ဇွန်-၉၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာဏာ သိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းကို ယမန်နေ့ (ဇွန် ၈ )ကစစ်သင်္ဘောသုံးစီးနဲ့ စစ်ကူအင်အားသုံးရာဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည်က စစ်တပ်ရဲ့ကာကင်းငါးခုထက်မနည်းကို အာရက္ခတပ်တော်(AA)ကသိမ်းပိုက်ထားပြီး နောက်ဆုံးကျန်တဲ့ အဝတောင်ရွာကာကင်းစခန်းကို ထိုးစစ်ဆင်၊ သိမ်းပိုက်ဖို့ ကြိုးစားနေ ချိန် စစ်တပ်ကအခုလို စစ်ကူတွေထပ်ပို့တာဖြစ်ပါတယ်။
“Navey(စစ်သဘော် )သုံးစီး မနေ့က ရောက်တယ်။တင့်ကားရောနှစ်စီးပါတယ်။လူကတော့ သုံးရာလောက်ရှိမယ်။မနေ့ကတည လုံးလည်း ဒရုန်းတွေ ဝဲတယ်။ AA က ရေတပ်ထဲကိုမကြာခင်ရောက်တော့မှာဆိုတော့ အင်အားဖြည့်တာ။ တင့် ကားတွေရော ပါလာတယ်ဆိုတော့ တိုက်ပွဲက ပြင်းလာမယ်ထင်တယ်” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement
အင်အားထပ်ဖြည့်တဲ့ စစ်သင်္ဘောသုံးစီးဟာ ရခိုင်ပြည်နယ်အတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ လက်ကျန်စစ်တွေမြို့ကနေလာတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
“အင်အားဖြည့်ထားပေမယ့် အပြင်ကို စစ်ကြောင်းထွက်လာတာတော့ မ ရှိသေးဘူး” လို့ အထက်ပါမြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ တောင်မောင်ဦးရေတပ်အနီးရှိ အဝတောင်ရွာစခန်းတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများနေပြီး AA က စစ်သားအလောင်းတွေနဲ့လက်နက်၊ခဲယမ်းတွေ နေ့စဉ်သိမ်းဆည်းရမိကာ အလင်းဝင်လာကြသူတွေလည်း ရှိတယ်လို့ စစ်ရေးနီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
တောင်မော်ဦးရေတပ်စခန်းမှာ စစ်တပ်ကအင်အားဖြည့်တဲ့အပြင် ရေတပ်စခန်း အနီးဝန်းကျင်မှာလည်မှာလည်းဆက်သွယ်ရေး တူးမြောင်း၊ဘန်ကာတွေနဲ့ ကာကင်းသစ်တွေ ထပ်ဆောက်နေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
“လူတစ်ရပ်လောက်မြောင်းတွေတူးပြီးတော့ ဘန်ကာတွေဆောက်နေကြတယ်ပြောတယ်။ ကိုယ်တိုင်တွေ့တာတော့မဟုတ်ဘူး။ကြားတာပါ။ပြီးရင်ရေတပ်နဲ့ တော်တော်ဝေးဝေးထိကို စက်လှေတွေအသွားအလာခွင့်မပြုဘူး။ ဖမ်းတယ်၊ ပစ်တယ်လုပ်နေပါတယ်” လို့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။
ဇွန်လ ၇ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်ကနေ ထွက်ခွာလာတဲ့စက်လှေတစီးကို တောင်မော်ဦးရေတပ်စခန်းနဲ့ အလှမ်းဝေးတဲ့မင်းကြောင်းချောင်းအလွန်မှာအာဏာသိမ်းစစ်တပ်က Speed Boat နဲ့ လိုက်လံပစ်ခတ်တဲ့အတွက် စက်လှေမှာပါလာတဲ့အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီစက်လှေဟာအမ်းမြို့နယ်ကနေ ဝက်တွေတင်လာပြီး ရမ်းဗြဲမြို့နယ်သို့ပြန်လာတာဖြစ်ပါတယ်။စစ်တပ်ဟာ အရင်က တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည်ပင်လယ်ပြင်မှာပဲ စစ်သင်္ဘောတွေချ ထားခဲ့ပေမယ့်အခုအခါ ရမ်းဗြဲမြို့နယ်အပိုင်ပင်လယ်ပြင်ထိပါ တိုးချ၊နေရာယူထားပြီးအရပ်သားအသွားအလာ စက်လှေတွေကို ပစ်ခတ်၊ ဖမ်းဆီးတာ၊ လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ လုပ်လာခဲ့တယ်လို့ ဒေသခံ တွေက ပြောကြပါတယ်။
