မေ-၄၊၂၀၂၆။ဇော်ရမ်း/People’s Spring
ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ ဒီနေ့မနက်အစောပိုင်းကစတင်ပြီး စစ်တပ်စခန်းတွေကို KIA၊KPDFက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။
မေလ ၄ ရက်မနက် ၅နာရီ ၂၀ မိနစ်ကစပြီး မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့တာကနေ မနက်၁၀နာရီခန့်အထိ သေနတ်ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ပြီးခဲ့တဲ့သုံးရက်လောက်ကတည်းကစပြီး စစ်ဆိုင်ထားတာ။ ဒီမနက်စပြီး တိုက်ပွဲဖြစ်တာ။ ပြင်းပြင်းထန်ထန်ဖြစ်နေပြီး လက်နက်ကြီးတွေလည်း ကျနေတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်က လုံးခင်းကျေးရွာအတွင်း ဂေါက်ကွင်းနဲ့ မှောစီဆာအနီးမှာ အများဆုံးတပ်စွဲထားပြီး အဲ့ဒီဝန်းကျင်ကို KIA၊KPDFက ဝိုင်းပိတ်ထားတယ်လို့ သိရပါတယ်။
“စစ်ဆိုင်ထားတဲ့နေရာက ပြည်သူတွေ ရှောင်ကြဖို့ KIA၊KPDFက သတိပေးထားပြီး စစ်တပ်ကကြ ပြည်သူတွေကို ပိတ်ထားတယ်။ တိုက်ပွဲက ပြင်းတယ်။ စစ်တပ်က ဆက်ပိတ်ထားရင် အရပ်သားတွေ ဒုက္ခရောက်နိုင်တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဖားကန့်မှာ ဧပြီလ၂ရက်က စတင်ပြီး တိုက်ပွဲတွေပြန်လည်ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။ လုံးခင်းကျေးရွာအုပ်စုကို စစ်တပ်ကထိန်းချုပ်ထားပြီး ကနဦးကာလမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မြေပြင်တိုက်ပွဲ ရပ်သွားပြီး စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကိုKIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ကလည်း လက်နက်ကြီး၊ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။စစ်ရေးတင်းမာနေတဲ့ကာလအတွင်း KIA၊KPDFက အင်အားများအပြားဖြည့်တင်းပြီး ဒီနေ့မနက်ပိုင်းမှာ တကျော့ပြန်ထိုးစစ်ဆင် တိုက်ခိုက်တာလို့ စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။
“စစ်တပ်ကလည်း အများကြီးတပ်စွဲထားတယ်။ KIA၊KPDFကလည်း အင်အားများတယ်။ စစ်ရေးက အပြင်းထန်ဆုံးဖြတ်လာဖို့ရှိတယ်”လို့ ဒေသခံတဦးကပြောပါတယ်။
ဒါအပြင်စစ်တပ်အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း KIAက ဧပြီလ၂၂ရက်နေ့ကစပြီးယာယီပိတ်ထားပါတယ်။ လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားတာမို့ ဒေသခံတွေနဲ့ခရီးသွားပြည်သူတွေလိုက်နာကြဖို့ သတိပေးထားပါတယ်။ KIA က ယာယီပိတ်ပြီးတဲ့နောက်ပိုင်းအဲ့ဒီလမ်းပိုင်းကို ဖြတ်တဲ့ အရပ်သား ကား နှစ်စီးကို စစ်တပ်က ပစ်ခတ်လို့ ခရီးသွားအမျိုးသမီး တစ်ဦးသေဆုံးပြီးသုံးဦး ဒဏ်ရာရခဲ့ပါတယ်။
တိုက်ပွဲဆက်ပြင်းထန်နေလို့ လေကြောင်းရန် သတိပြုကြဖို့လည်း KIA၊KPDFက သတိပေးထားပါတယ်။


















































