ဩဂုတ်-၄၊၂၀၂၆။သတိုး/People’s Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement ကကြေညာပါတယ်။
“Proof of Life Campaign ဟာ အခုဆိုရင် နောက်တစ်ဆင့်ကို ရောက်ရှိလာပါပြီ။သားနဲ့ စကားပြောခွင့်ပေးပါ။မိသားစုနဲ့ တွေ့ခွင့်ပေးပါ။ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပါ။နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပါ။” လို့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။
အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း ပြသနိုင်ဖို့ အတွက် သားဖြစ်သူကိုထိန်လင်း နဲ့ ပြည်သူအားလုံး က Proof Of Life ကမ်ပိန်းပြုလုပ်တောင်းဆိုနေတာဖြစ်ပြီး စစ်တပ်က ဩဂုတ် ၃ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုအပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ( ICRC ) ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ဝာာပါ။

Public Service Announcement
“အမေဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေပြီး ICRC နဲ့တွေ့ခွင့်ရတယ်ဆိုရင်၊ဘာကြောင့်သူမရဲ့ မိသားစုကတော့ ဒီနေ့အထိ တွေ့ခွင့်၊ စကားပြောခွင့် မရသေးတာလဲ။” လို့ မေးခွန်းထုတ်ထားပါတယ်။
ICRC နဲ့ တစ်ကြိမ်တွေ့ခွင့်ပေးတာက လွတ်မြောက်မှု မဟုတ်ပဲ စစ်တပ်က နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံဖို့ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေတာဖြစ်ပြီး အဲဒီလိုလုပ်ဆောင်တာကို လက်မခံနိုင်ဘူးလို့All in One Piece Movement ကဆိုပါတယ်။
ICRC အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တွေ့ဆုံခွင့်ရရှိဖို့ ၊ မိသားစုနဲ့ ချက်ချင်း ဆက်သွယ်ခွင့်ရရှိဖို့ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ချင်းခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့အတွက် ဆက်လက်ကြိုးပမ်းပေးဖို့တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ၊ အာဆီယံအစိုးရတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း အထက်ပါတောင်းဆိုမှုတွေကို ဆက်လက်ပြုလုပ်ကြဖို့ All All in One Piece Movement ကတောင်းဆိုထားပါတယ်။
မိခင်ဖြစ်သူ ICRC နဲ့တွေ့ခွင့်ရတာက စစ်တပ်အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလမှာ အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတတ်မှုဖြစ်တယ်လို့ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းကပြောပါတယ်။
ဒါကြောင့် Proof Of Life ကမ်ပိန်းမှာ ပါဝင်ပေးကြသူတွေ အားလုံးကို အထူးကျေးဇူးတင်ပြီး အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားပေးမှု တွေကြောင့် မိခင်ဖြစ်သူရဲ့ ကိစ္စက နိုင်ငံတကာရဲ့ အာရုံစိုက်မှုအောက်မှာ ဆက်ပြီးရှိနေနိုင်တာလို့ ကင်မ်ကပြောပါတယ်။


















































