Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်မှာ ချောင်းရေ စံချိန်တင်မြင့်တက်

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

(ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းရေအခြေအနေကို စက်တင်ဘာ ၇ရက် ဒီနေ့ တွေ့ရစဥ်။ ဓာတ်ပုံ - MC Sai Tun Tun/FB)

စက်တင်ဘာ-၇၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring

နေပြည်တော်မှာ မိုးကြီးပြီး နဝင်းချောင်းရေ စံချိန်တင်မြင့်တက်လာလို့ ဒေသတွင်းဆက်စပ်မြို့နယ်တွေ ရေဘေးကြိုတင်သတိပြုကြဖို့ လူမှုကူညီရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ တပ်ကုန်းမြို့ထဲက နဝင်းချောင်းရေဟာ ဒီနေ့ စက်တင်ဘာ ၇ရက် နေ့လယ်ပိုင်းမှာ ၁၂ပေအထိ မြင့်တက်လာပြီး ၂၀၂၆ မိုးရာသီမှာ အမြင့်ဆုံးစံချိန်တင်ရေမှတ်ဖြစ်တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

“မိုးက မနေ့က တော်တော်ကြီးကို ရွာတာ။ တောင်ကျရေတွေကြောင့် နဝင်းချောင်းရေ လျှံလာတာ။ အဲ့ဒီရေက ပျဉ်းမနားရော ပဲခူးတိုင်းထဲက မြို့တွေကိုပါ ဝင်မှာမို့လို့ အသင်းအဖွဲ့ချင်း ချိတ်ဆက်ပြီး သတိပေးနေတာ”လို့ နေပြည်တော်က အရပ်ဖက် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နေပြည်တော်မှာ တောင်ကျရေနဲ့ ချောင်းရေလျှံရင် ပဲခူးတိုင်းထဲက ရေတာရှည်၊တောင်ငူမြို့နယ်တွေအထိ ရေကြီးနစ်မြုပ်မှုအန္တရာယ်ရှိပါတယ်။ ၂၀၂၄နဲ့ ၂၀၂၅ မိုးရာသီကလည်း တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေးမြို့တွေအပါအဝင် နေပြည်တော်က မြို့နယ်တွေမှာ ရေကြီးခဲ့ပြီး ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ပဲခူးတိုင်းမှာလည်း ရေဘေးကြုံတွေ့ခဲ့ပါတယ်။ လက်ရှိမှာလည်း ပဲခူးတိုင်းထဲက တောင်ငူ၊ ပဲခူး၊ မဒေါက်၊ ရွှေကျင်မြို့နယ်တွေမှာ ပုံမှန်ထက်ရေများနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်ရေတွေလည်း မြင့်တက်နေပါတယ်။

ဒါ့အပြင် လတ်တလောမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာလည်း မိုးကြီးပြီး မယ်ဆိုင်ချောင်းရေလျှံလို့ မြေနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေပါတယ်။ မယ်ဆိုင်ချောင်းရဲ့ ရေတားနံရံဟာ နေရာအချို့မှာ ပြိုကျသွားလို့ ရေကြီးနစ်မြုပ်မှု ပိုဆိုးနိုင်တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဧရာဝတီတိုင်းမှာလည်း ရေဘေးဆက်လက်ကြုံတွေ့နေဆဲဖြစ်ပါတယ်။ လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့လို့ လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်း၊ ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေကြီးနေပါတယ်။

တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးဆက်ကြီးနိုင်တဲ့အတွက် ရေဘေးသတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGလူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာ ၇ရက်ကနေ စက်တင်ဘာ ၁၃ရက်အတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ MoSLHAက သတိ‌ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

အ​နောက်သို့ဆက်သွားရင်ပန်းတောင်း၊ဥသျှစ်ပင်ဘက်သို့​​ရောက်ပြီး ​တောင်ဘက်သွားရင်ဧရာဝတီတိုင်းထဲ​ရောက်မယ်