Connect with us

Hi, what are you looking for?

သတင်း

ရေနံချက်စက်ရုံ မီးလောင်လို့ လောင်စာဆီ ရောင်းချမှု ကန့်သတ်ဖွယ်ရှိကြောင်း သတင်းတွေကို ဩစတြေးလျ ပယ်ချ

နိုင်ငံရဲ့ အကြီးဆုံး ရေနံချက် စက်ရုံမှာ မီးလောင်ခဲ့တဲ့နောက် ပြည်တွင်း လောင်စာရောင်းချမှုကို ကန့်သတ်ရနိုင်ကြောင်း ကောလာဟလတွေကို ဩစတြေးလျက ပယ်ချသွားခဲ့ပါတယ်။

ဓာတ်ပုံ - AFP

နိုင်ငံရဲ့ အကြီးဆုံး ရေနံချက် စက်ရုံမှာ မီးလောင်ခဲ့တဲ့နောက် ပြည်တွင်း လောင်စာရောင်းချမှုကို ကန့်သတ်ရနိုင်ကြောင်း ကောလာဟလတွေကို ဩစတြေးလျက ပယ်ချသွားခဲ့ပါတယ်။

ဧပြီ ၁၅ ရက် ညပိုင်းတုန်းက ဝိတိုရိယ ပြည်နယ်မှာ တည်ရှိတဲ့ ဗီဗာ ရေနံချက်စက်ရုံမှာ အကြီးစား မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ စက်ရုံမှာ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားခဲ့ရပြီး မီတာ ၈၀ လောက်ထိ ကြီးမားတဲ့ မီးတောက်မီးလျံတွေ ထိုးထွက်နေတာကို တွေ့ခဲ့ရကြောင်း မျက်မြင်တွေက ဆိုပါတယ်။

ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်က မီးလောင်မှုကြောင့် စက်ရုံတစ်ခုလုံး လည်ပတ်မှု ရပ်တန့်သွားတာ မဟုတ်ဘဲ ထုတ်လုပ်မှု လျော့ကျသွားတဲ့ အဆင့်သာ ရှိတယ်လို့ ဧပြီ ၁၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီ ရေနံချက် စက်ရုံဟာ ပုံမှန် လည်ပတ်နိုင်စွမ်းနဲ့ ယှဉ်ရင် ဓာတ်ဆီ ၆၀ ရာခိုင်နှုန်း၊ ဒီဇယ်နဲ့ လေယာဉ်ဆီ ၈၀ ရာခိုင်နှုန်းကို ဆက်လက် ထုတ်လုပ်ပေးနေဆဲလို့ သိရပါတယ်။

မဲလ်ဘုန်းမြို့ကနေ တစ်နာရီလောက် ကားမောင်းသွားရတဲ့ ခရီးအကွာအဝေးမှာ ရှိနေတဲ့ ဂီလောင်မြို့က ရေနံချက်စက်ရုံ မီးလောင်မှုကြောင့် ဩစတြေးလျမှာ လောင်စာဆီ ပြတ်လပ်ပြီး ခွဲတမ်းနဲ့ ကန့်သတ် ရောင်းချရတာတွေ ဖြစ်လာနိုင်ကြောင်း ကောလာဟလတွေ အစောပိုင်းမှာ ထွက်ပေါ်ခဲ့ပါတယ်။ ဩစတြေးလျဟာ လောင်စာဆီ လိုအပ်ချက်ရဲ့ ၈၀ ရာခိုင်နှုန်းကို ပြည်ပက တင်သွင်းနေရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဩစတြေးလျရဲ့ အကြီးဆုံး ရေနံချက်စက်ရုံဖြစ်တဲ့ ဗီဗာရဲ့ ပုံမှန် ထုတ်လုပ်နိုင်စွမ်းကတော့ တစ်နေ့ကို လောင်စာဆီ စည်ပေါင်း ၁၂၀၀၀၀ လောက် ဖြစ်ပါတယ်။ မီးလောင်မှုဟာ စက်ရုံရဲ့ ဓာတ်ဆီ ချက်လုပ်တဲ့ ပင်မ ယူနစ် နှစ်ခုကို အဓိက ပျက်စီးစေခဲ့တယ်လို့ ဝန်ကြီးချုပ် အယ်လ်ဘန်နိစ်က ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံအပြီးမှာ ပြောကြားခဲ့ပါတယ်။

