မေ ၁၀၊၂၀၂၆။ သုည/People’s Spring
ဒီကနေ့မနက်က အမေရိကန်မှာ ထိုးသတ်ခဲ့တဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ပြိုင်ဘက်ဂျပန်ဖိုက်တာ တက်ဆူရိုကို နောက်ဆုံးအချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဂျိုရှုအာဗန်နဲ့ တက်ဆူရိုတိုင်ရာတို့ဟာ ဒီကနေ့ မနက်ပိုင်းက အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် Newark မြို့ရှိ Prudential Centerမှာ ကျင်းပတဲ့ UFC 328 ပြိုင်ပွဲရဲ့ ဒုခေါင်ပွဲအဖြစ် ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။
ပွဲအစ ပထမအချီမှာ တက်ဆူရိုဟာ ၎င်းအားသာတဲ့ ချုပ်ကွက်နဲ့ ဗန်ကို အနိုင်ယူဖို့ ကြိုူစားခဲ့ပေမယ့်လည်း ဗန်က နှစ်ကြိမ်လုံး ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒုတိယအချီပြီးခါနီးမှာတေ့ ဗန်ရဲ့ ညာထောက်လက်သီးချက်ကြောင့် တက်ဆူရို လဲကျခဲ့တဲ့အချိန် ပွဲကို အဆုံးသတ်ဖို့ ဗန် ကြိုးစားခဲ့ပေမယ့်လည်း ပွဲချိန်ပြည့်သွားလို့ တက်ဆူရို ကံကောင်းခဲ့ပါတယ်။

Public Service Announcement
တတိယအချီမှာတော့ ဗန်က အသာစီး ထိုးသတ်နိုင်ခဲ့ပြီး ဘယ်၊ ညာ လက်သီးတွဲလုံးတွေကြောင့် တက်ဆူရို လဲကျချိန် လည်ပင်းသိုင်းဖတ်ကာ ဂျူဂျစ်ဆုနည်းနဲ့ အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် တက်ဆူရိုက ပြန်ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗန်ရဲ့ လက်သီးချက်တွေကြောင့် တက်ဆူရိုရဲ့ မျက်နှာတစ်ခုလုံး ဖူးယောင်ခဲ့ပါတယ်။
စတုတ္ထအချီတွေမှာတော့ တက်ဆူရိုဟာ ဗန်ကို ချုပ်ဖို့ ကြိုးစားပေမယ့်လည်း အားမပါနိုင်တော့ဘဲ ဗန်ရဲ့ ထိုးသတ်ချက်တွေသာ အလူးအလဲခံခဲ့ရပါတယ်။ နောက်ဆုံးအချီမှာတော့ ဗန်ရဲ့ ဘယ်၊ ညာ လက်သီးချက်တွေကြောင့် တက်ဆူရို ဒူးထောက်ကျခဲ့ချိန် ဒိုင်က ဆက်ပြိုင်ခွင့်မပေးတော့ဘဲ ဗန်ကို အနိုင်ပေးခဲ့ပါတယ်။
ဂျိုရှူအာဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့ပြီးနောက် ပထမဆုံး ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ခဲ့တာပါ။
ဒီပွဲမှာလည်း ပြိုင်ဘက်ကို အနိုင်ယူကာ ချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့သလို UFC ၇ ပွဲဆက် အနိုင်ရတဲ့ စံချိန်ကိုလည်း တင်နိုင်ခဲ့ပါတယ်။
ဗန်ဟာ ပွဲကြိုအင်တာဗျူးမှာ ကြုံးဝါးထားတဲ့အတိုင်း တတိယအချီအတွင်း အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း တက်ဆူရိုရဲ့ ကောင်းမွန်မှုနဲ့ နည်းပြတွေရဲ့ အကြံပေးမှုကြောင့် နောက်ဆုံးမှာ အနိုင်ရခဲ့တယ် လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့တာပါ။
UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးUFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ပထမဆုံးချန်ပီယံဖြစ်ခဲ့တာပါ။
အသက် ၂၅နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၁ ပွဲအထိ ထိုးသတ်ထားပြီး ၁၀ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားပါတယ်။
ဗန်ဟာ မြန်မာပြည်ဖွားတိုင်းရင်းသား ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ငယ်စဉ်ကတည်းက မိသားစုနဲ့ အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုချစ်တဲ့ ဗန်ဟာ UFC ပြိုင်ပွဲ အောင်ပွဲခံတိုင်း မြန်မာအလံနဲ့ အတူ အောင်ပွဲခံလေ့ရှိသူ ဖြစ်ပြီး ဒီပွဲမှာ မြန်မာအလံခြုံပြီး အောင်ပွဲခံခဲ့ပါတယ်။





















































