ဇူလိုင်-၁၆၊ ၂၀၂၆။ People’s Spring
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က ခန့်အပ်တဲ့ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဏာသိမ်း မြန်မာစစ်တပ်က ခွင့်ပြုပေးမယ်လို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးချိန် ကတည်းက မတရား ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရတာ ဖြစ်ပါတယ်။ မကြာသေးခင်က ထိုင်းနိုင်ငံမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခန့်အပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့တဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ အထူးကိုယ်စားလှယ် တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ချက် ရှိလာပြီလို့ ယုံကြည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖုန်ကက်ကောင်က ဇူလိုင် ၁၅ ရက် မနေ့က မှတ်ချက်ပေးခဲ့ပါတယ်။
သူက အာဆီယံ အထူးကိုယ်စားလှယ်လည်းဖြစ်၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မာရီယာ ထရေဆာ လာဇာရိုရဲ့ နောက်တစ်ကြိမ် နေပြည်တော် ခရီးစဉ်မှာတော့ အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဏာသိမ်းစစ်တပ်က ခွင့်ပြုမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

Public Service Announcement
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံ မတိုင်ခင်မှာ မြန်မာ့နိုင်ငံရေး မြေပြင်အခြေအနေ အစစ်အမှန်တွေကို ကိုယ်တိုင် သုံးသပ်ဖို့ နေပြည်တော်ဆီ နောက်တစ်ခေါက် ထပ်သွားမှာဖြစ်ပြီး အဲဒီတစ်ကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ခွင့်ရမယ်လို့ မျှော်လင့်ကြောင်း ဆီဟာဆက်က ဆိုပါတယ်။
အာဆီယံဟာ မြန်မာ့အရေး ကူညီဖြေရှင်းဖို့အတွက် စုပေါင်းညှိနှိုင်း လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာသိမ်း စစ်တပ်ဖက်က လက်တွေ့ အကောင်အထည်ဖော်မှုတွေ အားနည်းပြီး တိုးတက်မှု အရမ်းအားနည်းခဲ့တာကိုလည်း အသိအမှတ်ပြု လက်ခံထားပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်ထိတော့ မြန်မာ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး အဲဒီ မူ ၅ ချက်ကို အာဆီယံက လက်ကိုင်ပြုထားဆဲပါ။
ထိုင်းမှာ အာဆီယံနဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံချိန်တုန်းက အဲဒီကိစ္စကို အာဆီယံဖက်က တောင်းဆိုခဲ့တဲ့အပေါ် စစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးက မငြင်းပယ်ခဲ့ကြောင်း၊ ဒီကိစ္စကို မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းကြားမှာ အလေးထား ဆွေးနွေးနေမယ်လို့ ဆီဟာဆက်က ဆက်ပြောပါတယ်။
နောက်ပြီး မင်းအောင်လှိုင်ဟာ နောက်လထဲမှာ ထိုင်းနိုင်ငံကို တရားဝင် အလည်အပတ် ခရီးစဉ် လာရောက်မယ်လို့ ဆီဟာဆက်က အတည်ပြုသွားပါတယ်။ အတုအယောင် ရွေးကောက်ပွဲကို အသုံးချပြီး သမ္မတ ရာထူးကို မင်းအောင်လှိုင်က ရယူခဲ့တဲ့နောက်ပိုင်း ထိုင်းအစိုးရဟာ မြန်မာနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည် စတင်ဖို့ ကြိုးစားနေသလို အာဆီယံနဲ့လည်း အလားတူ ဆက်ဆံရေးမျိုး ရရှိလာစေဖို့ တက်တက်ကြွကြွ ကြားဝင် ညှိနှိုင်းပေးနေပါတယ်။
ဇူလိုင် ၁၅ ရက်က ဘန်ကောက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ မြန်မာကို အာဆီယံ အဝန်းအဝိုင်းထဲ ပြန်ခေါ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ သူယုံကြည်ကြောင်း ဆီဟာဆက်က မှတ်ချက်ပေးခဲ့ပါတယ်။ ၅ နှစ် ကြာပြီးသွားတဲ့နောက် ပြောဆိုဆွေးနွေးမှုတွေ လိုအပ်လာကြောင်း၊ အာဆီယံဖက်က နားထောင်ပေးဖို့ လိုသလို မြန်မာဖက်ကလည်း ရှင်းပြဖို့လိုကြောင်း သူက ပြောကြားသွားပါတယ်။
ကိုးကား: Bangkok Post


















































