Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် နဲ့ ကန်ပက်လက်ကို အင်အားနှစ်ထောင်ဝန်းကျင်သုံးလာတဲ့ စစ်တပ်ထိုးစစ် အ​ခြေအ​နေမ​ကောင်း

ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်နဲ့ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က အင်အား ၂၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာလို့ မေလလယ်မှ စပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)ကထုတ်ပြန်ပြီး စစ်တပ်ဟာ အခြေအနေမကောင်းလို့လေကြောင်းကအကြိမ်ပေါင်းများစွာတိုက်ခိုက်နေတယ်လို့ဖော်ပြပါတယ်။

(ချင်း​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ အ​ခြေခံစစ်ပညာသင်တန်းတက်​ရောက်​လေ့ကျင့်​နေကြစဥ်။ဓါတ်ပုံ-မင်းတပ် CDF)

ဇွန်-၄၊၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်နဲ့ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က အင်အား ၂၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာလို့ မေလလယ်မှ စပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)ကထုတ်ပြန်ပြီး စစ်တပ်ဟာ အခြေအနေမကောင်းလို့လေကြောင်းကအကြိမ်ပေါင်းများစွာတိုက်ခိုက်နေတယ်လို့ဖော်ပြပါတယ်။

စစ်တပ်ဟာချင်း-မကွေးအစပ်ဆောမြို့နယ်ကိုစစ်အင်အားအလုံးအရင်းဖြည့်တင်းပြီးချင်းတောင်ပိုင်းကိုထိုးစစ်ဆင်လာလို့ ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

လက်ရှိမှာစစ်တပ်ထိုးစစ်ကိုအောင်မြင်စွာခုခံဟန့်တာထားကြောင်း ချင်းတပ် CPU/CPA က ဇွန် ၄ရက်မှာ စစ်ရေးသတင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်ပါတယ်

Public Service Announcement

Public Service Announcement

“စစ်မြေပြင်တွင်အခြေအနေမကောင်းသော အကြမ်းဖက်စစ်တပ်သည် တိုက်လေယာဉ်၊ Y 12 လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။” လို့ ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

မင်းတပ်ဒေသခံတဦးကလည်း စစ်တပ်ဟာ မင်းတပ်မြို့နယ်ထဲက လတ်တလောတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို အခုရက်ပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

ချင်းတောင်ပိုင်းတိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး သတင်းမှားများ၊ ကောလာဟလသတင်းများ၊ အတည်မပြုနိုင်သော သတင်းမှားများ အွန်လိုင်းပေါ်ရှိ တရားဝင်မဟုတ်သော ဖေ့စ်ဘုတ်စာမျက်နှာများ၊ အကောင့်များတွင် ပျံ့နှံ့လျက်ရှိနေလို့ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တိုက်ပွဲနဲ့ စပ်လျဉ်းတဲ့ထုတ်ပြန်မှုတွေကိုသာ စောင့်မျှော်နားစွန့်ဖို့လည်း CPUကတိုက်တွန်းပါတယ်။

ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်အနေနဲ့ မိမိတို့ ပြည်သူ၊ အသက်အိုးအိမ်နဲ့ ဘိုးဘွားပိုင် ရေမြေတောတောင်များကို အစွမ်းကုန်ကာကွယ်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။ယခုကဲ့သို့ ထိုးစစ်ဆင် ဝင်ရောက်လာသော အကြမ်းဖက် စစ်ကော်မရှင်တပ်များကို ခုခံတွန်းလှန်မောင်းထုတ်ရာတွင်လည်း ပြည်သူများအနေဖြင့် ကျရာကဏ္ဍအသီးသီးမှ တက်စွမ်းသလောက် တတပ်တအား ပါဝင်ပူးပေါင်းကြဖို့လည်း နှိုးဆော်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ထိုးစစ်ကြောင့်ချင်း-မကွေးနယ်စပ်ကဒေသခံပြည်သူတွေစစ်ရှောင်ရတာ၊ စစ်ကောင်စီရန် စိုးရိမ်နေရတာတွေကြုံနေရတယ်လို့ ယောဒေသ သတင်းတွေဖော်ပြနေတဲ့ယောအလင်းတန်း တာဝန်ရှိသူတဦးက ပြောပြပါတယ်။ ပြည်သူတွေ အနေနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ ဝေးဝေး ရှောင်ဖို့ နှိုးဆော်ထားပါတယ်။

“ ဘာလို့လဲဆိုရင် ပြည်သူတွေကို သူတို့က လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုလို့ရှိရင် တော်လှန်ရေးလုပ်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရိုးလုပ်စဉ်တွေ လုပ်ငန်းစဉ်တွေအပေါ်မှာ အနှောက်အယှက်ဖြစ်တယ်ပေါ့နော်။ တချို့ ကိစ္စတွေဆိုရင် ပြည်သူတွေ ပါနေတဲ့အတွက် ရှောင်ပေးလိုက်ရတာမျိုး အဲဒါမျိုးတွေ လည်းရှိတယ်ဆိုတော့ ပြည်သူတွေ စစ်ကြောင်းနဲ့ ဝေးဝေးရှောင်ပါ။ အန္တရာယ်ကင်းအောင်နေကြပါပေါ့။လက်နက်ကြီး အန္တရာယ်တွေ လေကြောင်းအန္တရာယ်တွေ ကို ကြိုတင်ပြီးရှောင်ရှားကြဖို့ ရှောင်နိုင်အောင် ထိန်းချုပ်ကြဖို့ပေါ့ အဲဒါပဲ ပြောချင်ပါတယ်။” လို့ ယောအလင်းတန်းတာဝန်ရှိသူက ပြောပါတယ်။

မင်းတပ်ဒေသခံတဦးကလည်းစစ်တပ်ဟာမင်းတပ်မြို့နယ်အတွင်း ဝင်ရောက်စဉ် မင်းတပ်မြို့နယ် ထင်ချောင်းရွာကို မေ ၃၀ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့သလို ရွာကို ခဏ ပြန်လာကြည့်တဲ့ စစ်ရှောင် ပြည်သူ ၂ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ပြောပြပါတယ်။ သတ်ဖြတ်ခံရတဲ့ ၂ဦးအနက် ၁ဦးဟာ ၁၀တန်းကျောင်းသား ကလေးငယ်ဖြစ်တယ်လို့လည်း ဒေသခံက ပြောပြပြီး ပြည်သူတွေ စစ်တပ်ရဲ့ စစ်ကြောင်းတွေကို ရှောင်တိမ်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးတက်လာတဲ့ စစ်တပ်အထိနာပြီး နောက်ပြန်ဆုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့ တာ၀န်ရှိသူတချို့က လူထုနွေဦးကို ပြောပါတယ်။