ဇွန် -၁၊၂၀၂၆။ဖိုးသား/People’s Spring
စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့အနီး အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၆၈)တပ်ရင်း ကွပ်ကဲမှုခံယူထားတဲ့ SNA တပ်မဟာ(၇၅၃)က တပ်သား ၃ဦးကဟာ မေလတတိယပတ်မှာ အလင်း၀င်လာတာလို့ ဆိုပါတယ်။
“ခုသုံးယောက်က လက်နက်မပါဘူး။အရင်၀င်တာလည်း များတယ်။ သတင်းမထုတ်တာပဲရှိတာ”လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement
ပြည်သူ့စစ်တို့ရဲ့ အနိုင်ကျင့်မှုနဲ့ ရှမ်းနီအမျိုးသားရေးလို့ဆိုကာ အထက်အဆင့်ဆင့်လူကြီးတွေရဲ့စီးပွားရေးနဲ့ အာဏာပါဝါပြဖို့ ခိုင်းစေခံနေရတယ်လို့ ပူးပေါင်းလာတဲ့သူ ၃ဦးက ဖွင့်ဟပါတယ်။
ဒါ့အပြင် ရှမ်းနီကို နယ်မြေပေးမယ်ဆိုတဲ့ စစ်တပ်က SNA ကို ဖောင်းပြင်မြို့အတွင်း လွတ်လွတ်လပ်လပ် မသွားလာခိုင်းပဲ ကန့်သတ်ထားတယ်လို့လည်း ဆိုပါတယ်။
အလင်းဝင်လာတဲ့ SNA ရဲဘော်တွေဟာ သူတို့နေထိုင်ချင်တဲ့ ရပ်ရွာဒေသတွေမှာ ကောင်းမွန်အေးချမ်းစွာ နေထိုင်နေကြပြီး တော်လှန်ရေးကို တတ်နိုင်သလောက်ကူညီပေးနေတယ်လို့ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဗန်းမောက် နဲ့ ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် စတဲ့ ဒေသတွေမှာ SNA က စစ်တပ်နဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။
စစ်တပ်ဟာ SNA တပ်ကတဆင့် စစ်သားစုဆောင်းပြီး လက်နက်တပ်ဆင်ပေးကာ တော်လှန်ရေးအင်အားစုရဲ့ တိုက်ခိုက်မှုတွေကို ခုခံနေတယ်လို့ စုံစမ်းသိရပါတယ်။


















































