ဧပြီ – ၂၇ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring
အမျိုးသားစာပေဆုရှင် စာရေးဆရာ (ဦး) တင်ညွှန့် နဲ့ စာအုပ်ထုတ်ဝေရေးလုပ်ကိုင်နေသူ သားဖြစ်သူတို့ကို ဧပြီလ ၂၃ ရက်က ရန်ကုန်မြို့ ၊ သန်လျင်မြို့နယ်မှာရှိတဲ့နေအိမ်မှာ စစ်တပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူအချို့ထံကသိရပါတယ်။
အဲဒီနေ့ မနက်ပိုင်း နေအိမ်မှာလာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး စာရေးဆရာတင်ညွှန့်နဲ့အတူ သားဖြစ်သူပါ ဖမ်းခံရတာပါ။
ဒါအပြင် ဆရာရဲ့ စာအုပ်တွေကို အွန်လိုင်းက တဆင့် စာအုပ်ရောင်းချပေးနေတဲ့ အမျိုးသမီးတစ်ဦးကိုပါ စစ်တပ်က ဆက်လက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
“စစ်တပ်ကိုဝေဖန်တဲ့ စာအုပ်တွေရေးသားလို့ ဖမ်းတာလို့ကြားတယ်၊ သားဖြစ်သူကတော့အဲစာအုပ်တွေထုတ်ဝေလို့ပါ၊ နောက်တယောက်ကတော့ စာအုပ်တွေရောင်းလို့ပါ”လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။
စစ်တပ်က စာရေးဆရာတင်ညွန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှု ဖွင့်ထားပေမယ့် ကျန်နှစ်ဦး ရဲ့ပုဒ်မ တွေကိုတော့ မသိရပါဘူး။
စာရေးဆရာတင်ညွှန့်ဟာ ဖမ်းဆီးခံရချိန်မှာ အသက် ၇၁ နှစ်ရှိပါပြီ။
သူ့ဟာ ၂၀၁၇ ခုနှစ်မှာ အမျိုးသားစာပေဆုကို ကျောင်းဆရာ မှတ်တမ်းစာအုပ်နဲ့ ရရှိခဲ့ပါတယ်။ သူ့ရေးသားတဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးရာမှာလည်း အောင်မြင်ခဲ့ပါတယ်။
ဓာတ်ပုံ – Tin Nyunt/FB


















































