သြဂုတ် – ၅ ၊၂၀၂၆
လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
ဩဂုတ် ၄ ရက်နေ့ ညပိုင်းမှာ လေဆိပ်ရဲ့ ထုတ်ပြန်ချက်အရ အဲဒီကိစ္စဟာ ဇူလိုင် ၂၉ ရက်နေ့ ညသန်းခေါင် ဝန်းကျင်လောက်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အဲဒီ တရုတ် ပရိသတ်တွေဟာ သူတို့ချစ်ခင်တဲ့ အနုပညာ ကြယ်ပွင့်ကို တွေ့တဲ့အခါ ဝမ်းသာအားရ အပြေးအလွှား သွားရောက်ခဲ့တာကို လေဆိပ် လုံခြုံရေး မှတ်တမ်း ဗီဒီယိုတွေမှာ တွေ့ခဲ့ရပါတယ်။
သူတို့ဟာ အဲဒီကြယ်ပွင့် အမျိုးသားနဲ့ ထိုင်းလေကြောင်းပိုင် လေယာဉ် ခရီးစဉ် တစ်ခုတည်းကို အတူစီးနင်းရမှာ ဖြစ်ပေမယ့် လုံခြုံရေးအရ ပြဿနာ ရှိလာနိုင်တာကြောင့် လေဆိပ် ဝန်ထမ်းတွေက ပရိသတ် အဖွဲ့ကို လေယာဉ်ပေါ် တက်ခွင့် မပေးတော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လေဆိပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အနုပညာ ကြယ်ပွင့်ရဲ့ နာမည်ကိုတော့ ဖော်ပြမထားခဲ့ပါဘူး။

Public Service Announcement
တရုတ်ခရီးသည်တွေဟာ လေယာဉ်စီးဖို့ ပြင်နေချိန်မှာပဲ အဲဒီ အနုပညာရှင်ကို တွေ့သွားတဲ့နောက် ဝင်ရောက်ခွင့် ကန့်သတ်ထားတဲ့ နေရာထဲထိ ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်တော့ ထိုင်းလေဆိပ် ဝန်ထမ်းတွေက လုံခြုံရေး အစောင့်တွေကို ခေါ်ယူပြီး ပရိသတ်တွေကို ခေါ်ထုတ်သွားစေခဲ့ပါတယ်။
သူတို့တွေက အနုပညာရှင်ကို နီးနီးကပ်ကပ် မြင်ရအောင် ပေကပ်နေတာတွေပါ ရှိခဲ့တဲ့ နောက်မှာတော့ လေယာဉ်ပေါ်မှာ အတူရှိနေရင် လုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့ ဆုံးဖြတ်ပြီး လေဆိပ်ဝန်ထမ်းတွေက တရုတ် ပရိသတ် ၂၂ ဦးကို လေယာဉ်ပေါ်တက်ခွင့် ငြင်းဆိုခဲ့တာပါ။
ဒီကိစ္စနဲ့ ပတ်သက်လို့ အမှုထမ်းတွေနဲ့ ခရီးသည်တွေကြား အငြင်းအခုံတွေ ဖြစ်ခဲ့ပြီး လုံခြုံရေး ဝန်ထမ်းတစ်ဦးက လူမျိုးရေး ခွဲခြားတဲ့ အမူအယာမျိုးတွေ လုပ်ပြခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိလာပါတယ်။ အဲဒီနောက်မှာတော့ ဒီကိစ္စဟာ တရုတ်နဲ့ ထိုင်းက လူမှုကွန်ရက် သုံးစွဲသူတွေ အာရုံစိုက်တဲ့ အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။
သုဝဏ္ဏဘူမိ လေဆိပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ လေဆိပ်ထဲက အခြေအနေမျိုး လေယာဉ်ပေါ်မှာသာ ဖြစ်ခဲ့ရင် ထိန်းမနိုင် သိမ်းမရ အဆင့်ထိ ရောက်သွားပြီး ပြဿနာတွေ ရှိလာမှာကို စိုးရိမ်လို့ လေဆိပ် ဝန်ထမ်းတွေက အသင့်တော်ဆုံး စီမံခဲ့ကြောင်း ပါရှိခဲ့ပါတယ်။
လေယာဉ်ပေါ် တက်ခွင့်မရသူတွေထဲက ၁၂ ဦးဟာ သူတို့ရဲ့ ဝန်စည်စလယ်တွေကို ပြန်ချဖို့ သဘောတူခဲ့ပေမယ့် နောက်ထပ် ၁၀ ယောက်က မကျေမချမ်း ဖြစ်ပြီး ဝန်ထမ်းတွေနဲ့ စကားများခဲ့တာပါ။
လူမျိုးရေး ခွဲခြားတယ်လို့ စွပ်စွဲခံရတဲ့ လုံခြုံရေး ဝန်ထမ်းရဲ့ မသင့်မတော် အပြုအမူ အတွက်ကိုတော့ လေဆိပ်ဖက်က တောင်းပန်ခဲ့ပြီး စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ လုံခြုံရေး ဝန်ထမ်းတွေဟာ ခရီးသည်တွေရဲ့ လုံခြုံရေးအတွက် သင့်တော်သလို ဆောင်ရွက်ခဲ့တာ ဖြစ်ပေမယ့် အဲဒီပုဂ္ဂိုလ်ရဲ့ လုပ်ရပ်က သတ်မှတ်စံနှုန်းတွေနဲ့ မကိုက်ညီခဲ့ဘူးလို့ လေကြောင်းလိုင်းက ပြောပါတယ်။
ထိုင်းဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဆီဟာဆက် ဖုန်ကက်ကောင်ကတော့ အခု အငြင်းပွားစရာ အခြေအနေကို ပိုရှုပ်ထွေးမလာအောင် ထိုင်းနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ကူညီ ဖြေရှင်းပေးစေလိုကြောင်း ဩဂုတ် ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
သံအမတ်ကြီးကိုယ်တိုင် ရှေ့ထွက်ပြီး ရှင်းလင်းပေးမယ်ဆိုရင် ပိုကောင်းမယ်ထင်ကြောင်း၊ ဒါဟာ တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ သက်သက် မဟုတ်ဘဲ နှစ်နိုင်ငံကြားက နားလည်မှု တည်ဆောက်ခြင်းကို ကူညီပေးရာလည်း ရောက်မှာဖြစ်ကြောင်း ဆီဟာဆက်က ဆိုပါတယ်။
ဒီလိုကိစ္စမျိုးဟာ ထိလွယ်ရှလွယ် ရှိနိုင်ပြီး သံတမန်ရေး တင်းမာမှုတွေ မြင့်တက်သွားစေနိုင်တာကြောင့် သတိထား ကိုင်တွယ်ဖို့ အရေးကြီးတယ်လို့လည်း ဝန်ကြီးက ပြောကြားသွားပါတယ်။
ကိုးကား – Bangkok Post၊ Khaosod


















