အဲဒီစက်ရုံက ထုတ်လုပ်တဲ့ လောင်စာဆီတွေဟာ ဩစတြေးလျမှာ ဒုတိယ လူဦးရေ အများဆုံး ပြည်နယ်ဖြစ်တဲ့ ဝိတိုရိယရဲ့ လောင်စာ လိုအပ်ချက် ထက်ဝက်ကို ဖြည့်တင်းပေးပြီး တစ်နိုင်ငံလုံး အတိုင်းအတာရဲ့ ၁၀ ပုံ ၁ ပုံလောက်ကို ဖူလုံစေပါတယ်။

စက်ရုံမီးလောင်သွားလို့ လောင်စာဆီ ဖြန့်ဖြူးရောင်းချမှု လုပ်ငန်းစဉ်တွေမှာ ဘာအပြောင်းအလဲမှ ရှိလာမှာ မဟုတ်ကြောင်း အယ်လ်ဘန်နိစ်က ဆိုပါတယ်။ အစိုးရ အနေနဲ့ လောင်စာဆီ အကျပ်အတည်းတွေ ဆိုးရွားလာရင် ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်ဖို့ အဆင့် ၄ ခု ကြိုတင်ပြင်ဆင် သတ်မှတ်ထားကြောင်း၊ အဲဒီထဲမှာ လောင်စာဆီ သုံးစွဲမှုကို ကန့်သတ် လျှော့ချမယ့် အစီအမံတွေလည်း ပါဝင်ကြောင်း၊ ဒါပေမဲ့ လက်ရှိ အချိန်ထိတော့ ဘာအပြောင်းအလဲမှ မရှိသေးကြောင်း သူက ဆိုပါတယ်။

တကယ်လို့ အပြောင်းအလဲ အစီအမံတွေ ကျင့်သုံးရမယ် ဆိုရင်တောင်မှ အကြောင်းရင်းဟာ နိုင်ငံတကာ ဖြစ်စဉ်တွေနဲ့သာ သက်ဆိုင်ပြီး ပြည်တွင်းက ရေနံချက်စက်ရုံ မီးလောင်မှုကြောင့်တော့ မဟုတ်နိုင်ကြောင်း ဝန်ကြီးချုပ်က ရှင်းလင်းသွားပါတယ်။

ဗီဗာ စွမ်းအင်ကုမ္ပဏီ အမှုဆောင်ချုပ် စကော့ဝတ်ထ်က လောင်စာဆီ ချက်လုပ်တဲ့ စနစ်တွေ ပြန်လည် ပြင်ဆင်ပြီး ဘေးကင်းကင်းနဲ့ အင်ပြည့်အားပြည့် ထုတ်လုပ်မှုတွေ ပြန်စနိုင်ရေး ဆောင်ရွက်နေပြီလို့လည်း ကြေညာထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံတကာ ရေနံ အကျပ်အတည်း ပိုမိုဆိုးရွားလာချိန်မှာ မလေးရှားဟာ ဇီဝလောင်စာကို ပိုမို မှီခိုနိုင်ဖို့ ကြိုးစားလာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

လောင်စာ ချွေတာရေး အစီအစဉ် တစ်ခုအဖြစ် အစိုးရ ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ခိုင်းမယ်လို့ မလေးရှား အစိုးရက ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

မတ်လဆန်းက စတင်ခဲ့တဲ့ စက်သုံးဆီအကျပ်အတည်း ရက်သတ္တပတ် ၂ ပတ်ကျော်လာတဲ့အချိန်မှာတော့ မန္တလေးမြို့မှာ စက်သုံးဆီအကျပ်အတည်းဟာ ပိုမိုဆိုးရွားလာခဲ့ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

သတင်း

စက်သုံးဆီအခက်အခဲနဲ့ နေ့စဥ်မောင်းနှင်ခွင့်ရမယ့် ကန့်သတ်ချက်တွေကြောင့် လျှပ်စစ်ကား (EV)စျေးကွက်ဟာ နှစ်ပတ်ကျော်အတွင်း ကျပ်သိန်းထောင်ကျော်အထိ စျေးတက်လာတယ်လို့ မော်တော်ယာဥ် အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။