ဇွန်-၂၊၂၀၂၆။People’s Spring
မြေရှားသတ္တု နဲ့ တခြား မဟာဗျူဟာအရ အရေးပါတဲ့ ဓာတ်သတ္တုတွေ ရှာဖွေ ထုတ်လုပ်ရေးမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနဲ့ ညှိနှိုင်းသဘောတူခဲ့တယ်လို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ဇွန်လ ၁ ရက်နေ့ ဆွေးနွေးမှုတွေမှာ အဲဒီကိစ္စကို ညှိနှိုင်းခဲ့တာလို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းရေးမှူး ဗစ်ခ်မ် မီဆရီက အတည်ပြုခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာမိုဒီ နဲ့ တွေ့ဆုံပြီးနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့တာပါ။
ဆွေးနွေးကြတဲ့ အကြောင်းအရာတွေထဲမှာတော့ မြေရှားသတ္တုနဲ့ တခြား အရေးကြီးတဲ့ မဟာဗျူဟာ ဓာတ်သတ္တုတွေ ပူးပေါင်း ထူတ်လုပ်ရေး ကိစ္စတွေလည်း ပါဝင်ခဲ့ကြောင်း၊ တကယ်တော့ အဲဒီကဏ္ဍနဲ့ ပတ်သက်လို့ ညှိနှိုင်းနေခဲ့တာ အချိန်အတိုင်းအတာ တစ်ခုထိ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ အခုတွေ့ဆုံမှုမှာတော့ နှစ်ဖက်ကြား မြေရှားသတ္တု ကိစ္စနဲ့ ပတ်သက်ပြီးအပြန်အလှန်ဆက်လက် ချိတ်ဆက်နေကြဖို့၊ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့ နားလည်မှုရယူနိုင်ခဲ့ကြောင်းမီဆရီကပြောကြားခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မြေရှားသတ္တုတွေကို အိန္ဒိယ ကုမ္ပဏီတွေက ထုတ်လုပ်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးတော့ အိန္ဒိယဖက်ကပြောကြားမသွားသလိုသဘောတူညီမှုရဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း မထုတ်ပြန်ပါဘူး။
မြေရှားသတ္တုတွေဟာ မိုဘိုင်းဖုန်းချစ်ပ်တွေ၊ သန့်စင်စွမ်းအင် နည်းပညာတွေ၊ လျှပ်စစ်ကားတွေကနေ မျိုးဆက်သစ် တိုက်လေယာဉ်တွေ ထုတ်လုပ်ဖို့အထိ မရှိမဖြစ် လိုအပ်လာတဲ့ ဓာတ်သတ္တု အမျိုးအစားတွေပါ။ တရုတ်ဟာ မြေရှားသတ္တု သန့်စင်မှု နည်းပညာမှာ ဦးဆောင်နေသလို နိုင်ငံတကာ တင်ပို့မှု စျေးကွက် တစ်ခုလုံးနီးပါးကိုလည်း ချုပ်ကိုင်ထားပါတယ်။ ဒါကြောင့်လည်း အိန္ဒိယ အပါအဝင် ကမ္ဘာ့ထိပ်တန်း စက်မှုအင်အားကြီး နိုင်ငံတွေဟာ တရုတ်ကို အလွန်အကျွံ မှီခိုနေရမှုကို လျှော့ချဖို့အတွက် တခြား အရင်းအမြစ်တွေကို ရှာဖွေနေပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းမှာတော့ မြေရှားသတ္တုရိုင်းတွေ တည်ရှိနေပြီး တူးဖော်ရရှိသမျှ အများစုကိုတော့ လောလောဆယ် တရုတ်နိုင်ငံဆီကိုပဲ တင်ပို့နေပါတယ်။ ဒါအပြင် မြေရှားသတ္ထုအများဆုံးထုတ်ယူနေတဲ့ကချင်ပြည်နယ် ပန်ဝါဒေသကိုလည်း KIA ကသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေရှားတူးဖော်မှုတွေကလည်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ထိန်းချုပ်ဧရိယာတွေမှာပဲဖြစ်ပါတယ် ။
