ဇူလိုင်-၁၉၊၂၀၂၆။သုည/People’s Spring
အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ မြို့တော်ခန်းမရှေ့မှာ Free Burma Action Committee-Northern California မှ ဦးဆောင်ပြီး (၁၇၀) ကြိမ်မြောက် “အလံမလိပ် အသံမတိတ် ဆန်ဖရန်စစ္စကို လူထုသပိတ်တိုက်ပွဲ”နဲ့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
ယင်းအခမ်းအနားကို “အာဇာနည်တိုင်း သမိုင်းမသေ ရုပ်ထုဖြိုလို့ သမိုင်းပြို အာဇာနည်တွေဟာ ကမ္ဘာတည်သ၍” ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီက အာဇာနည်အထိမ်းအမှတ် ရုပ်ထုတွေကို ဖြိုချဖျက်ဆီးနေသော်လည်း ပြည်သူတို့ရဲ့ အာဇာနည်စိတ်ဓာတ်ကို ဘယ်သောအခါမှ ဖျက်ဆီး၍ မရနိုင်ကြောင်း ကြွေးကြော်ခဲ့ပါတယ်။

Public Service Announcement
သမိုင်းအဆက်ဆက် ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်တွေကို ဦးညွတ်အရိုအသေပြုခြင်း၊ အာဇာနည်တွေရဲ့ သမိုင်းတန်ဖိုးကို ဂုဏ်ပြုပြောဆိုခြင်း ပြုလုပ်ခဲ့တဲ့အပြင် မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ-မြောက်ပိုင်းကယ်လီဖိုးနီးယားရဲ့ သဘောထားထုတ်ပြန်ချက်ကိုလည်း ပြည်သူတွေကို တင်ပြခဲ့ပါတယ်။
ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဩစတေးလျနိုင်ငံမှာလည်း CRPH / NUG Support Group – NSW မှ ဦးစီးကာ (၇၉) နှစ်မြောက် မြန်မာ့အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
ယင်းအခမ်းအနားကို ဩစတေးလျနိုင်ငံမှ လွှတ်တော်အမတ်တွေ၊ မြို့တော်ဝန်တွေ၊ အထူးဧည့်သည်တော်တွေ၊ ဆစ်ဒနီမြို့ရောက် မြန်မာမိသားစုတွေနဲ့ တော်လှန်ရေးရဲဘော်ရဲဘက်တွေ တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာ လွန်ခဲ့တဲ့ ၇၉ နှစ်က ကျဆုံးခဲ့သော အာဇာနည်ကိုးဦးနဲ့တကွ မြန်မာ့လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့ဂုဏ်သိက္ခာအတွက် အသက်ခန္ဓာနဲ့ ကိုယ်လက်အင်္ဂါတွေကို ပေးဆပ်စွန့်လွှတ်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို အတူတကွ ဂုဏ်ပြုအောက်မေ့ရင်း လွမ်းသူ့ပန်းခွေချ၊ အလေးပြုပြီး လေးစားစွာ ဦးညွှတ်ခဲ့ကြပါတယ်။
မလေးရှားနိုင်ငံ NLD OC International Malaysia ရုံးမှာလည်း ဒီကနေ့ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
ကျဆုံးပြီးတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်သူရဲကောင်းတွေကို ဦးညွှတ်အလေးပြုခြင်းနဲ့ သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူပြီး ရည်မှန်းကုသိုလ်ပြု အမျှအတန်း ပေးဝေခြင်း ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – NLD OC International Malaysia ၊ Free Burma Action Committee


















































