Connect with us

Hi, what are you looking for?

အတွေးအမြင်

စစ်ပွဲတွေရဲ့ဇာတ်လိုက်များ

မျက်မှောက်ကာလ စစ်ပွဲတွေမှာ နည်းပညာဟာ အရေးကြီးလာပါတယ်။ နည်းပညာသာသူကသာ စစ်ပွဲတွေကို အောင်နိုင်ဖွယ် ရှိပါမယ်။

ကိုဗလ​ရေးသားသည်။

မျက်မှောက်ကာလ စစ်ပွဲတွေမှာ နည်းပညာဟာ အရေးကြီးလာပါတယ်။ နည်းပညာသာသူကသာ စစ်ပွဲတွေကို အောင်နိုင်ဖွယ် ရှိပါမယ်။

နည်းပညာပေါင်းများစွာထဲကမှ စစ်ပွဲတွေအတွက် မရှိမဖြစ်ဆိုလောက်အောင် အသုံးပြုနေကြပြီဖြစ်တဲ့ Drone(ဒရုန်း) နဲ့ AI(Artificial Intelligent) တို့အကြောင်းကို ပြောကြရအောင်ပါ။

Drone(ဒရုန်း) နဲ့ AI (Artificial Intelligent) တို့ဟာ မျက်မှောက်ခေတ် စစ်ပွဲတွေမှာ စစ်လက်နက်တွေကို နောက်တန်းကနေပံ့ပိုးနေတဲ့ ပစ္စည်းတွေ မဟုတ်ကြတော့ပါဘူး။ စစ်ပွဲတွေရဲ့ ရှေ့တန်းတွေမှာ လက်နက်တွေ ဖြစ်နေကြပါပြီ။

Public Service Announcement

Public Service Announcement

အီရန်-အစ္စရေး-အမေရိကန် စစ်ပွဲကိုသာ နမူနာကြည့်ပါ။ ဒရုန်း နဲ့ AI ကို ဘယ်လောက် အသုံးပြုနေကြတယ်ဆိုတာ သိသာပါတယ်။ စစ်ပွဲတွေမှာဒရုန်းတွေဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ စပြီးဆွေးနွေးပါ့မယ်။

ဒရုန်းဆိုတာ မောင်းသူမဲ့လေယာဉ်ငယ်တွေပါ။ ပထမကမ္ဘာစစ်ပွဲတုန်းကတည်းကဒရုန်းကိုတီထွင်ဖို့ ကြိုးစားနေကြပါပြီ။ မှတ်တမ်းတွေအရ စစ်ရေးသုံး ပထမဆုံး ဒရုန်းကို အမေရိကန်လူမျိုး Charles Kettering က ၁၉၁၈ ခုမှာ စတင်တီထွင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ ဒရုန်းကို စစ်ပွဲမှာ အသုံးမပြုခဲ့ပါဘူး။အဲ့ဒီဒရုန်းကို နမူနာထားပြီး အနာဂတ်မှာ နည်းပညာမြင့်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒရုန်းတွေကို စစ်ပွဲတွေမှာ ပထမဆုံးစတင်အသုံးပြုခဲ့တာကတော့ ဒုတိယကမ္ဘာစစ်ပွဲမှာပါ။ အမေရိကန်နဲ့ ဂျာမဏီတို့က စတင်အသုံးပြုခဲ့ကြခြင်း ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း တဖြည်းဖြည်းနဲ့ နည်းပညာတွေ အပြိုင်အဆိုင် မြှင့်တင်လာကြပြီး ဒရုန်းတွေဟာ ပစ်မှတ်ကို အတိအကျပစ်နိုင်ပြီး ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးတွေအဖြစ် ပြောင်းလဲ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

