၅၅၉ရေးသားသည်။
“ရူးချင်ယောင်ဆောင်နေတယ်”ဆိုတဲ့ခေတ်စကားတစ်ခုရှိပါတယ်။ “အရူးကွက်နင်းတယ်”လို့လည်း တခါတရံပြောကြတယ်။ “အရူးလက်မှတ်ရထားတယ်”လို့တောင်တချို့ကဆိုကြသေးတယ်။
အဓိပ္ပါယ် ကတော့ အရူးလို့သတ်မှတ်ခံရရင်ကြိုက်တာကိုလုပ်ခွင့်ရသွားတယ်။ဆဲချင်ဆဲမယ်၊ ကချင်ကမယ်၊ ခဲနဲ့ကောက်ထုချင်ကောက်ထုမယ်၊ အဝတ်မပါပဲတောင်သွားလို့ရသေးတယ်။ အဓိကကတော့ သူဘာလုပ်မယ်ဆိုတာကိုကြိုတွက်လို့မရနိုင်တော့ဘူး။
ဒါပေမယ့် ဒါကိုနိုင်ငံရေးဆိုင်ရာသီအိုရီတစ်ခုအဖြစ်တော့ရှူမြင်သူမများကြပါဘူး။နိုင်ငံရေးသုံးသပ်သူ အချို့ကတော့အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရန့်ဟာ “အရူးသီအိုရီ”ကိုလက်ကိုင်ထားပြီး သူ့ပြိုင်ဖက်တွေနဲ့ ရန်သူတွေကိုအနိုင်ယူဖို့ကြိုးပမ်းသူလို့ယူဆကြပါတယ်။

Public Service Announcement

“အရူးသီအိုရီ” (Madman Theory)ဆိုတာဟာနိုင်ငံရေးဆိုင်ရာ (အထူးသဖြင့်)နိုင်ငံခြားရေးဆိုင်ရာ အယူအဆတစ်ခုဖြစ်ပါတယ်။ ဒီသီအိုရီကိုအစောဆုံးပြောခဲ့သူထဲမှာ ၁၅ရာစုကအီတလီနိုင်ငံရေး တွေးခေါ်ပညာရှင် မက်ခီယာဗယ်လီ ပါဝင်ပါတယ်။
သူကသူ့ရဲ့နိုင်ငံရေးဗျူဟာတွေကို The Prince ဆိုတဲ့စာအုပ်ထဲမှာရေးခဲ့ပြီး၊ နောက်ပိုင်းအတွေးအခေါ်သမားတချို့ကတော့ ဒီစာအုပ်ကို “အာဏာရှင် လက်စွဲကျမ်း”လို့ညွှန်းကြပါတယ်။
သူ့အယူအဆတွေရဲ့အချုပ်ကတော့နိုင်ငံရေးခေါင်းဆောင်ဟာ ကျင့်ဝတ်တွေ၊စည်းကမ်းတွေကိုမကြည့်ပဲအနိုင်ရဖို့အတွက်ဘာမဆိုလုပ်ဆောင်ရမယ်ဆိုတဲ့အချက်ပါပဲ။
အရူးသီအိုရီကိုမက်ခီယာဗယ်လီကဆွေးနွေးတာမှာ ခေါင်းဆောင်ဆိုတာဟာသူဘာလုပ်မယ်ဆိုတာကို ရန်သူတွေကြိုတင်တွက်ဆလို့မရနိုင်သူ၊ ဟန်ဆောင်ခြင်း၊ ရက်စက်ခြင်းနဲ့လိုချင်တာကိုရအောင်ယူနိုင်သူ အဖြစ် ဖွဲ့ဆိုပြပါတယ်။ အရူးသီအိုရီရဲ့အခြေခံက ဘာမဆိုထလုပ်နိုင်တယ်ဆိုတာနဲ့အဓိပ္ပါယ်မရှိတာ တွေကိုလည်းလုပ်ပြမယ်ဆိုတာဲ့အချက်တွေပါ။
အီရန်ကိုအစ္စရေးကတိုက်ခိုက်ရာမှာအမေရိကန်ဝင်ပါမှာလားလို့မေးတဲ့အခါဒေါ်နယ်ထရမ့်က “ကျွန်တော်ပါချင်ပါမယ်၊ ပါချင်မှလည်းပါမယ်၊ ကျွန်တော်ဘာလုပ်မယ်ဆိုတာဘယ်သူမှမသိဘူး”လို့ ပြန်ဖြေခဲ့ပါတယ်။
