင်းတခု ဖြစ်ပါတယ်။ရေလက်ကြားရဲ့မြောက်ဘက်မှာ အီရန်နိုင်ငံရှိပြီး တောင်ဘက်မှာတော့ အိုမန်နိုင်ငံနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ တည်ရှိပါတယ်။

ဒီရေလက်ကြားဟာ ပါရှန်းကွေ့ (Persian Gulf) နဲ့ အိုမန်ကွေ့ (Gulf of Oman)တို့ကို ဆက်သွယ်ပေးထားပြီး အဲ့ဒီကမှတဆင့် အာရေးဗီးယားပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာထဲကို စီးဝင်သွားတာဖြစ်ပါတယ်။

ဒီရေလမ်းကြောင်းဟာ အကျဉ်းဆုံးနေရာမှာ ၂၁ မိုင်(၃၃ ကီလိုမီတာ)ခန့်သာကျယ်ဝန်းပါတယ်။ဒါပေမဲ့သင်္ဘောကြီးတွေဘေးကင်းကင်းသွားလာနိုင်တဲ့လမ်းကြောင်းကတော့အဝင်အထွက်တဖက်စီမှာ ၂ မိုင်စီသာကျယ်ပြီး အလယ်မှာ ၂ မိုင်ကျယ်တဲ့ ကြားခံနယ်မြေ (Buffer Zone) တခု ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဟောမုဇ်ရေလက်ကြားကို ကမ္ဘာ့စွမ်းအင်ကဏ္ဍရဲ့အသက်ရှူလမ်းကြောင်းလို့ တင်စားခေါ်ကြပါတယ်။ ကမ္ဘာပေါ်မှာ နေ့စဉ်သုံးစွဲနေကြရတဲ့ရေနံစုစုပေါင်းရဲ့ ၂၀ရာခိုင်နှုန်းခန့်(တရက်ကို ရေနံစည်ပေါင်း ၂၁ သန်းနီးပါး) ဟာ ဒီရေလက်ကြားကို ဖြတ်သန်းသွားနေရတာမို့ ကမ္ဘာ့စွမ်းအင်ကဏ္ဍရဲ့ အသက်ရှူလမ်းကြောင်းလို့ ခေါ်ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံးLNG(သဘာဝဓာတ်ငွေ့အရည်) တင်ပို့တဲ့ ကာတာနိုင်ငံရဲ့ ဓာတ်ငွေ့တွေဟာလည်း ဒီလမ်းကြောင်းကပဲ သွားရသလို ဆော်ဒီအာရေးဗီးယား၊ အီရတ်၊ ကူဝိတ် နဲ့ UAE တို့ရဲ့ ရေနံတင်ပို့မှုတွေဟာလည်း ဒီလမ်းကြောင်းကိုပဲ အဓိက မှီခိုနေရပါတယ်။

ဒါ့အပြင်အာရှနိုင်ငံတွေဖြစ်တဲ့တရုတ်၊ဂျပန်၊ အိန္ဒိယနဲ့ တောင်ကိုရီးယားတို့ဟာလည်း သူတို့လိုအပ်တဲ့ လောင်စာဆီ အများစုကို ဒီကနေပဲ ရယူနေရတာပါ။ တရုတ်၊ ဂျပန်၊ အိန္ဒိယနိုင်ငံတွေဟာ သူတို့ရဲ့ ရေနံလိုအပ်ချက်ရဲ့ ၈၀ ရာခိုင်နှုန်း နီးပါးကို ဒီလမ်းကြောင်းက သယ်ယူရတာဖြစ်လို့ အီရန်-အမေရိကန် စစ်ရေးပဋိပက္ခမှာ အထိနာဆုံးနိုင်ငံတွေ ဖြစ်လာနိုင်တယ်။

၂၀၂၄-၂၀၂၅ ခု စာရင်းတွေအရ အာရှထိပ်သီးနိုင်ငံတွေရဲ့ရေနံတင်သွင်းမှုတွေကိုကြည့်ရင် တရုတ်ဟာ ရေနံစိမ်းလိုအပ်ချက်ရဲ့ ၄၅ ရာခိုင်နှုန်းခန့်၊အိန္ဒိယဟာရေနံတင်သွင်းမှုရဲ့ ၅၀ ရာခိုင်နှုန်းကျော်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ ရေနံလိုအပ်ချက်ရဲ့ ၈၀ ကနေ ၉၀ ရာခိုင်နှုန်း အထိ ဒီလမ်းကြောင်းကနေ သယ်ယူနေရပါတယ်။

ဟောမုဇ်ရေလက်ကြားဟာအမြဲတမ်းတင်းမာမှုတွေ ရှိနေတတ်တဲ့ နေရာပါ။ အဓိကကတော့ အီရန်နဲ့ အမေရိကန်(သို့မဟုတ် အစ္စရေး)တို့ကြား ပဋိပက္ခတွေ ဖြစ်ပါတယ်။ ကမ္ဘာ့စွမ်းအင်ကဏ္ဍရဲ့ အသက်ရှူလမ်းကြောင်းလို့ တင်စားခေါ်ရတဲ့ ဟောမုဇ်ရေလက်ကြားအခုရက်ပိုင်းအတွင်းမှာပဲ အန္တရာယ်ရှိတဲ့ ရေလက်ကြား အဖြစ်ကို ပြောင်းသွားပါပြီ။