ဒရုန်းတွေဟာ အခုအခါ ပျံသန်းနေတဲ့ စက်ရုပ်ငယ်လေးတွေဖြစ်နေကြပါပြီ။အတိတ်တုန်းကစစ်လေယာဉ်တွေအတွက် ဒေါ်လာဘီလီယံချီ ကုန်ကျပါတယ်။ ဒရုန်းတွေဟာ စစ်လေယာဉ်ကြီးတွေထက် အများကြီး စျေးသက်သာပါတယ်။ စျေးသက်သာပြီး သေးငယ်ပေမယ့် သူ့ပါဝါဟာ ကြီးမားလှပါတယ်။အမေရိကန်ဒေါ်လာရာဂဏန်း၊ထောင်ဂဏန်းလောက်သာ တန်ကြေးရှိတဲ့ ဒရုန်းတွေဟာ ဒေါ်လာ သိန်းချီသန်းချီတန်တဲ့ အရာဝတ္ထုတွေကို ဖျက်ဆီး ပစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့လတုန်းက မြန်မာစစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေကို ဖျက်ဆီးနိုင်ခဲ့တဲ့ ဇာတ်လိုက်ကျော်ကတော့ ဒရုန်းတွေပဲ ဖြစ်ပါတယ်။

ယူကရိန်းက ရုရှားရဲ့ စစ်လေယာဉ် ၄၀ ကျော်ပျက်ဆီးခဲ့တာလည်း ဒရုန်းတွေပဲ ဖြစ်ပါတယ်။

စစ်ရေးသုံးဒရုန်းတွေဟာအချိန်အတော်ကြာအောင်ပျံသန်းနိုင်ကြပါတယ်။ နမူနာအနေနဲ့ အမေရိကန်စစ်တပ်ရဲ့ ထောက်လှမ်းရေးသုံး ဒရုန်း RQ-4 Global Hawk ဟာ ၃၄ နာရီကြာ၊ အီရန်ရဲ့ နာမည်ကျော် Shahed-136 စစ်ရေးသုံး အသေခံဒရုန်း(Suicide Drone)ဟာအချိန် ၃ နာရီနဲ့ ၅ နာရီကြာ၊ အစ္စရေးရဲ့ Harop အမည်ရှိတဲ့ အသေခံဒရုန်း(Kamikaze Drone) ဟာ ၆ နာရီကြာ အသီးသီး ပျံသန်းနိုင်ကြပါတယ်။

ယူကရိန်းရဲ့ ဒရုန်း​တွေ နဲ့ ရုရှား​လေယာဥ်​တွေကိုတိုက်ခိုက်ခဲ့စဥ်

ကနေ့ခေတ်မှာ ဒရုန်းတွေဟာ ဗုံးတွေ ဖြစ်သွားကြပါပြီ။အထူးသဖြင့်၂၀၀၁ ခုနှစ် အမေရိကန်မှာ 9/11 တိုက်ခိုက်ခံရမှုနောက်ပိုင်း ဒရုန်းနည်းပညာတွေ ပိုမိုမြင့်မားလာပြီး စစ်ပွဲတွေမှာ အဆင့်မြင့် ဒရုန်းတွေ အသုံးများလာခဲ့ပါတယ်။

၂၀၀၂ခုနှစ်တုန်းကယီမင်ရှိအယ်လ်ကေးဒါးခေါင်းဆောင်ကို အမေရိကန်ဟာဒရုန်းအသုံးပြုပြီးသတ်ဖြတ်ခဲ့တာပါ။ ၂၀၀၄ ကနေ ၂၀၀၉ ကာလတွေမှာ အမေရိကန်ဟာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ အီရတ်နိုင်ငံတွေကို တိုက်ရာမှာ ဒရုန်းတော်တော်များများကို အသုံးခဲ့ပါတယ်။

၂၀၂၁ ခုကစပြီး မြန်မာနိုင်ငံမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ဒရုန်းတွေကို အဓိက အသုံးပြုပြီး အာဏာသိမ်း မြန်မာစစ်တပ်ကို တိုက်ခိုက်နေပါတယ်။ မြန်မာ့တော်လှန်ရေးမှာ ဒရုန်းတွေရဲ့ အခန်းကဏ္ဍဟာ အဓိကနေရာက ပါဝင်နေပါတယ်။

