မေ-၁၁၊၂၀၂၆။ဇော်ရမ်း/People’s Spring
ငဖဲမြို့နယ်ထဲကကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ(၁၄)ကိုရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အာဏာသိမ်းစစ်တပ်က ကပစ(၁၄)ပတ်ဝန်းကျင်မှာ ကာကင်းစခန်းတွေ ထပ်မံဆောက်လုပ် နေပါတယ်။
ချင်းကာကွယ်ရေးတပ် – အရှို( CDF – Asho )နဲ့ လူ့ဘောင်သစ်တပ်မတော်( NSA )တို့ ပူးပေါင်းပြီး ဧပြီလ၂၀ ရက်မှာ ကပစ(၁၄)ကိုရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ခဲ့တာပါ။
ကာကွယ်ရေးပစ္စည်းသိုလှောင်ရုံနဲ့ထုတ်လုပ်ရေးစက်ရုံနေရာတွေကို ဦးတည်ပစ်ခတ်ခဲ့ပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသလို ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးနဲ့အခြားအဆင့်နှစ်ဦးသေဆုံးခဲ့တယ်လို့ CDF -အရှိုထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးလည်း ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

Public Service Announcement
စစ်တပ်က တိုက်ခိုက်ခံပြီးနောက်ပိုင်းမှာတော့ကပစ(၁၄)ပတ်ဝန်းကျင်မှာ ကာကင်းတွေ ထပ်ဆောက် နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
“ပန်းတောင်းကကပစ(၁၆)ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဖိအားပေးပြီးတိုက်နေချိန်မှာ (၁၄)ကို စစ်တပ်ကတော်တော်လေးသတိထားနေတယ်။ကာကင်းတွေ ထပ်ဆောက်နေတယ်။ အဲ့ဒီမှာ စစ်မှုထမ်းသင်တန်းဆင်းတွေကိုထားတာ။မကွေးနဲ့ပဲခူးကလူတွေကိုမထားဘူး။ မွန်တို့ကရင်တို့ဘက်ကနေဆွဲလာတဲ့သူတွေကိုထားတာ”လို့ငဖဲမြို့ခံသတင်းရင်းမြစ်ကပြောပါတယ်။
အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေဟာပဲခူးတိုင်း ပန်းတောင်းမြို့က ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ကပစ(၁၆)ရဲ့ကာကင်းစခန်း၆၆၆ ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာသိမ်းယူခဲ့ပြီးတဲ့နောက် မေလဆန်းမှာ ကပစ(၁၆)အနီးက ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်းလေးခုကို ထပ်မံသိမ်းယူခဲ့ပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်ကသေဆုံးသူ၂၀ထက်မနည်းရှိခဲ့တယ်လို့ AAရဲ့ စစ်ရေးသတင်းတွေကိုဖော်ပြပေးနေတဲ့ Arakan Princess Media က ဓာတ်ပုံမှတ်တမ်းတွေနဲ့ထုတ်ပြန်ထားပါတယ်။
စစ်တပ်မှာ ကပစစက်ရုံ ၂၅ ခုရှိပြီး ပန်းတောင်းမြို့နယ်အပါအဝင် ပဲခူးတိုင်းထဲမှာ ၇ရုံ၊ မကွေးတိုင်းမှာ ၁၅ ရုံ၊ ပဲခူးနေပြည်တော်(တပ်ကုန်း)မှာ ၂ ရုံ၊ ရန်ကုန် (တိုက်ကြီး)မှာ ၁ ရုံ ရှိပါတယ်။
ကပစ(၂၁)အပါအဝင်မကွေးတိုင်းထဲကကပစစက်ရုံတချို့ကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဒုန်းနဲ့တိုက်ခိုက်တာတွေ၊ ကပစတွေဆီကိုသွားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကိုဖြတ်တောက်တဲ့ စစ်ဆင်ရေးတွေဖော်ဆောင်နေပါတယ်။
ငဖဲမြို့နယ်မှာ ကအစ(၁၄)အပြင် ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဆက်စပ်ဒေသမှာ စစ်ရေးအရအချက်အချာကျတဲ့ နတ်ရေကန်ဗျူဟာလည်း ရှိနေပါတယ်။ နတ်ရေကန်ဗျူဟာ AAနဲ့ မဟာမိတ်တွေက ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီကလေကြောင်းကနေ နေ့စဉ်ဗုံးကြဲခုခံနေပါတယ်။

















































