စက်တင်ဘာ -၁ ၊၂၀၂၆။ဖိုးသား/People’s Spring
မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မကွေးခရိုင်စစ်ဌာန သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
မကွေး-နတ်မောက်လမ်းပိုင်းက ကြာကန်ကျေးရွာနဲ့ ပုဂံမျှော်ကျေးရွာကြားမှာ ဩဂုတ် ၂၉ ရက် ညနေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မကွေးကနေ နတ်မောက်ဘက်ကိုဦးတည်တဲ့ ယာဉ်တန်း။ကားက ငါးစီးပါတယ်”လို့ သရက် ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement
အဲဒီ တိုက်ခိုက်မှုမှာ စစ်ယာဉ်တန်းမှာပါတဲ့ အရာခံဗိုလ် ၁ဦး၊တပ်သား ၄ဦးသေဆုံးပြီး တပ်ကြပ် ၁ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ စစ်ကား ၁စီးပျက်စီးတယ်လို့ အသိပေးပါတယ်။စစ်တပ်ယာဥ်တန်း ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုလို့ မရသေးပါဘူး။
စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုနဲ့အတူ မကွေး-နတ်မောက်လမ်းပိုင်း ပုဂံမျှော်ကျေးရွာပျူစောထီးဂိတ်စခန်းကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ငါးပြေမတပ်ရင်းက ဆိုပါတယ်။
ထိခိုက်မှုအခြေအနေကို အတည်ပြုရန်စုံစမ်းဆဲဖြစ်ပြီး တိုက်ခိုက်မှုတွေမှာ တပ်ရင်းက ရဲဘော် ၁ဦးကျဆုံးကာ ရဲဘော် ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နတ်မောက်မြို့အရှေ့ခြမ်းက စစ်ကြောင်းကို စစ်တပ်က အင်အားဖြည့်ဖို့ မကွေးမြို့ကနေ စစ်ယာဉ်တန်းတွေ ဆင်းလာခဲ့တာဖြစ်ပါတယ်။
မနေ့က(ဩဂုတ် ၃၁ ရက်) နတ်မောက်မြို့အရှေ့ဘက်ခြမ်း လျှော်ချောင်းလေးရွာကနေ အင်အား ၁၂၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်လည်း မိုင်းဆွဲတိုက်ခိုက်ခံရပါတယ်။

















































