ရောင်နီ၊တာရာ/People’s Spring
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တာ ၇၉ နှစ်မြောက်အာဇာနည်နေ့ ဒီကနေ့နံနက် ၁၀ နာရီ ၃၇ မိနစ်က ရန်ကုန်မြို့ မှာကားတွေကရပ်တန့်ပြီး ဟွန်းတီး အလေးပြုခဲ့ကြပါတယ်။
“အသံတွေကြားတော့ စိတ်မကောင်းဘူး။ အဲဒါကြောင့် အနက်ရောင်ဝတ်လာတာ”လို့ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ကားဟွန်းတီးချိန်မှာ လမ်းပေါ်သွားလာနေသူတွေလည်း ရောက်တဲ့နေရာမှာရပ်ပြီး ငြိမ်သက်ကာ ဂါရဝပြုခဲ့ကြပါတယ်။

Public Service Announcement
ဒီနေ့မှာ ခေတ်အဆက်ဆက်ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုကြီး ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေ အပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ စစ်အာဏာရှင်ကို အရှုံးမပေးဘဲ တိုက်ပွဲဝင်နေသူအားလုံးဟာ သက်ရှိအာဇာနည်တွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒီကနေ့ မနက်မှာ ကျင်းပတဲ့ ၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား မိန့်ခွန်းမှာ ယာယီသမ္မတက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
အာဇာနည်နေ့ဟာ ၁၉၄၇ ဇူလိုင် ၁၉ရက်က ရန်ကုန်မြို့ ဝန်ကြီးများရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်တွေအစည်းအဝေးလုပ်နေတုန်း မသမာသူတွေရဲ့လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရတာ ကြောင့် တိုင်းပြု ပြည်ပြုခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုရင်းပေါ်ပေါက်လာတာဖြစ်ပါတယ်။
တဖက်မှာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဟာ ဒီကနေ့မှာရန်ကုန်မြို့က အာဇာနည်ကုန်းကို သွားရောက်ခဲ့ပြီး ဒီကနေ့မနက်မှာ ရန်ကုန်မြို့နယ်အများစုမှာအင်တာနက်ဖြတ်တောက်ခံခဲ့ရပါတယ် ။ ဒါအပြင် လွန်ခဲ့တဲ့ရက်တွေကတည်းက ရန်ကုန်မှာစစ်တပ်ကအင်အားအများအပြားနဲ့ လုံခြုံရေးမြှင့်ထားပြီး မြို့အဝင်အထွက်ခရီးသည်တွေကိုစစ်ဆေးတာ ၊လမ်းသွားလမ်းလာလူငယ်အချို့ဖုန်းတွေပါစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့မြို့ခံအချို့ကပြောပါတယ် ။
ဒါကြောင့် အာဏာသိမ်းခေါင်းဆောင်ဟာဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထောင်ချထားပြီး နိုင်ငံတစ်ဝန်းကဗိုလ်ချုပ်ရုပ်ထုတွေကိုလည်းဖျက်ဆီးနေပြီးတော့ အာဇာနည်နေ့မှာကြ ဗိုလ်ချုပ်နဲ့တကွအာဇာနည်ခေါင်းဆောင်တွေကို တက်ပြီး ဂါရဝပြုဟန်လုပ်ပြခဲ့တာဖြစ်ပါတယ်။

















































