မတ်-၁၂၊ အိမ်သွင်၊ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နဲ့ မိုးကောင်းမြို့နယ် နမ္မတီမြို့အကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီ တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်အရာရှိ အပါအဝင် သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
မတ်လ ၁၁ရက် တိုက်ပွဲမှာ မြစ်ကြီးနားမြို့က အကျဲရွာ လက်ဝါးကပ်တိုင်ကုန်းတိုက်ပွဲမှာ စစ်ကောင်စီက ဗိုလ်မှူး တစ်ဦး အပါအဝင် စစ်ကောင်စီဘက်က သေဆုံးမှုရှိခဲ့တယ်ဆိုတဲ့ သတင်းအပေါ် စစ်ရေးသတင်းရင်းမြစ်က အခုလို ပြောတာပါ။
“အဲဒီ တဝိုက်စစ်ဖြစ်တာ သေချာတယ်။ ဗိုလ်မှူးအဆင့် သေတာလည်း မှန်တယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အကျဲရွာ တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုပါတယ်။
KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၁) ဒေသဖြစ်ပြီး စစ်ကောင်စီကစစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက People’s Spring ကို ပြောပါတယ်။
” ၁၀ရက်နဲ့ ၁၁ရက်မှာ တိုက်ပွဲဖြစ်ပါတယ်။ စစ်ကော်မရှင်က ဝင်လာလို့ တိုက်ပွဲဖြစ်တာပါ။ ထိခိုက်သေဆုံးတာ ရှိတယ်လို့ပြည်သူလူထုတွေက ပြောနေကြပြီး ဘယ်အဆင့်တွေလဲဆိုတာ မသိရသေးပါဘူး”လို့ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အကျဲကျေးရွာဟာ မြစ်ကြီးနားမြို့ကနေ (၁၂)မိုင်ခန့်အကွာ နမ္မတီးနဲ့ မြစ်ကြီးနားမြို့ကြားမှာရှိတာပါ။
KIAနဲ့စစ်ကောင်စီတပ်တို့ဟာ ဖားကန့်မြို့နယ် ဗန်းမော်မြို့နယ်၊ ဝိုင်းမော်မြို့နယ်တွေမှာလည်းတိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလျက်ရှိပါတယ်။


















