“တိုက်ပွဲမှာနာနေလို့အခုပြည်သူတွေကိုပဲ အငြိုးထားနေတယ်။ဒရုန်းနဲ့ နှိပ်စက်တယ်။ နေဗီကပါ ရမ်းဗြဲတစ်ကျွန်း လုံးကို ပတ်ပြီးပစ်နေတယ်။ ဒီတပတ်၊ နှစ်ပတ်မှာတောင် ဒရုန်းနဲ့ချလို့ အရပ်သားတွေထိခိုက်တာ မနည်းတော့ဘူး” လို့ ရမ်းဗြဲမြို့နယ်မှ လူမှုကူညီရေးလုပ်နေသူလူငယ်တဦးက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းမှာအခြေစိုက်နေတဲ့အာဏာသိမ်းစစ်တပ်ဟာကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ် ကြားလမ်းဆုံ စနဲမြို့ဆီ စစ်ကြောင်းထိုးပြီး သိမ်းပိုက်ဖို့ထိုးစစ်ဆင်လာခဲ့တာဖြစ်ပေမယ့် အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက် ခိုက်၊ သိမ်းပိုက်နေတာပါ။
တိုက်ပွဲတွေမှာအထိနာနေတာကြောင့်တောင်မော်ဦးရေတပ်စခန်းမှတပ်မိသားစုတွေနဲ့ အရာရှိပိုင်းတွေကို စက်လှေတွေနဲ့ ရွှေ့ပြောင်းနေပြီး မြို့ပေါ်တပ်ရင်းတွေနဲ့ စစ်တွေမြို့ကနေ အင်အားထပ်ဖြည့်နေတာတွေလည်းရှိနေတယ်လို့ ဒေ သခံတွေက ပြောကြပါတယ်။
စစ်တပ်ဟာကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် မိုင်နှစ်ဆယ်ကျော်အကွာရှိ တောင်မော်ဦးရေတပ်စခန်းကနေ ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီ စစ်ကြောင်းထိုးသိမ်းပိုက်ပြီးရမ်းဗြဲနဲ့ကျောက်ဖြူမြို့နယ်အတွင်းကသူတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေကို တန်ပြန်သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာပါ။
ဒါပေမယ့် လက်တွေ့မှာတော့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ စနဲမြို့ဆီ မရောက်ဘဲ AA ထိုးစစ်ကြောင့်စစ်ကြောင်းတွေ အကျအဆုံးများ၊အထိနာကာလေကြောင်း၊လက်နက် ကြီးတွေကိုသာ အားကိုးနေရတာဖြစ် ပါတယ်။
တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲတွေကြောင့် အဲဒီတဝိုက် ကျေးရွာပေါင်း နှစ်ဆယ်နီးပါးမှ စစ်ဘေးရှောင် ခုနစ်ထောင်ကျော် တိုးလာပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြော ကြပါတယ်။ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အားလုံးနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာကျောက်ဖြူမြို့နယ်အတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ ဓည
၀တီရေတပ်စခန်း၊ အမှတ်(၃၂) ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေပြီးမြို့နီးပတ်လည်က တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင် နေပါတယ်။
လက်ရှိမှာကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ကျောက်ဖြူ၊စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။





















































