ဧပြီ−၆၊၂၀၂၆။ဇော်ဝင်း/People’s Spring
မကွေးတိုင်း၊ဆောမြို့မှာ သက်ငယ်မုဒိမ်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်ခဲ့သူကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရုံးက သေဒဏ်ချလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ၅လကျော်က အမှုကို ဒီကနေ့(ဧပြီ ၆ ရက်)မှာ အပြီးသတ်အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး တရားခံ အသက် (၂၁)နှစ်အရွယ် မင်းမင်းစိုးကို ရာဇသတ်ကြီးဥပဒေ ၃၀၂ (၁)(ဂ)ရဲ့အမြင့်ဆုံးပြစ်ဒဏ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ) အရ တခြားပြင်းထန်တဲ့ပြစ်မှုတစ်ခုခု (ဥပမာ- ဓားပြတိုက်မှု၊ မုဒိမ်းမှု) ကျူးလွန်ရင်း လူသတ်မှုပါ တပြိုင်တည်းကျူးလွန်တဲ့ လူသတ်မှု အမျိုးအစားဖြစ်ပါတယ်။ပြစ်မှုထင်ရှားရင် သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ် တစ်သက်တစ်ကျွန်းဒဏ်ချမှတ်နိုင်ပါတယ်။

Public Service Announcement
အခုအမိန့်ဟာ ဆောမြို့အပါအဝင် ယောနယ်(ဂန့်ဂေါ၊ထီးလင်း၊ဆော၊ကျောက်ထု၊ကျော)မှာ ပထမဆုံးအကြိမ် တရားရုံးကချမှတ်တဲ့ တရားဝင်သေဒဏ်ဖြစ်တယ်လို့လည်း သိရပါတယ်။
“သူ့(မင်းမင်းစိုး)မိသားစုကို သက်ဆိုင်ရာက အကြောင်းကြားတယ်။လာတွေ့ဖို့ခေါ်ပါတယ်။မလာကြပါဘူး”လို့ ဆောမြို့နယ်နေသူတစ်ဦးက ပြောပါတယ်။
သေဒဏ်အမိန့်ချခံရတဲ့ မင်းမင်းစိုးကိုယ်တိုင်လည်း ကျူးလွန်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ တရားခွင်ကိုရောက်ခဲ့သူက ပြောပါတယ်။
အမှုဖြစ်စဥ်အရ ၂၀၂၅ အောက်တိုဘာ ၂၁ ရက်မှာ ဆောမြို့သီရိ(ရတနာ)ရပ်ကွက်က အသက်(၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးကို မိသားစုချင်းရင်းနှီးမှုရှိတဲ့ မင်းမင်းစိုးက ခေါ်ဆောင်သွားရာ လေးရက်ကြာတဲ့အထိ အဆက်အသွယ်မရခဲ့ပါဘူး။
အဲဒီနောက် အောက်တိုဘာ ၂၅ ရက်မှာ ဆောမြို့ ပြည်သူ့ဆေးရုံဝင်းရဲ့ ဝန်ထမ်းအိမ်ယာအတွင်း မင်းမင်းစိုး ခေါ်ဆောင်သွားတဲ့ မိန်းကလေးကို သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။
ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က မင်းမင်းစိုးကို ဖမ်းဆီးပြီးနောက် အရေးယူဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊၃၀၂၊၂၀၁ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။


















































