ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။
ဩဂုတ် ၂၆ ရက်နေ့က ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်းက ကွန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအပြီး ယာဉ်မောင်းဖြစ်သူကိုတော့ ရဲတွေက ဖမ်းဆီးထားပါတယ်။
အခုဖြစ်စဉ်မှာ အကြမ်းဖက် အစွန်းရောက်ဝါဒနဲ့ ဆက်စပ်တဲ့ အထောက်အထားမျိုးတော့ မတွေ့ရပေမယ့် ရဲတပ်ဖွဲ့က စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ယာဉ်မောင်းဟာ အရင်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဥပဒေ ချိုးဖောက်မှု တစ်ခုကလွဲပြီး တခြားပြစ်မှု မှတ်တမ်းဟောင်း မရှိဘူးလို့ ဆိုပါတယ်။
လူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့ လုပ်ရပ်ဟာ ရန်ပွဲတစ်ခုကို အကြောင်းပြုပြီး ကျူးလွန်ခဲ့တာလို့ ကွန်မြို့က အမှုစစ် အရာရှိတွေက ယုံကြည်နေပါတယ်။ ယာဉ်တိုက်မှု မတိုင်ခင်တုန်းက အဲဒီနားက အရက်ဘားမှာ ရန်ပွဲတစ်ခုလည်း ဖြစ်ခဲ့ပါသေးတယ်။ ဒဏ်ရာရသူတွေထဲမှာ ၇ ဦးက အခြေအနေ ပြင်းထန်ပြီး ၃ ဦးကတော့ အသေးစားလောက်သာ ထိခိုက်ခဲ့ပါတယ်။

Public Service Announcement
ဘူတာရုံ မျက်နှာချင်းဆိုင်ဖက် လမ်းဘေးမှာ ရှိနေတဲ့ လူအုပ်ထဲကို ကားက အရှိန်နဲ့ တမင်ဝင်တိုက်ခဲ့တာလို့ ရဲတွေက ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေချိန် အတောအတွင်း အဲဒီဧရိယာ တဝိုက်ကို အသွားအလာ မလုပ်ဖို့ ဒေသခံတွေကို ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
အဖမ်းခံရသူဟာ အသက် ၂၆ နှစ်အရွယ် ရုရှားနွယ်ဖွား လူငယ်တစ်ဦးဖြစ်ပြီး ပြင်သစ် ထောက်လှမ်းရေးရဲ့ စောင့်ကြည့်မှတ်တမ်းထဲမှာ ပါဝင်နေသူ မဟုတ်ပါဘူး။
သူဟာ လူအုပ်ကို ကားနဲ့ ဝင်တိုက်ပြီး ထွက်ပြေးသွားခဲ့ပေမယ့်လည်း ကီလိုမီတာ ၂၀ လောက် အကွာ အွိုင်စတာဟမ်မှာ ခြေရာခံ ဖမ်းမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ထိခိုက်သေဆုံးသူ အားလုံးဟာ အသက် ၁၇ နှစ်နဲ့ ၄၀ ကြား အမျိုးသားတွေချည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဟာ အခုဖြစ်စဉ်ကို လူသတ်မှု၊ ရန်လို အကြမ်းဖက်မှုတွေနဲ့ အမှုဖွင့်ထားပါတယ်။ လောလောဆယ်တော့ အကြမ်းဖက် ဝါဒနဲ့ ဆက်နွှယ်တဲ့ နောက်ခံ အခြေအနေ ဘာမှ မတွေ့ရသေးပေမယ့် စုံစမ်းစစ်ဆေးမှုတွေကိုတော့ ဘက်ပေါင်းစုံကနေ စေ့စေ့စပ်စပ် လုပ်ဆောင်သွားမယ်လို့ မြို့ရဲ့ ရှေ့နေချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ ရဲတွေက သေဆုံးသူ အမျိုးသားရဲ့ နာမည်ကိုတော့ မကြေညာသေးပါဘူး။
ကိုးကား: AFP


















































