Connect with us

Hi, what are you looking for?

သတင်း

တောင်ဥက္ကလာပမှာလမ်းသွားနေတဲ့ လူငယ်တစ်ဦးကို စစ်သားတွေကထုရိုက်ပြီးပေါ်တာဆွဲ

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်မှာ ဧပြီ ၂ ရက် ညပိုင်းက လမ်းသွားနေတဲ့ လူငယ်တစ်ဦးကို စစ်သားတွေက ရိုက်နှက်ပြီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရန်ကုန်မြို့၊ ဗဟိုဘဏ်ရှေ့ ဆန္ဒပြသူများအနီး တွေ့ရသော တပ်မ(၇၇)မှ စစ်သားများကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ က တွေ့ရစဉ်။ ဓာတ်ပုံ-EPA

ဧပြီ−၄၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်မှာ ဧပြီ ၂ ရက် ညပိုင်းက လမ်းသွားနေတဲ့ လူငယ်တစ်ဦးကို စစ်သားတွေက ရိုက်နှက်ပြီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါ လူငယ်ဟာ ည ၉ နာရီအချိန်ခန့်က အလုပ်က နေအိမ်သို့ ပြန်လာနေစဉ် Inno City အရှေ့နားမှာဖမ်းဆီးခံရတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

“အဲဒီကောင်လေးက အလုပ်ကနေပြန်လာတာ။ Inno City အရှေ့ကနေ ဒီဘက်ခြမ်းကို ကားလမ်းကူးတယ့်အချိန်မှာ ကားပေါ်ကဆင်းပြီး ဆွဲတင်သွားတာ။ ဟိုကရုန်းတာပေါ့။ အဲဒါကိုထုရိုက်ပြီး တင်သွားတာကားပေါ်ကို” လို့ မျက်မြင်တွေ့ခဲ့သူတဦးက People’s Springပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့မတ်ကနေစပြီး တောင်ဥက္ကလာမြို့နယ်မှာ စစ်တပ်က အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ ခပ်စိတ်စိတ်ရှိနေပါတယ်။

ဒါ့အပြင် ဧည့်စာရင်းအကြောင်းပြပြီး လူငယ်တွေရဲ့စာရင်းကိုကောက်ယူနေပြီး စစ်မှုထမ်းဆင့်ခေါ်တာတွေရှိတာကြောင့်လူငယ်တွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

ရန်ကုန်မြို့မှာ စစ်တပ်က မတ်လကစပြီးရပ်ကွက်တစ်ခုကို လူ ၁၀ ဦး ပေါ်တာဆွဲခေါ်ဆောင်ပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

“တစ်ရက်ကို ဆယ်ယောက်ဆွဲခိုင်း​နေတယ်။ နေအိမ်​တွေကို လူစာရင်းတွေလိုက်တောင်းနေတယ်”လို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

စစ်မှုထမ်းအတွက်လူသစ်စုနိုင်ဖို့ ရပ်ကွက်အလိုက် လူဦးရေစာရင်းတွေ ပြန်စစ်ပြီး သတ်မှတ်ဦးရေ ပြည့်မီအောင် စုဆောင်းဖို့လည်း ညွှန်ကြားထားတယ်လို့ သူကဆက်ပါတယ်။

ဒီလိုညွှန်ကြားချက်တွေကြောင့် လူငယ်တွေအနေနဲ့ ရပ်ကွက်တွေထဲမှာ သတိထားသွားလာဖို့ ရပ်ကွက်နေပြည်သူတွေက အချင်းချင်း သတိပေးမှုတွေရှိနေပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ အရပ်ဝတ်လဲပြီး အိမ်စီးကားတွေနဲ့ လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်တာတွေရှိတယ်လို့ သိရပါတယ်။

လက်တလော ရန်ကုန်မြို့မှာ နေ့စဉ် လူငယ်တွေ ဖမ်းဆီးခံရပြီးဆက်တိုက် ပျောက်ဆုံးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

စစ်မှုထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ မတ်လမှာ စစ်မှုထမ်း အပတ်စဉ် (၂၃)ရောက်ရှိ ခေါ်ယူနေပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းခေါ်ဆောင်တာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်ယူပြီး လူစားထိုးမှုတွေလည်း များလာပါတယ်။

ငွေပေးဖို့ မတက်နိုင်တဲ့ အခြေခံလူတန်းစားတွေကတော့ စစ်တပ်က အဓမ္မဖိအားပေး စစ်မှုထမ်းခိုင်းတာကို ပေးစရာငွေမရှိတာကြောင့် လိုက်နေကြရပါတယ် ။စစ်တပ်က လစဥ်စစ်မှုထမ်းခေါ်တဲ့အပြင်လူငယ်တွေကိုအကြောင်းပြချက်မျိုးစုံ နဲ့ ပေါ်တာဆွဲတာတွေကိုလည်း စစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာဖြစ်နေပါတယ်။

စစ်တပ်ကလူငယ်တွေကို စစ်သင်တန်းပို့ပြီး ရှေ့
တန်းကိုစေလွှတ်စစ်တိုက်ခိုင်းတာကြောင့်သေဆုံးဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိနေပါတယ်။နိုင်ငံ့ရဲ့ဒေသအများစုမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်တပ်ကစစ်သားသစ်တွေကို ဆက်တိုက်ခေါ်ယူနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။