Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မှာ တိုက်ပွဲဆက်ဖြစ်

ဒေသခံ ပြည်သူတွေ ဘေးကင်းရေး စစ်တပ် စစ်ကြောင်းတွေ ရှောင်ရန်လိုဟု သတိပေး

(မင်းတပ်မြို့နယ်က ထင်ချောင်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတာကို မေလ ၃၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)

ဇွန်-၃၊၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

မေလကုန်ပိုင်းမှာ ချင်း-မကွေးအစပ်က စစ်တပ်စစ်ကြောင်းတွေဟာ မင်းတပ်မြို့နယ်အတွင်း ဝင်ရောက်ပြီး ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးတာ အပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာလို့ ချင်းတော်လှန်ရေး တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။

“ထိတွေ့ရှိနေဆဲ။ နယ်ခြားတ၀ိုက်မှာပါပဲ” လို့ ဒေသခံသတင်းရင်းမြစ်က မင်းတပ်မြို့နယ်အတွင်း စစ်ရေး အခြေအနေ အကျဉ်းကို ပြောပါတယ်။ ဒေသခံတွေအနေနဲ့လည်း စစ်တပ် စစ်ကြောင်းတွေကို ရှောင်ရှားဖို့ လိုအပ်ကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ ချင်းတောင်ပိုင်းက ကန်ပက်လက်နဲ့ မင်းတပ်ကို ထိုးစစ်ဆင်နေလို့ ကန်ပက်လက်မှာ မေလ ၁၈ရက်က စ တိုက်ပွဲတွေ ဖြစ်နေသလို မင်းတပ်မှာတော့ မေလကုန်ပိုင်းကစ တိုက်ပွဲဖြစ်နေတာပါ။ စစ်ရေး အခြေအနေ အသေးစိတ်ကို ချင်းပြည်သူ့အစည်းအရုံးက သတင်းထုတ်ပြန် အသိပေးတာတွေ မရှိသလို ဒေသခံ သတင်းရင်းမြစ်အချို့ကလည်း စစ်ရေးလုံခြုံမှုအရ အသိပေး ပြောကြားတာမရှိပါဘူး။

စစ်တပ်ဟာ မေလအတွင်းမှာ ချင်း-မကွေးအစပ် ဆောမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက် စစ်ကြောင်းထိုးတာ၊ ကျေးရွာတွေ မီးရှို့တာ၊ ပြည်သူလူထုတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက အသိပေးပါတယ်။

ယောဒေသ သတင်းတွေ အသိပေးနေတဲ့ ယောအလင်းတန်းက တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်ဟာ ဆောဒေသကို ဝင်ရောက်စဉ် ပြည်သူလူထုတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်ခဲ့လို့ ပြည်သူတွေ အနေနဲ့ စစ်ကြောင်းတွေဝင်လာရင် ဝေးဝေးရှောင်ဖို့ နှိုးဆော်ထားပါတယ်။

“ဘာလို့လဲဆိုရင် ပြည်သူတွေကို သူတို့က လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုလို့ရှိရင် တော်လှန်ရေးလုပ်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရိုးလုပ်စဉ်တွေ လုပ်ငန်းစဉ်တွေအပေါ်မှာ အနှောက်အယှက်ဖြစ်တယ်ပေါ့နော်။ တချို့ ကိစ္စတွေဆိုရင် ပြည်သူတွေ ပါနေတဲ့အတွက် ရှောင်ပေးလိုက်ရတာမျိုး အဲဒါမျိုးတွေ လည်းရှိတယ်ဆိုတော့ ပြည်သူတွေ စစ်ကြောင်းနဲ့ ဝေးဝေးရှောင်ပါ။ အန္တရာယ်ကင်းအောင် နေကြပါပေါ့။ လက်နက်ကြီး အန္တရာယ်တွေ လေကြောင်းအန္တရာယ်တွေ ကို ကြိုတင်ပြီးရှောင်ရှားကြဖို့ ရှောင်နိုင်အောင် ထိန်းချုပ်ကြဖို့ပေါ့ အဲဒါပဲ ပြောချင်ပါတယ်” လို့ ယောအလင်းတန်းတာဝန်ရှိသူက ပြောပါတယ်။

