Connect with us

Hi, what are you looking for?

သတင်း

ရေတွင်းကုန်းကျေးရွာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုစစ်ရာဇဝတ်မှုမြောက်ကြောင်း Fortify Rights ထုတ်ပြန်

နိုင်ငံတကာမှ အ​ရေးယူ​ဆောင်ရွက်မှုများပြုလုပ်ရန် အထူးလိုအပ်​နေဟုတိုက်တွန်း

စစ်တပ်က​ရေတွင်းကုန်းရွာမှ ပြည်သူ​တွေကိုသတ်ပြီး ​မြေမြှပ်ဖို့ ​ရွာသား​တွေကို​မြေကျင်းတူးခိုင်း​နေစဥ်။ ဓါတ်ပုံ-​ပေးပို့

ဇွန်-၉၊၂၀၂၆။တေဇ/People’s Spring

ပဲခူးတိုင်း ညောင်းလေးပင်မြို့ ရေတွင်းကုန်းရွာမှာ မတ်လ ၅ ရက်က အရပ်သားပြည်သူတွေအပေါ် စစ်‌တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၊ မြေပြင်ပစ်ခတ်မှု​တွေနဲ့ ပြည်သူ ၂၈ ဦးကိုသတ်ဖြတ်ခဲ့တာဟာ စစ်ရာဇဝတ်မှုမြောက်​ကြောင်း Fortify Rights အဖွဲ့က ဇွန် ၉ ရက်မှာထုတ်ပြန်လိုက်ပါတယ်။

“အရပ်သားပြည်သူ‌တွေ‌ ခိုလှုံကြတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်တာက စစ်ရေးပစ်မှတ်အရ ကျူးလွန်တာလို့ ဘယ်လိုမှသတ်မှတ်လို့ မရပါဘူး။ ကလေးငယ်တွေအပါအဝင် အရပ်သားတွေကို သတ်ဖြတ်ခဲ့တာတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ပြီး ဒီလုပ်ရပ်တွေဟာ နိုင်ငံတကာကအရေးယူတာဝန်ခံမှုရှိလာရေး ဘယ်လောက်အထိ အရေးတကြီးလိုအပ်နေပြီလဲဆိုတာကို ပိုမိုထင်ရှားစေပါတယ်” လို့ Fortify Rights ဒါရိုက်တာ John Quinley ကပြောပါတယ်။

ဒါ​ကြောင့်စစ်တပ်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို နိုင်ငံတကာမှ အ​ရေးယူ​ဆောင်ရွက်မှုများပြုလုပ်ရန် အထူးလိုအပ်​နေ​ကြောင်းလည်းFortify Rights ကတိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၆ မတ်လ ၅ ရက်က နံနက်အ‌စောပိုင်းမှာ စစ်တပ်ရဲ့ အမှတ် ၇၇ ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း – ၂၀ ၊ ခြေလျင်တပ်ရင်း – ၂၆၄ နဲ့ ခြေမြန်တပ်ရင်း – ၄၃၉ ပူးပေါင်းထားတဲ့ စစ်တပ်စစ်ကြောင်းက ရေတွင်းကုန်းရွာကို ဝင်ရောက်ပြီး သတ်ဖြတ်မှုတွေ မတရားဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်တပ်က ရွာမှာရှိတဲ့ အမျိုးသားတွေကို ဖမ်းဆီးခဲ့ပြီး အမျိုးသမီးတွေကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု‌တွေလုပ်ခဲ့တာပါ။

ဗုံးကြဲတာကြောင့် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ကိုယ်ဝန်‌ဆောင်မိခင်အပါအဝင် ကလေးငယ်တွေ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၆ ဦးသေဆုံးခဲ့ပြီး ရွာထဲမှာလည်း ပြည်သူ ၂ ဦးကိုစစ်တပ်ကပစ်သတ်ခဲ့ပါတယ်။