ပြီးတော့အီရန်ကိုစေ့စပ်ဆွေးနွေးဖို့သူအချိန်ပေးထားတယ်လို့နိုင်ငံတကာကထင်နေတဲ့အချိန်မှာပဲရုတ်တရက်B2လေယာဉ်တွေနဲ့အီရန်ကိုဗုံးကြဲခဲ့ပါတယ်။
ယူကရိန်းကရုရှကိုကျူးကျော်တယ်လို့သူစွပ်စွဲခဲ့တယ်၊ခဏနေတော့ ယူကရိန်းသမ္မတဇလန်စကီးဟာ သူရဲကောင်းပါလို့ပြောပြန်တယ်၊ မကြာပါဘူး၊ဇလန်စကီးကို အိမ်ဖြူတော်ကိုဖိတ်ပြီးစော်ကားတော့ တာပါပဲ။ ပြီးတော့မှမြေရှားအပါအဝင်ဓါတ်သတ္ထုတွေကိစ္စကိုယူကရိန်းနဲ့သဘောတူညီမှုယူလိုက်တယ်။ အရူးကွက်တွေနင်းတာကိုပြောပါတယ်။ဆဲရေးတယ်၊သီချင်းဆိုပြတယ်၊ခဲနဲ့ကောက်ထုတယ်၊ပြီးတော့မှမုန့်လုစားပါတယ်။သူ့ဘာလုပ်မယ်ဆိုတာကိုကမ္ဘာကခန့်မှန်းလို့မရတာကိုသူကပြောင်ပြောင်ပဲပျော်မွေ့ပြတယ်။ပါးစပ်ကလည်းထုတ်ပြောတယ်။
ဒုတိယအကြိမ်သမ္မတဖြစ်ဖြစ်ချင်း ပူတင်ရဲ့ဂုဏ်ကိုချီးမြှောက်ပြီးမဟာမိတ်နိုင်ငံတွေကို တိုက်ခိုက်ပြပါတယ်။ကနေဒါနိုင်ငံကို အမေရိကန်ရဲ့၅၁ခုမြောက်ပြည်နယ်လို့စော်ကားခဲ့တယ်။ ဒိန်းမတ်နိုင်ငံအပိုင်ထဲက ဂရင်းလန်းကျွန်းကိုသိမ်းမလိုလိုဟန်ရေးပြတယ်။ ပနားမားတူးမြောင်းဟာအမေရိကန် ပိုင်တယ်လို့ပြောပြန်တယ်။ တကမ္ဘာလုံးဘာလုပ်ရမလဲမသိအောင်အုတ်အော်သောင်းနင်း ဖြစ်စေခဲ့တာ တွေ့ရပါတယ်။

ခဏတာအတွင်းမှာကမ္ဘာ့မီဒီယာတွေရဲ့မျက်နှာဖုံးကိုသူအပိုင်စီးသွားခဲ့တာအခုထိပါပဲ။
၂၀ရာစုမှာတုန်းကတော့အရူးသီအိုရီ (Madman Theory) ကို အမေရိကန်သမ္မတရစ်ချတ်နစ်ဆင်နဲ့ တွဲပြီးနိုင်ငံရေးအတွေးအခေါ်သမားတွေကဆွေးနွေးလေ့ရှိပါတယ်။ နစ်ဆင်လည်းသူ့ကိုရန်သူ့နိုင်ငံက ခန့်မှန်းရခက်အောင်တမင်တကာလုပ်ထားခဲ့တယ်။ ၁၉၆၈ခုနှစ်က ဗီယက်နမ်စစ်ပွဲပြီးဆုံးဖို့အတွက် ခက်ခဲခဲ့တဲ့အချိန်မှာသူရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးအရာရှိဟင်နရီကစ်ဆင်ဂျာကိုနစ်ဆင်ကအခုလိုညွှန်ကြားခဲ့ပါတယ်။