ယောဒေသရှိ တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ယောတပ်တော်ကလည်း မေလ ၃၁ရက်မှာ ချင်း-မကွေးအစပ် ယောဒေသ တိုက်ပွဲ အခြေအနေကို ထုတ်ပြန်အသိပေးထားရာ ယောဒေသကို အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို သုံးပတ်ခန့်အတွင်း တိုက်ပွဲအကြိမ် ၁၀၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းအသိပေးထားပါတယ်။

မေလ ၁၁ရက်မျာ ပေါက် ကပစ-၂၄ မှ ထွက်လာသော အင်အား (၄၀၀) ခန့်ပါ စစ်ကြောင်း၊ မေလ ၂၂ရက်မှာ ကပစ ၂၄က ထွက်လာသော အင်အား ၉၀၀ ခန့်နဲ့ စစ်ယာဉ်တန်းများ စုစုပေါင်း အင်အား ထောင်ချီနဲ့ ယောဒေသ ပုံတောင် နတ်ထိပ်သို စစ်ကြောင်းထိုးလာလို တိုက်ပွဲတွေ ဖြစ်ခဲ့တာလို ဆိုပါတယ်။

မေလ ၁၃ရက်ကနေမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ မေလကုန်ပိုင်းအထိ တိုက်ပွဲ အကြိမ် ၁၀၀ ထက်မနည်းရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

တိုက်ပွဲများအတွင်း မဟာမိတ်တပ်ပေါင်းစုဘက်မှ ကျဆုံးထိခိုက်မှုတွေ ရှိသလို စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀) ကျော်၊ သေဆုံးသူ (၈၀) ကျော်ရှိကြောင်း ယောတပ်တော်က ထုတ်ပြန်ပါတယ်။ဒါ့အပြင် စစ်သုံပန်းများနဲ့ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ဟု ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီ စစ်ကြောင်း တွေက အပြစ်မဲ့အရပ်သားပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာ၊ ညှင်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ ကျေးရွာများအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူတာ၊ နေအိမ်များအားမီးရှိဖျက်ဆီးတာ၊ လေကြောင်းဖြင့် စစ်ဘေးရှောင်နေရာများသို အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်တာ စတဲ့ လူမဆန်သောလုပ်ရပ်များနဲ့ စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့ကြောင်း ယောတပ်တော်က ထုတ်ပြန်ပါတယ်။

“စစ်တပ်က ဝင်လာကတည်းက အရပ်သားတွေကို ဖမ်းဆီးတာ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေရှိပါတယ်။ ပြီးတော့ နှိပ်စက်ညှင်းပမ်းပြီး သတ်ဖြတ်ခံရတဲ့ အရပ်သားတွေလည်း ရှိပါတယ်။ သူတို နှိပ်စက်ညှင်းပမ်းပြီး သတ်ဖြတ်ထားတဲ့ အနေအထားတွေမှာ လောလောဆယ် ရောက်နေတဲ့ စစ်ကြောင်းတွေက ကချောင်းနားမှာ ရှိတဲ့ဟာတွေကို ကျနော်တိုက အတည်ပြုဖို ခက်ခဲနေဆဲပေါ့နော်။ ကပစ ၂၄ ကနေ ကျောက်ထုအမြောက်တပ်ကို လာတဲ့အချိန်မှာ သူတို အနေနဲ့ လမ်းမှာ အရပ်သား ပြည်သူ ၆ယောက်ထပ်မနည်းပေါ့နော် အဲဒါတော့ သတ်ဖြတ်ခံခဲ့ရတယ်” လို့ ယောအလင်းတန်း တာဝန်ရှိသူက မေလ ၃၀ရက်မှာ ပြောပြထားပါတယ်။

တိုက်ပွဲများဆက်လက်၍ ပြင်းထန်လာနိုင်လို တော်လှန်ပြည်သူလူထုများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြဖို ယောတပ်တော်က ထုတ်ပြန်ခဲ့ပြီး မိမိတိုဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြဖို့ ယောတပ်တော်က တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။