မီဆရီက မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း အိန္ဒိယနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွေကိုပါ ဆွေးနွေးခဲ့ကြောင်းဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယဖက်က အဓိက အလေးထားခဲ့တာက လေ့ကျင့်ရေး၊စွမ်းရည် တည်ဆောက်ရေးတို့လိုအပိုင်းတွေ အတွက်သာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးကြီးတဲ့ အပိုင်းတစ်ခုကတော့ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေနဲ့ ကိုက်ညီအောင် ကူညီ လေ့ကျင့်ပေးရေး ဖြစ်တယ်လို့ မာဆရီက ဆိုပါတယ်။
အိန္ဒိယနဲ့ မြန်မာတို့ဟာ ၁၆၄၃ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်မျိုး ထိစပ်နေတာကြောင့် နယ်စပ်လုံခြုံရေး ကိစ္စတွေမှာအပြန်အလှန်ညှိနှိုင်းဆောင်ရွက်မှုတွေ မလွဲမသွေ လိုအပ်တယ်လို့လည်း သူက ပြောကြားသွားပါတယ်။
ဇွန်လ ၁ ရက်နေ့တုန်းက မိုဒီဟာ မင်းအောင်လှိုင်ကို နယူးဒေလီမှာရှိတဲ့ ဟိုင်ဒါရာဘတ်ဟောက်စ်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။ မင်းအောင်လှိုင်နဲ့ တွေ့
ဆုံမှုကို လူမှုကွန်ရက်ပေါ် မျှဝေခဲ့ချိန်မှာ မိုဒီက မြန်မာ သမ္မတလို့ သုံးနှုန်းခဲ့တာကြောင့်လည်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ဒါအပြင်မြန်မာပြည်သူတွေကလည်း အဲဒီတွေ့ဆုံမှုအပေါ် ပြင်းထန်စွာကန့်ကွက်တဲ့ မှတ်ချက်တွေရေးသားကြတာတွေ့ရပါတယ်။
မိုဒီက မင်းအောင်လှိုင်နဲ့ အပြုသဘောဆန်တဲ့ တွေ့ဆုံမှုမျိုး ဖြစ်ခဲ့ကြောင်း၊ သမ္မတ ရာထူးကို ရယူပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မင်းအောင်လှိုင်က အိန္ဒိယကို ရွေးချယ်ခဲ့တဲ့ အတွက်လည်း ဂုဏ်ယူမိကြောင်း ရေးသားထားခဲ့ပါတယ်။
မိုဒီက အင်ဒို-ပစိဖိတ် ရပ်ဝန်းအပါအဝင် အိန္ဒိယရဲ့ အရှေ့ဖက် အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးကို ဦးစားပေး မြှင့်တင်မယ့် မူဝါဒနဲ့အညီ မြန်မာနိုင်ငံကို ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်း၊ မိတ်ဖက်ကောင်း၊ အကျပ်အတည်း ကာလတွေမှာ အစောဆုံး တုံ့ပြန်သူအဖြစ် ဆက်လက် သတ်မှတ်ရင်း ထောက်ခံကူညီနေမယ်လို့လည်း ဆိုပါတယ်။
သူနဲ့ မင်းအောင်လှိုင် တွေ့ဆုံချိန်မှာ ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ မြေရှားသတ္တုကိစ္စ၊ ကုန်သွယ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ရှေးဟောင်း အမွေအနှစ်တွေ မွမ်းမံထိန်းသိမ်းရေး၊ စွမ်းဆောင်ရည် မြှင့်တင်မှုစတဲ့ ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူခဲ့ကြောင်းလည်း မိုဒီက အတည်ပြုထားခဲ့ပါတယ်။
မင်းအောင်လှိုင်ဟာ မိုဒီရဲ့ ဖိတ်ခေါ်မှုအရ မေလ ၃၀ ရက်နေ့မှာ အိန္ဒိယကို ၄ ရက်ကြာ အလည်အပတ် ခရီးစဉ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ မိုဒီနဲ့ တွေ့ဆုံချိန်အတွင်း မင်းအောင်လှိုင်က အိန္ဒိယ ဝန်ကြီးချုပ်ကိုလည်း မြန်မာနိုင်ငံဆီ အလည်အပတ် လာရောက်ဖို့ ဖိတ်ကြားခဲ့ကြောင်း အိန္ဒိယ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။
ကိုးကား- Indian Express


















