“မြောက်ဗီယက်နမ်ဖက်ကစေ့စပ်ဆွေးနွေးသူတွေကိုနစ်ဆင်ကရူးနေတာလို့ပြောလိုက်၊သူဘာထလုပ် မလဲဆိုတာခင်ဗျားမသိနိုင်ဘူး၊အဲဒီတော့အခြေအနေတွေတကယ်အရူးမထခင်သဘောတူညီမှုရအောင် လုပ်လိုက်တာကောင်းတယ်”လို့ကစ်ဆင်ဂျာကိုသူပြောခိုင်းခဲ့ပါတယ်။
“Madman Theory ဆိုတာဒါပဲ”လို့ နော်တာဒိမ်းတက္ကသိုလ်ကနိုင်ငံတကာဆက်ဆံရေးပါမောက္ခ မိုက်ကယ်ဒပ်ချပ်ကဘီဘီစီသတင်းတစ်ပုဒ်မှာမှတ်ချက်ချတာကိုတွေ့ရပါတယ်။
နျူကလီးယားပိုင်ဆိုင်ထားတဲ့နိုင်ငံကခေါင်းဆောင်တစ်ယောက်ကိုခန့်မှန်းရခက်ခဲခြင်းကသူ့အတွက်အသာစီးရစေခဲ့တာ မျိုးပါ။နစ်ဆင်အပြင်တခြားထင်ရှားတဲ့အရူးသီအိုရီသမားတွေကဆိုဗီယက်ခေါင်းဆောင်နီကီတာ ခရူးရှက်ဖ်၊ အီရတ်ကအာဏာရှင်ဟောင်းဆက်ဒမ်ဟူစိန်၊ မြောက်ကိုရီးယာခေါင်းဆောင်ကင်မ်ဂျုံအမ်တို့ သားအဖ၊ လစ်ဗျားခေါင်းဆောင်ကဒါဖီတို့ပါဝင်တယ် လို့တချို့က ဆိုပါတယ်။
ဒေါ်နယ်ထရမ့်ဟာသူ့ပထမသက်တမ်းအတွက်မဲဆွယ်ခဲ့တုန်းကသမ္မတဘားရက်အိုဘားမားရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ပက်သက်ပြီး “ကျွန်တော်တို့ဟာနိုင်ငံတစ်နိုင်ငံအနေနဲ့ကြိုတင်ခန့်မှန်းရခက်တဲ့ (ဗျူဟာမျိုး) ဖြစ်ရမယ်”လို့ဝေဖန်ခဲ့တယ်။
ကြိုတင်မှန်းဆလို့မရနိုင်မှု (Unpredictability) ကိုသူ့အားသာချက်အဖြစ်ဆွဲကိုင်ထားတာကသေချာပါတယ်။
ထရမ့်နဲ့ပက်သက်ပြီးကြိုတွက်လို့ရတာကတော့သူဟာကြိုတွက်လို့မရတဲ့သူဆိုတာပဲလို့ ဘီဘီစီ ဆောင်းပါးရှင် အလန်လစ်တေးလ်ကရေးသားပါတယ်။ အရူးကွက်နင်းတာအလုပ်ဖြစ်လားဆိုရင်တော့ အခုထိတော့ဖြစ်နေသေးတာကိုတွေ့ရပါတယ်။
နေတိုးအဖွဲ့ကိုအမေရိကန်ပြည်ထောင်စုကထည့်ဝင်ပေးနေတဲ့ရုံပုံငွေပမာဏများလွန်းတာကိုပြင်ဆင်ဖို့အတွက်နေတိုးကိုပစ်ပယ်တော့မယ်ပုံစံသူပြောတယ်။ သူ့ရဲ့ဒုသမ္မတဂျေဒီဗန့်စ်ကို ဥရောပရဲ့လုံခြုံရေးကို အမေရိကန်ကအာမခံတော့မှာမဟုတ်ဘူးလို့မြူးနစ်လုံခြုံရေးကွန်ဖရင့်မှာပြီးခဲ့တဲ့ဖေဖေါ်ဝါရီလကပြောခိုင်းခဲ့ပါတယ်။
