မေ-၂၇၊၂၀၂၆။မိုမို/People’s Spring
မွန်ပြည်နယ်၊ ရေးမြို့နယ်က ရေးဘီလူးတပ်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၁၀ ဦးထက်မနည်းထိခိုက် သေဆုံးတယ်လို့ သိရပါတယ်။
ဒီကနေ့(မေလ ၂၇ ရက်) မနက်အစောပိုင်းက ကင်ပွန်းကျေးရွာအနီးက ရေးဘီးလူတပ်စခန်းနေရာကို အာဏာသိမ်းစစ်တပ်က ဗုံးအလုံးရေ ဆယ်နဲ့ချီသုံးပြီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သူရဲ့လူမှုကွန်ယက်က တဆင့် ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ အတည်ပြုထားပါတယ်။

Public Service Announcement
ဒါပေမယ့် ထိခိုက်သေဆုံးမှု အရေအတွက် နဲ့ ပျက်စီးမှုအခြေအနေ အသေးစိတ်ကို လူထုနွေဦးက သီးခြားဆက်သွယ်မေးမြန်းဆဲ ဖြစ်ပါတယ်။
“သေဆုံးတဲ့သူ ခြောက်ယောက်ရှိတယ်လို့ ကနဦးကြားရတယ်။ထိခိုက်သူတွေလည်းရှိတယ်။၁၀ ဦးကျော်တယ်”လို့ ရေးဘီလူးတပ်ဖွဲ့ နဲ့ နီးစပ်သူက ပြောပါတယ်။
ရေးမြို့နယ်က အာဏာသိမ်းစစ်တပ် အခြေစိုက် နေရာတွေ နဲ့ စစ်တပ်ထောက်တိုင်တွေကို ရေးဘီလူးတပ်က တိုက်ခိုက်နေတာဖြစ်ပါတယ်။
အခုမေလ ၁၁ ရက်က လမိုင်းမြို့ရဲစခန်းအနီးမှာ ရေးမြို့နယ်အခြေစိုက် အမှတ်(၁၀၆) ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူး တပ်ဖွဲ့က အသိပေးထားပါတယ်။
ရေးမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)နဲ့ လက် အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၆၁၊ ခလရ ၁၀၆၊ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ ၅၈၈၊ ခမရ -၂၈၇ ၊ အမြောက်တပ်ရင်း အမှတ် ၃၁၆ နဲ့ ၃၁၇ တပ်ရင်းတွေ ရှိပါတယ်။
စစ်တပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။


















































