မတိ-၁၈၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDFက ခေါ်ဆောင်သွားပြီး မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့ ဖားကန့်မြို့အခြေစိုက် သတင်းထောက် ကိုတာလင်းမောင်ဟာ ဒီကနေ့ မတ်လ ၁၈ရက် ညနေပိုင်းမှာပြန်လည် လွတ်မြောက် လာပြီလို့ သတင်းရရှိပါတယ်။
ကိုတာလင်းမောင်ဟာ မတ်လ၁၇ရက် ညနေပိုင်းမှာ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာမှာရှိနေစဉ် သေနတ်ကိုင်ထားတဲ့ လူ ၅ဦးက ဖမ်းဆီးသွားတာလို့ ၎င်းရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
KIAနဲ့ KPDF တပ်ဖွဲ့ဝင်တွေက စစ်ဆေးစရာရှိတဲ့အတွက်ဖမ်းဆီးသွားတာလို့ ပြောပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကိုဆက်သွယ်မေးမြန်းတာမှာလည်း အဆက်အသွယ်မရခဲ့ပါဘူး။

Public Service Announcement
ဒီကနေ့ မတ်လ၁၈ရက် ညနေပိုင်းမှာတော့ ကိုတာလင်းမောင်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း လူမှုကွန်ရက်ကတဆင့်အသိပေးထားပါတယ်။
” ကျနော် ခုပဲ ပြန်လွတ်ခဲ့ပါပြီ။ စိတ်ပူကြတဲ့မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျ”လို့ ကိုတာလင်းမောင်က ရေးသားထားပါတယ်။
ကိုတာလင်းမောင်ဟာ ပြန်ဆက်ဝန်ထမ်းတစ်ဦးဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းစစ်တပ်ကို CDM ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ တော်လှန်ရေးသတင်းသမားအဖြစ်လူသိများပြီး စစ်ကောင်စီကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေကို ထုတ်ဖော်ရေးထားနေသူဖြစ်ပါတယ်။ ဒေသတွင်းမှာ စစ်ကောင်စီကစစ်သားစုဆောင်းတာတွေနဲ့ KIAနဲ့ KPDF တပ်ဖွဲ့က စစ်သားစုဆောင်းတာတွေကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်နေသူဖြစ်ပါတယ်။
မတ်လ၁၇ရက်က ဖမ်းဆီမခံရမီ KIAနဲ့ KPDF တပ်ဖွဲ့က စစ်သားစုဆောင်းတာတွေကို လူမှုကွန်ယက်ကတဆင့် ဝေဖန်ခဲ့ပါတယ်။ အဲ့ဒီနောက် ပျောက်ဆုံးသွားပြီး ၂၄နာရီခန့်အကြာမှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
ကိုတာလင်းမောင်ဟာ ၎င်းရဲ့သူငယ်ချင်းမိတ်ဆွေဖြစ်တဲ့ ဖားကန့်အခြေစိုက်အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးနဲ့အတူ ၂၀၂၄ စက်တင်ဘာလကလည်း KIAရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ အဲဒီလိုဖမ်းဆီးမှုအတွက် KIAကို ဒေသခံတွေက ဝေဖန်ခဲ့ကြပြီး တစ်လခန့်အကြာမှာ ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။
ယခုတစ်ကြိမ်ဖမ်းဆီးခံရစဉ်မှာလည်း ကိုနောင်ရိုးအပြင် ဒေသခံတော်လှန်ရေးအင်အားစုတွေ၊ ဖားကန့်သပိတ်စစ်ကြောင်းတာဝန်ခံတွေက KIA နဲ့ KPDFကို ဝေဖန်ထောက်ပြခဲ့ကြပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။


















