Fortify Rights အဖွဲ့အနေနဲ့ မတ်နဲ့ ဧပြီလအတွင်းမှာပဲခူးတိုင်းကိုသွားရောက်ခဲ့ပြီးဒီဖြစ်စဉ်ကနေ လွတ်မြောက်လာသူတွေ မျက်မြင်သက်သေတွေ တော်လှန်ရေးအင်အားစုတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း တွေ စုစုပေါင်း ၁၃ ဦး‌ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းမှာသေဆုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ဓာတ်ပုံတွေ ဖမ်းဆီးနှိပ်စက်ခံရတဲ့ အရပ်သားတွေရဲ့ ဒရုန်းဗီဒီယိုမှတ်တမ်းတွေကိုလည်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ပံ့ပိုးမှုနဲ့ စိစစ်အတည်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒေသခံပြည်သူ‌တွေကို နှိပ်စက်နေတဲ့ အချိန်မှာ စစ်သားတွေက မူးယစ်ဆေးသုံးစွဲနေတာတွေလည်းတွေ့ရတယ်လို့ ဒီဖြစ်စဉ်မှာ ဇနီးနဲ့သား ဆုံးရှုံးခဲ့ရတဲ့ အသက် ၄၃ နှစ်အရွယ်အမျိုးသားက Fortify Rights ကို ထွက်ဆိုထားပါတယ်။

“စကားပြောစက်ထဲကနေ သူတို့တပ်မှုးကို ‘ဘုန်းကြီးကျောင်းထဲမှာ PDF တွေရှိတယ်။’ လို့ လှမ်းပြောကြတာ။ ဝေါ်ကီတော်ကီထဲကနေ ‘ဘုန်းကြီးကျောင်းထဲမှာ ၊ ဘုန်းကြီးကျောင်းကိုတိုက် ၊ ဗုံးကြဲချပစ်’ လို့ ပြောနေတာကိုတွေ မှတ်မိတယ်။” လို့ လက်နောက်ပြန်ကြိုးတုပ်ခံထားရချိန်က သူနဲ့ သုံးမီတာအကွာအဝေးလောက်ကနေပြောနေတာကြောင့် ကြားနေရတဲ့စကားသံတွေကို အထက်ပါ အမျိုးသားကပြောပါတယ်။သူ့ရဲ့ အသက် ၁၄ နှစ်အရွယ်သားဖြစ်သူဟာကြောက်လန့်ပြီးထွက်ပြေးစဥ်စစ်တပ်ကသေနတ်နဲ့ပစ်သတ်ခဲ့ရသလို ဘုန်းကြီး​ကျောင်းမှာခိုလှုံ​နေတဲ့ဇနီးဖြစ်သူကလည်း စစ်တပ်ဗုံးကြဲလို့​သေဆုံးခဲ့ပါတယ်။

မတ်လ ၅ ရက်နေ့ နံနက်က ဘုန်းကြီးကျောင်းကို ဆွမ်းသွားပို့ရင်း အဖမ်းခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးကလည်း အမျိုးသားတွေကို လမ်းမပေါ်မှာ ကြိုးတုပ်ပြီး ဝါးလုံးနဲ့ရိုက်ကာ PDF တွေရဲ့နေရာကို မေးမြန်းတာတွေ ဖုန်း Password ဖွင့်ခိုင်းတာတွေ လုပ်တာကို မြင်ခဲ့ရတယ်လို့ ထွက်ဆိုထားပါတယ်။

ဘုန်းကြီးကျောင်းကို တိုက်ခိုက်ဖို့ပြောတာကို သူလည်းကြားလိုက်ရပြီး ဆယ်မိနစ်လောက်အကြာမှာ ဗုံးကြဲတာလို့ သူက​ပြောပါတယ်။

ဘုန်းကြီးကျောင်းထဲမှာ သေဆုံးခဲ့ရသူတွေထဲက ဗိုက်ကြီးသည် အမျိုးသမီးတဦးရဲ့ ဗိုက်ထဲကနေ ကလေးလက် ထွက်နေတာကိုတွေ့ခဲ့ရတယ်လို့ သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောထားပါတယ်။

သေဆုံးသူတွေကို မြှုပ်ဖို့ နှစ်နာရီ အတွင်း ကျင်းနှစ်ကျင်းတူးခိုင်းခဲ့ပြီး အဲဒီ့‌နှစ်ကျင်းထဲမှာပဲ မြှုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းအပါအဝင် ကရင်နီ ၊ ကချင်ပြည် နဲ့ အရပ်သားတွေနေထိုင်းတဲ့နေရာတွေကိုစစ်ရေးအရအကြောင်းပြချက်မရှိပဲလေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်တာက စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ Fortify Rights ကပြောပါတယ်။

