Connect with us

Hi, what are you looking for?

သတင်း

လေယာဉ်အကြိမ်ကြိမ်ပျံဝဲနေလို့ သတိပြုနေထိုင်ကြဖို့ ချင်းတပ် CPU တာဝန်ရှိသူ တိုက်တွန်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

ဇူလိုင် ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ လေယာဉ်တွေ မင်းတပ်မြို့ပေါ် အကြိမ်ပေါင်းများစွာ ပျံဝဲနေသလို လေယာဉ်နဲ့ ကင်းထောက်တာတွေ ပြုလုပ်နေလို့ လူစုလူဝေး လုပ်တာ အပါအဝင် သတိပြု ဆင်ခြင်ရမှာတွေကို ဆင်ခြင်ဖို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က လူမှုကွန်ရက်ကနေ သတိပေးနှိုးဆော်လိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်က မင်းတပ်နဲ့ကန်ပက်လက်မြို့ ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်နေတဲ့ ချင်းတောင်ပိုင်းမှာ စစ်တပ်က လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတဲ့ အခြေအနေမှာ ချင်းတောင်ပိုင်းထိန်းချုပ်ထားတဲ့ CPU/CPA ခေါင်းဆောင်က လေကြောင်းရန် သတိပြုဖို့ ထပ်မံ နှိုးဆော်ခဲ့တာပါ။

“ဒီမနက်ကိုပဲ.. ကြဲမလို ကြဲမလို ရှေ့နောက်တောင်မြောက် ဝဲတာ ၁၀ ကြိမ် လောက်ရှိမယ်။ Jet Fighter အသံကြားနေရတုန်းကိုပဲ ကင်းထောက် Y 12 လေယာဥ် ဝဲလာတယ်။လူစုလူဝေး လုပ်တာတွေ၊ ဆိုင်ကယ်ရပ်တာတွေ၊ ကားရပ်တာတွေ၊ အဝတ်လှန်းတာတွေကအစ ဆင်ခြင်ကြပါ။အမိုးအကာအောက်၊ အရိပ်အောက်မှာပဲ ဆိုင်ကယ်တွေ၊ ကားတွေ ရပ်ကြ၊ အဝတ်တွေ လှန်းတာကောင်းပါတယ်။ ဖြစ်နိုင်ရင် ဖိနပ်ချွတ်တာကစလို့ အိမ်ထဲချွတ်ပြီး လူရိပ်လူခြေတိတ်နေရင် အကောင်းဆုံးပါပဲ” လို့ ဆလိုင်းယောမာန်က ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုလေကြောင်းရန် သတိပေးရာမှာ လေကြောင်း တိုက်ခိုက်ခံရတဲ့နေရာတခုကို ရောက်ရှိနေတဲ့ ဆလိုင်းယောမာန်က နိုင်ငံခြားသားတစ်ဦးကို တိုက်လေယာဉ် လာရောက်မှု အခြေအနေကို ရှင်းပြနေတဲ့ ရုပ်သံကို ဖော်ပြထားပါတယ်။ အဲဒီရုပ်သံမှာ လေယာဉ်လာတာကြောင့် ဘေးကင်းရေး နေရာယူတာ၊ စစ်တပ်က ဖျက်အားပြင်းဗုံးတွေ အသုံးပြု တိုက်ခိုက်လာတို့ ဒေသတွင်း ထိခိုက်ပျက်စီးမှု အခြေအနေတွေ လိုက်လံပြသတာလည်းတွေ့ရပါတယ်။

“this is the price of freedom” လို့လည်း ဆလိုင်းယောမာန်က လွတ်လပ်မှုအတွက် ပေးဆပ်ရမှု အခြေအနေကို ပြောပြတာလည်း ကြားရပါတယ်။

မင်းတပ်အပါအဝင် ဒေသတွင်း လေကြောင်း တိုက်ခိုက်ခံရမှုတွေ အသိပေးနေတဲ့ ဒေသခံ သတင်းရင်းမြစ်ကလည်း အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့ ဇူလိုင် ၂၄ရက်မနက်မှာ မင်းတပ်မြို့အနီးနေရာတွေကို တိုက်လေယာဉ်နဲ့ ၁၀ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

တစ်ကြိမ် ပေါင် ၃၀၀ ဗုံး ၂လုံး အသုံးပြု တိုက်ခိုက်ခဲ့တာမို့ ဗုံးအလုံး ၂၀ ကြဲချခဲ့တယ်လို့ အသိပေးထားပါတယ်။ဒါ့အပြင် Y12 လေယာဉ်နဲ့လည်း အကြိမ် ၂၀ခန့် ဗုံးအလုံး ၉၀ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

“ ယနေ့တမနက်တည်း မင်းတပ်အရှေ့ခြမ်းနေရာများကို ဗုံးအလုံး ၁၀၀ ကျော်ကြဲချ တိုက်ခိုက်ပြီး လက်နက်ကြီး ဒရုန်းများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်နေကြောင်း ကြားသိရပါတယ်” လို့ မင်းတပ်ဒေသခံက အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်မြို့အပါအဝင် ချင်းတောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း ယော၊ ဆောဒေသကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။

ယောဒေသ သတင်းတွေ ဖော်ပြနေတဲ့ ယောအလင်းတန်းကလည်း ဇူလိုင် ၂၃ရက် မနေ့ညပိုင်းမှာ စစ်တပ်ဟာ ယောနယ်ကို လေယာဉ် ၅စီး အုပ်စုဖွဲ့ ပျံသန်းကာ ဆောမြို့နယ် တနေရာကို ဗုံးသီးအလုံး ၅၀ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် ထီးလင်းမြို့နယ်ကို ကင်းထောက်ပျံသန်းတာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပြီး ဒေသတွင်း ပြည်သူတွေ တော်လှန်ရေးအင်အားစုတွေ လေကြောင်းရန် ပိုမိုသတိထား နေထိုင်ကြဖို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာရှိတဲ့အာဏာသိမ်းစစ်တပ်ရဲ့အကြီးဆုံးထောက်ပို့ရေတပ်စခန်း ရွှေမင်းဂံရေတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သုံးရက်ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ မြေ ပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေရပ်ကွက် ၂ခုကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် (၁)နှစ်ကျော်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အမြန်ရထားတွေပေါ်မှာ အာဏာသိမ်းစစ်တပ်က ခရီးသည်တွေကို PSMS စနစ်နဲ့ စစ်ဆေးမှု​တွေ စတင်လုပ်ဆောင်နေကြောင်း ခရီးသွားအချို့က ပြောပါတယ်။