လွန်ခဲ့တဲ့လေးလလောက်ကတော့ဗြိတိန်ဝန်ကြီးချုပ်ဟာကာကွယ်ရေးဘတ်ဂျတ်ကိုဂျီဒီပီရဲ့၂.၃ရာခိုင်နှုန်းကနေ ၂.၅ ရာခိုင်နှုန်းကိုတိုးမြှင်ဖို့ပါလီမန်ကိုတင်ပြခဲ့ရတယ်။ ပြီးခဲ့တဲ့လကနေတိုးထိပ်သီးဆွေးနွေပွဲ မှာတော့ အဖွဲ့ဝင်နိုင်ငံအားလုံးဟာ ၂၀၃၅ခုနှစ်မှာ သူတို့ဂျီဒီပီရဲ့ ၅ရာခိုင်နှုန်းကိုထည့်ဝင်ကြဖို့ သဘောတူညီခဲ့ကြရပါတယ်။ သူရဲ့ဗျူဟာကအလုပ်ဖြစ်တယ်ပေါ့။
ထရမ့်ရဲ့ဗျူဟာကိုသိသိသာသာခံစားလိုက်ရသူကတော့ Tesla နဲ့ SpaceX တို့တည်ထောင်သူ အီလွန်မက်စ်ပါပဲ။ အီလွန်ဟာထရမ့်ရဲ့၂၀၂၄ရွေးကောက်ပွဲအတွက် ဒေါ်လာသန်း ၃၀၀ လောက်ကုန်ကျ ခံခဲ့သူပါ။ သူ့ကိုထရမ့်ကညီရင်းအကိုသဖွယ်ခံစားရအောင်လုပ်ပြခဲ့ပါတယ်။ခုတော့အားလုံးမြင်တဲ့ အတိုင်းပဲရူးချင်ယောင်ဆောင်ပြသွားပါပြီ။
Madman Theoryကိုလက်တွေ့လုပ်ဆောင်ဖို့အတွက်လိုအပ်တဲ့အချက်နှစ်ချက်တော့ရှိတယ်လို့ အခုဆောင်းပါးရှင်ကမြင်ပါတယ်။ တစ်အချက်ကမရှက်တတ်ဖို့ဖြစ်ပြီး၊ နှစ်အချက်ကတော့ စည်းကမ်း၊ကျင့်ဝတ်နဲ့ဥပဒေကိုချိုးဖေါက်ရဲတဲ့စာရိတ္တပါပဲ။
ဒီလိုခေါင်းဆောင်မျိုးအောက်မှာနိုင်ငံတစ်နိုင်ငံကဘာတွေရနိုင်ပါသလဲ။ ရေတိုမှာတော့လက်ဦးမှုနဲ့ အခြားအကျိုးစီးပွားတွေရနိုင်ပါတယ်။ဒါပေမယ့်ပေးဆပ်ရမှာကတော့ဂုဏ်သိက္ခာ၊ အများတကာရဲ့ ယုံကြည်မှုနဲ့ ရေရှည်မှာအလုံးစုံကျဆုံးခြင်းဖြစ်နိုင်ပါတယ်။
အမေရိကန်ဟာအနောက်ဒီမိုကရေစီရဲ့ခေါင်းဆောင်ဘဝကနေလျှောကျလာနေပါပြီ၊ မဟာမိတ်တွေက သူ့ကိုအလုံးစုံမယုံကြတော့ပါဘူး။ တချို့ကတရုတ်နဲ့ကုန်သွယ်မှုကိုပိုတိုးမြှင့်လာကြပါတယ်။
Madman Theory သမားတွေကြည့်လိုက်ပါ၊ နစ်ဆင်ဟာသမ္မတသက်တမ်းမကုန်ခင်ရာထူးက ထွက်ခဲ့ရတဲ့တစ်ဦးထဲသောအမေရိကန်သမ္မတပါ။ ဆက်ဒမ်ဟူစိန်က ကြိုးစင်ပေါ်မှာဇါတ်သိမ်း ခဲ့ပါတယ်။ကဒါဖီကတော့လမ်းပေါ်မှာကံကုန်ခဲ့တာပါ။
အရူးသီအိုရီဟာအချိန်တစ်ခုထိတော့ပြိုင်ဖက်နဲ့ရန်သူတွေကိုလှည့်ဖြားနိုင်ပါတယ်။ဒါပေမယ့်လှည့်ဖြားနိုင်လို့အောင်မြင်စတမ်းဆိုရင်ကမ္ဘာကျော်မျက်လှည့်ပညာရှင်ဒေးဗစ်ကော့ပါးဖီးကိုပဲအာဏာပေးလိုက်ကြရတော့မလိုပါ။
ကြီးစွာသတိထားစရာကတော့ရူးချင်ယောင်ဆောင်တာများလာရင်တကယ်ရူးသွားနိုင်တယ်ဆိုတာပါပဲ။ ။


















