ဒရုန်းတွေမှာ အရပ်ဖက်သုံးနဲ့ စစ်ဖက်သုံးဒရုန်းဆိုပြီး ရှိကြပါတယ်။ စစ်ဖက်မှာ ဒရုန်းကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်၊ ထောက်လှမ်းရေးသုံးလ ဒရုန်း၊ ဗုံးသယ်ဆောင်တိုက်ခိုက်ရေးသုံး ဒရုန်း၊ ပစ်မှတ်ကို အသေခံတိုက်ခိုက်တဲ့ အသေခံဒရုန်း၊ ရန်သူရဲ့ ရေဒါတွေနဲ့ ဆက်သွယ်ရေးကိရိယာတွေကို အနှောက်အယှက်ပေးတဲ့ ဒရုန်း၊ ရေဒါနဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကို အနှောက်အယှက်ပေးတဲ့ ဒရုန်း စသဖြင့် သုံးကြတာပါ။

ချုပ်ပြောရရင်စစ်ပွဲတွေမှာဒရုန်းတွေသုံးခြင်းအားဖြင့် ပိုက်လော့တွေ အန္တရာယ်ကင်းတယ်။။ စုံစမ်းထောက်လှမ်းရေးတွေ ပိုလုပ်နိုင်တယ်။ ပစ်မှတ်တွေကို ပိုမိုတိကျအောင် ပစ်နိုင်တယ်။ ကုန်ကျစားရိတ်သက်သာတယ်။ အချိန်အကြာကြီး ပျံသန်းနိုင်တယ်။ ဒါကြောင့် ကမ္ဘာပေါ်ရှိ စစ်တပ်အသီးသီးဟာ ဒရုန်းတွေကို အကြီးအကျယ် အသုံးပြုနေကြပါပြီ။

AI (Artificial Intelligent)အကြောင်းဆက်ကြပါစို့။AI ကို မြန်မာလိုဉာဏ်ရည်တုလို့ ခေါ်ပါတယ်။ လူတွေလို တွေးတောနိုင်တဲ့၊သင်ယူနိုင်တဲ့၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ ကွန်ပြူတာစနစ်တခုပါ။ AI နည်းပညာကို ၁၉၅၀ ခုနှစ်ပိုင်းတွေတုန်းက အမေရိကန်က စတင်မိတ်ဆက်ခဲ့တာပါ။ အဲ့ဒီတုန်းကတော့ သချ်ာတွက်တာ၊ စစ်တုရင်ကစားတဲ့ ဂိမ်းလိုမျိုးတွေမှာ သုံးခဲ့ပါတယ်။

ယူကရိန်းရဲ့ ဒရုန်း​တွေ နဲ့ ရုရှား​လေယာဥ်​တွေကိုတိုက်ခိုက်ခဲ့စဥ်။ ဓါတ်ပုံ-Maxar

၁၉၈၀ ခုနဲ့ ၁၉၉၀ ခုတွေကြားမှာတော့ AI နည်းပညာဟာ တဖြည်းဖြည်းဆန်းသစ်လာခဲ့ပြီး စစ်ရေးကိစ္စတွေမှာ စတင်အသုံးပြုလာခဲ့ကြပါတယ်။ ရေဒါစနစ်တွေ၊ ဒုံးပျံတွေ ခြေရာခံတာတွေနဲ့ အခြားလိုအပ်တဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေမှာ AI ကို သုံးခဲ့ကြတာပါ။