အီရန်ဟာ ဒီရေလက်ကြားရဲ့ ကမ်းရိုးတန်းအရှည်ကြီးကို ပိုင်ဆိုင်ထားတဲ့အတွက် ရေလမ်းကြောင်းကို ပိတ်ဆို့ဖို့ ဒါမှမဟုတ် နှောင့်ယှက်ဖို့ စစ်ရေးအရ အခွင့်အသာဆုံး ဖြစ်နေပါတယ်။အနောက်အုပ်စုက အီရန်ကို စီးပွားရေးပိတ်ဆို့တာ ဒါမှမဟုတ် စစ်ရေးအရ ဖိအားပေးလာရင်အီရန်က “ ဟောမုဇ်ရေလက်ကြားကို ပိတ်ပစ်မယ်” လို့ ခဏခဏ ခြိမ်းခြောက်လေ့ရှိပါတယ်။

ဒါဟာကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေတဲ့ နည်းဗျူဟာပဲ ဖြစ်ပါတယ်။အီရန်ကပိတ်မယ်လို့ ခြိမ်းခြောက်ပေမယ့် လက်တွေ့မှာ ရေလက်ကြားကို အချိန်အကြာကြီး ပိတ်ထားဖို့ဆိုတာ စစ်ရေးအရ သိပ်တော့မလွယ်ကူပါဘူး။

ဘာကြောင့်လဲဆိုရင်အမေရိကန်အမှတ်(၅)ရေတပ်စု (U.S. 5th Fleet)ဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ရေပြင်လုံခြုံရေး၊အထူးသဖြင့်ဟောမုဇ်ရေလက်ကြားလို အရေးပါတဲ့ ရေလမ်းကြောင်းတွေ မပိတ်သွားအောင် ထိန်းကျောင်းပေးနေလို့ပဲဖြစ်ပါတယ်။ အမေရိကန်ရဲ့ အမှတ် (၅) ရေတပ်စုဟာ အဆင့်မြင့် လေယာဉ်တင်သင်္ဘောတွေ၊ စစ်အင်အားအပြည့်အစုံတွေနဲ့ ဒီရေလမ်းကြောင်း မပိတ်သွားအောင် ၂၄ နာရီပတ်လုံး စောင့်ကြည့်နေပါတယ်။

တကယ်လို့ ဟောမုဇ်ရေလက်ကြားသာ အခုဖြစ်နေတဲ့ စစ်ပွဲကြောင့် ပိတ်သွားခဲ့ရင် တကမ္ဘာလုံးမှာ ရေနံဈေးနှုန်းတွေ အဆမတန် ထိုးတက်သွားပြီး စံချိန်တင်ဈေးနှုန်းတွေဖြစ်လာနိုင်ပါတယ်။ သယ်ယူပို့ဆောင်ရေးစရိတ်တွေ တက်လာတဲ့အတွက် တကမ္ဘာလုံးမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ ကြုံရနိုင်ပါတယ်။

တကယ်လို့ အီရန်ကသာ ဟောမုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်ရင်အန္တရာယ်အရှိဆုံးကတော့ ဒီလမ်းကြောင်းကို ပြန်ဖွင့်ဖို့အတွက် အမေရိကန်နဲ့ မဟာမိတ်တွေက စစ်ရေးအရ ကြားဝင်လာမှာဖြစ်လို့ တကမ္ဘာလုံးဆိုင်ရာ စစ်ပွဲအဖြစ်ရောက်သွားနိုင်ပါတယ်။

ဟောမုဇ်ရေလက်ကြားဟာ သာမန်ရေလမ်းကြောင်းတခု မဟုတ်ဘဲ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုကို ထိန်းကျောင်းပေးနေတဲ့ အချက် အချာနေရာတခု ဖြစ်ပါတယ်။

အီရန်နဲ့ အမေရိကန် (သို့မဟုတ် အစ္စရေး)တို့အကြား ဖြစ်နေတဲ့ စစ်ပွဲအတွင်း ရှိနေတဲ့ ဟောမုဇ်ရေလက်ကြားဟာ တကမ္ဘာလုံးရဲ့စီးပွားရေးအနာဂတ်ကိုဆုပ်ကိုင်ထားတဲ့ အချက်အချာကျသော နေရာတခုပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားနားမှာ တိုက်ခိုက်ခံခဲ့ရတဲ့ ထိုင်းကုန်တင်သင်္ဘောပေါ်က သင်္ဘောသား ၂၀ ဟာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားပြီဆိုတဲ့ ကောလာဟလတွေကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဗီဒီယိုတစ်ခုနဲ့ တုံ့ပြန် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နိုင်ငံ ပိုင်နက်ထဲမှာ တိုက်ခိုက် ဖျက်ဆီးပစ်ရမယ့် ပစ်မှတ်ပေါင်း ထောင်နဲ့ချီ ကျန်နေဆဲလို့ အစ္စရေးက ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ရေနံတင်ပို့မှု အဓိကဇုန်ဖြစ်တဲ့ ခါ့ဂ်ကျွန်းကို နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။