“ပဲခူးတိုင်းမှာ ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် တရားမျှတမှုဖော်ဆောင်ရန် နှင့် မြန်မာစစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုကို အဆုံးသတ်ရန် ချက်ချင်းလိုအပ် နေပြီဖြစ်ကြောင်းကို ပြသနေတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ အာဆီယံအိမ်နီးချင်းနိုင်ငံများနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခုထက်ပိုပြီး ဆောင်ရွက်နိုင်သင့်ပါတယ်။” လို့ John Quinley ကတိုက်တွန်းထားပါတယ်။

ဒီဖြစ်စဉ်မှာ စစ်တပ်က ဓါးစာခံအဖြစ် ဖမ်းခံထားရတဲ့ ပြည်သူ ၃၀၀ ကျော်ကို ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ (၂၅) ကွပ်ကဲမှုအောက် ၃၇၀၂ တပ်ရင်း၊ Spring Warriors တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်က တော်ဝင်ဒေါင်းတပ်ရင်း၊တောကျီးကန်းတပ်ရင်း၊ ၃၇၀၃တပ်ရင်း၊ KNLA ကွန်မန်ဒိုတပ်ဖွဲ့တွေ၊ KNLA တပ်ရင်း (၇)၊ တပ်ရင်း (၉) နဲ့ ဒရုန်းတပ်ဖွဲ့တွေပူးပေါင်းပြီး “ပြည်သူကိုကယ်ထုတ်သော စစ်ဆင်ရေး” ကို ဆောင်ရွက်ခဲ့ကြပါတယ်။

စစ်ဆင်ရေးအတွင်းမှာ ပဲခူးတိုင်းစစ်ဌာနက ရဲဘော် ၉ ဦး၊ KNLA တပ်ရင်း (၇) နဲ့ တပ်ရင်း (၉)က ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်။ဒါ့အပြင်​တော်လှန်​ရေးရဲ​ဘော် ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်တပ်ဘက်က ၁၀ ယောက်ကျော်သေဆုံးပြီး အယောက် ၂၀ထက်မနည်းပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့NUG ၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

အဲဒီ​နောက်ပြည်သူ ၃၀၀ ကျော်ကို ထိခိုက်မှုမရှိ ဘေးရန်ကင်းစွာနဲ့ ပူးပေါင်းတပ်တွေက လွတ်မြောက်ရာဒေသတွေကို ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး​နောက်ပိုင်းနေပြည်​တော်ဆန္ဒပြပွဲမှာ မြသွဲ့သွဲ့ခိုင် က​စပြီးနိုင်ငံတစ်ဝန်းပြည်သူ​တွေကို သတ်ဖြတ်လာခဲ့တာ ၂၀၂၆ ဇွန် ၉ ရက်အထိ့ အနည်းဆုံး ပြည်သူ ၈၀၉၀ ​ကျော်ရှိပါပြီ။ဒါက နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း(AAPP)ကအတည်ပြုထားတဲ့စာရင်းသာဖြစ်ပါတယ် ။စစ်တပ်ကသတ်ဖြတ်ခံရတာကို အ​သေးစိပ်ထပ်မံအတည်ပြုဖို့လို​သေးသူ​ပေါင်းကငါး​ထောင်ဝန်းကျင်ကျန်ရှိ​ပါ​သေးတယ်။ ဒါ​ကြောင့်ငါးနှစ်​ကျော်အတွင်းစစ်အုပ်စုကသတ်ဖြတ်ခံရသူ​ပေါင်းအနည်းဆုံးတစ်​သောင်းသုံး​ထောင်​ကျော်ရှိ​နေပြီဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ရာဇဝတ်မှုများစွာ ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုများကို အကြိမ်ကြိမ်ကျူးလွန်ပြီး သမ္မတ ရာထူးကို အဓမ္မရယူထားသူဖြစ်တယ်ဆိုတာပြတ်ပြတ်သားသားမြင်ကြဖို့လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မင်းဝင်းခိုင်သန်းက ပြောကြားခဲ့ပြီး မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ဖို့ တိုင်းပြည်နဲ့လူထု အကျိုးစီးပွားကို ချနင်းခဲ့ဟု အသိပေးပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်တွင်း၊ဖြူး၊ပေါင်းတည်နဲ့ နတ်တလင်းမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်တွေက အမျိုးသမီးအချို့ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုအပါအဝင် အရပ်သား ၁၈ဦးကို သတ်ဖြတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်_၂စစ်ဆင်ရေးနယ်မြေ၊ပဲခူးတိုင်းစစ်ဌာနဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မနေ့က အောက်တိုဘာ ၂၇ရက် ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်သွားတဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။