နောင်မှာတော့ AI ဟာ စစ်ဆင်ရေးကိစ္စတွေမှာပါ အကြံပေးနိုင်ခဲ့ပါတယ်။ AI ဟာ စစ်ဆင်ရေးကိစ္စတွေမှာ ပစ်မှတ်တွေကို ရှာဖွေပေးကာ ဘယ်လိုပစ်မှတ်ဖြစ်တယ်ဆိုတာ ခွဲခြားပေးပါတယ်။ နမူနာအနေနဲ့ ပစ်မှတ်ဟာ လူလား၊ လက်နက်လား၊ အဆောက်အဦးလား စသဖြင့် အသေးစိတ် ခွဲခြားပေးတာပါ။

AI ဟာကောင်းကင်းဂြိုလ်တုကရိုက်ထားတဲ့ပုံတွေဖတ်ပြီးဘာဆိုတာ ခွဲခြားပေနိုင်တယ်။စစ်ဆင်ရေးတွေအတွက် ဆုံးဖြတ်ချက်တွေချရာမှာလည်း AI က အကူအညီပေးပါတယ်။ နမူနာအနေနဲ့ စစ်ဆင်ရေးမှူးတွေကိုအခုချက်ချင်းတိုက်သင့်ပြီ၊ ခဏစောင့်ပါဦး၊ ဘယ်နေရာမှာ အားကောင်းနေတယ်၊ ဘယ်နေရာမှာ အားနည်းချက်ရှိတယ် စသဖြင့် မဆုံးဖြတ်ခင် အကြံပေးနိုင်ပါတယ်။

အီရန်နဲ့အစ္စရေးစစ်ပွဲ၊ အီရန်ကို အမေရိကန်က B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်​တွေသုံးပြီး ပေါင်သုံးသောင်းဗုံးနဲ့ကြဲပြီးတိုက်ခိုက်မှုတွေရဲ့အဓိက ဇာတ်လိုက်တွေကတော့ Drone နဲ့ AI တို့ပဲဖြစ်ပါတယ်။

အနာဂတ်စစ်ပွဲတွေက လူတွေတိုက်ကြမယ့် စစ်ပွဲတော့မဟုတ်တော့ပါဘူး၊ အဆင့်မြင်နည်းပညာတွေ အသုံးပြုထားတဲ့ စက်တွေပဲ တိုက်ကြမယ့် စစ်ပွဲတွေ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ဒရုန်း နဲ့ AI တို့ကတော့ ဇာတ်လိုက်တွေအဖြစ်ပါနေကြဦးမှာပါ။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲကာလတလျှောက် စံချိန်တင် အရေအတွက် အများဆုံး ဒရုန်းတွေနဲ့ တိုက်ခိုက်မှု တစ်ခုကို ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်က ကြုံတွေ့ ခံစားခဲ့ရပါတယ်။

သတင်း

ရေး-ထားဝယ်လမ်းမပေါ်ရှိ စစ်ကောင်စီ၏ ရေးမြို့အခြေစိုက် အမှတ်-၃၁၆ အမြောက်တပ်(အမတ ၃၁၆)ကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ယနေ့ ထုတ်ပြန်သည်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)ကို ပိုမို အားကိုးသွားမယ့် စီမံကိန်းနဲ့အတူ ဝန်ထမ်းအင်အား ၉၀၀၀ လောက်ထိ လျှော့ချသွားမယ်လို့ အမေရိကန် နည်းပညာ လုပ်ငန်းစုကြီး Microsoftက ဆိုပါတယ်။

နိုင်ငံတကာ

အစ္စရေး-အီရန် စစ်ရေးပဋိပက္ခက ဆက်လက် အရှိန်မြင့်တက်နေသလို အဲဒီ အခြေအနေကို အကြောင်းပြုပြီး ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြု ဖန်တီးထားတဲ့ သတင်းအချက်အလက်မှား ဓာတ်ပုံအတု၊ ဗီဒီယိုအတုတွေကလည်း လူမှုကွန်ရက်ပေါ်မှာ အလုံးအရင်း ပျံ့နှံ့နေပါတယ်။