Connect with us

Hi, what are you looking for?

သတင်း

ကလေးအကျဉ်းထောင်မှာ ဆေးကုသခွင့် လုံလောက်စွာမရလို့ နိုင်ငံရေးအကျဉ်းသားတစ်ဦး ကွယ်လွန်

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

(ကွယ်လွန်ခဲ့သူ နိုင်ငံရေး အကျဥ်းသား ကိုဝင်းမြင့်စိုးကို တွေ့ရစဥ်။ ဓာတ်ပုံ-PPNM)

​မတ်-၁၅၊ ၂၀၂၆။ ဇေအောင်/People’s Spring

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

ကိုဝင်းမြင့်စိုးဟာ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်မှာ ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ၃၀၂(က) တို့နဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရသူဖြစ်ပါတယ်။ ၎င်းဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီကစပြီး အသည်းခြောက်ခြင်းနဲ့ ရေဖျဉ်းစွဲခြင်း ဝေဒနာတွေကို အကျဉ်းထောင်အတွင်း ပြင်းထန်စွာ ခံစားခဲ့ရတယ်လို့ PPNMက ဆိုပါတယ်။

ရောဂါအခြေအနေ ဆိုးဝါးလာမှုကြောင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှာ ကလေးမြို့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပေမယ့် ဆေးရုံကဆင်းပြီး ထောင်ကို ပြန်ရောက်တဲ့ညမှာပဲ အသက်ရှုကျပ်ကာ ဝေဒနာပြန်လည်ခံစားခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ဆေးရုံသို့ ထပ်မံတင်ပို့ခဲ့ရပြီး ဆေးရုံအချုပ်ဆောင်မှာ ကုသမှုခံယူနေချိန် မတ်လ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း PPNMက ထုတ်ပြန်ပါတယ်။

“ကျန်းမာရေးအခြေအနေ ကောင်းမွန်လာတာမျိုး မရှိဘဲနဲ့ ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တယ်။ ပြီးတော့ ထောင်ထဲကိုပဲ ခေါ်ထားခဲ့တယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး သူတို့မှာလိုအပ်ချက်တွေ ရှိခဲ့တယ်လို့ မှတ်ချက်ပေးလိုပါတယ်။”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

​ထောင်အာဏာပိုင်တွေက ကိုဝင်းမြင့်စိုးရဲ့ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပေးအပ်ဖို့ ငြင်းဆန်ခဲ့တယ်လို့ PPNM က အသိပေးပါတယ်။

“သေမှုသေခင်းအတွက် ရဲလာမှာဖြစ်လို့ အလောင်းပြန်ပေးလို့မရကြောင်း၊ အလောင်းရလိုပါက တရားရုံးသို့ သွားရမှာဖြစ်ကြောင်း” အကြောင်းပြချက်နဲ့ ပယ်ချခဲ့ပြီး ဒီကနေ့ (မတ်လ ၁၅ ရက်)မှာ ကလေးမြို့၊ ကံပုလဲသုသာန်မှာပဲ အာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့သာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း PPNM က ဆိုပါတယ်။

ကလေးအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက “ဆေးရုံကဆင်းပြီး ထောင်ထဲရောက်တာနဲ့ ချက်ချင်း အသက်ရှူကျပ်လာတာ၊ အကျဉ်းထောင်တွင်း ဆေးကုသမှု အားနည်းချက်တွေနဲ့ လူသားချင်းစာနာမှု ကင်းမဲ့တဲ့ လုပ်ရပ်တွေက အဖိုးတန် အသက်တစ်ချောင်းကို ဆုံးရှုံးစေခဲ့တာပါ”လို့ PPNM သို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

​PPNM ကလည်း ယခုဖြစ်စဉ်ဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ ဆေးကုသခွင့် ပိတ်ပင်ထားခြင်းရဲ့ အကျိုးဆက်ဖြစ်ကြောင်းနဲ့ အကျဉ်းထောင်တွင်း လူမဆန်တဲ့ လုပ်ရပ်များအတွက် သက်ဆိုင်ရာ စစ်ကောင်စီနဲ့ ထောင်အာဏာပိုင်များမှာ တာဝန်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

PPNMရဲ့ စာရင်းများအရ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ အကျဉ်းထောင်အသီးသီးမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရှိမှုနဲ့ အရေးပေါ်ဆေးကုသခွင့် မရရှိမှုများကြောင့် နိုင်ငံရေးအကျဥ်းသား ၂၈ဦးအထိ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံအခြေအနေ တိုးတက်လာဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဒီကနေ့ကဆုန်လပြည့်နေ့မှာ အကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပေမဲ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပါဝင်လာခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။