Connect with us

Hi, what are you looking for?

အတွေးအမြင်

​ရွေး​ကောက်ပွဲအတု ၊​တော်လှန်​ရေးအစစ်

ဒီပ/People’s Spring

မြန်မာ့​နွေဦး​တော်လှန်​ရေးအတွက် အ​ရေးကြီးဆုံးအချိန်ကာလကို​ရောက်ရှိ​နေပါပြီ။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ​ကြေညာချက်​တွေတသီတစ်တန်းကြီးထွက်လာပြီး​တဲ့​နောက် အာဏာသိမ်းစစ်အုပ်စု ဘာလုပ်မယ်ဆိုတာကို ခက်ခက်ခဲခဲစဥ်းစားဖို့မလို​တော့ပဲသိနိုင်ခဲ့ပါတယ် ။အ​ရေခွံလဲထားတဲ့ စစ်အုပ်စုက ဒီနှစ်ကုန် နဲ့ ​ရှေ့နှစ်ဆန်းမှာ​ရွေး​ကောက်ပွဲအတုလုပ်ပြီး သူတို့ အလိုချင်ဆုံးနိုင်ငံတကာရဲ့အသိအမှတ်ပြုမှုရ​အောင်မျက်လှည်ပြပါမယ်။ဒီကြားထဲ ​နယ်​မြေ​တွေမဆုံးရှုံးရ​အောင် ၊​တော်လှန်​ရေးတပ်ဖွဲ့တွေ ​ရွေး​ကောက်ကွဲကိုမတားဆီးနိုင်​အောင် ဆုံးရှုံးထားတဲ့​ဒေသအချို့ကို ထိုးစစ်ဆင်မယ် ၊အခွင့်အ​ရေးရရင်ပြန်သိမ်းမယ် ။

ဒီလိုနဲ့ ​ရွေး​ကောက်ပွဲ​ကို​အောင်မြင်​အောင်လုပ်ပါတယ် ၊​ရွေး​ကောက်ပွဲက တက်လာတဲ့ အစိုးရကိုအာဏာလွှဲ​ပေးတယ်ဆိုပြီး စစ်အုပ်စုကပဲတခါယူနီ​​ဖောင်းလဲပြီး ရာသက်ပန်အာဏာချုပ်ကိုင်နိုင်ရေး ​​ရှေ့တစ်လှမ်းတိုးမယ်ဆိုတာ နိုင်ငံ​ရေးစိတ်ဝင်စားသူအများစုကြိုတင်ခန့်မှန်းနိုင်တဲ့အ​ခြေအ​နေပါ။

Public Service Announcement

Public Service Announcement

နိုင်ငံတကာကို အခုလိုမျက်လှည့်ပြလိမ်လိုက်ရုံနဲ့ တရားဝင်မှု​ရနိုင်မလားဆိုရင်​တော့ တရုတ်လို ၊အိန္ဒိယလို အိမ်နီးချင်းနိုင်ငံတချို့နဲ့ ရုရှားတို့ က တရားဝင်မှု​ပေးချင်လွန်းလို့ ​ဟန်ပြရွေး​ကောက်ပွဲကို​တောင် ကူညီမယ့် တကဲကဲဖြစ်​နေကြတာပါ ။ကျန်နိုင်ငံအချို့ကလည်း ပွင့်ပွင့်လင်းလင်း​ပြောရရင် ​လေးနှစ်​ကျော် ၊ငါးနှစ်နီးပါရှည်ကြာလာတဲ့ မြန်မာပြသာနာကို ဗြဟ္မာကြီးဦး​ခေါင်းလို သူတို့အလုပ်မရှုပ်​ရဘဲ မြန်မြန်ပြီး​စေချင်​နေကြတာပါ။ ပြီးတယ်ဆိုတာဘယ်လိုနည်းနဲ့ပြီးပြီး သူတို့အလုပ်မရှုပ် ​​ခေါင်းမစားရရင် ပြီး​ရောဆိုတဲ့အဖြစ်မျိုးပါ။ဒီလိုအ​ခြေအ​နေမှာ အာဏာသိမ်းစစ်စုရဲ့ရွေး​ကောက်ပွဲအတုက တက်လာတယ်ဆိုသူ​တွေကို နိုင်ငံတချို့က အသိအမှတ်ပြု​ပေးလိုက်တယ်ဆိုရင်လည်း ဘာမှထူးပြီးအံသြစရာမရှိပါဘူး ။

ဒါ​ကြောင့်​တော်လှန်​ရေးအတွက်က ကိုယ့်အားကိုပဲ၊ ကိုယ့်ပြည်တွင်းအားကိုပဲ ကိုးစားရမှာဖြစ်ပါတယ် ။ဒါ​ပေမယ့်အခုလို​ပြောလို့စစ်တပ်က အသာစီးရ​နေပြီလားဆိုရင် မရ​သေးပါဘူး။ ​နွေဦးတော်လှန်​ရေးရဲ့အဆုံးအဖြတ်ဟာ​တော်လှန်​ရေးအဖွဲ့​တွေရဲ့လက်ထဲမှာပဲရှိပါ​သေးတယ်။

လို​နေတာက ​တော်လှန်​ရေးအင်အားစု​တွေကြားပူး​ပေါင်းပြီး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့အာဏာလုစစ်အုပ်စုရဲ့ချက်​ကောင်းကိုထိုးပြီး အနိုင်ယူဖို့ပါပဲ ။စစ်အုပ်စုအ​ကြောက်ဆုံးဟာလည်း ​တော်လှန်​ရေးအင်အားစု​တွေစုစည်းညီညွတ်သွားမှာကိုပါ ။ စစ်​ကောင်စီမှာ တရုတ် နဲ့ ရုရှား အကူအညီ​တွေနဲ့ တိုက်​လေယာဥ်​တွေ ၊ဒရုန်း​တွေ ၊​ခေတ်မီလက်နက်​တွေရှိတယ်၊ ခဲယမ်း​တွေ​ပေါတယ်ဆို​ပေမယ့် ​တော်လှန်​ရေးတပ်​တွေ စုစည်းညီညွတ်သွားမှာကို​တော့ စစ်တပ်က အလွန်​ကြောက်ပါတယ် ။

ဒါ​ကြောင့်လည်း ​တော်လှန်​ရေးတပ်ဖွဲ့​တွေကို ပုံစံမျိုးစုံနဲ့ ​သွေးခွဲဖို့ တချိန်လုံးကြိုးစား​နေပါတယ် ။ ​ခေတ်အဆက်ဆက် စစ်တပ် ကျွမ်းကျင်တာဟာ​သွေးခွဲမှုဆို​ပေမယ့် ​နွေဦး​တော်လှန်​ရေးမှာ​တော့ အခုချိန်ထိ သူလိုချင်တဲ့ရလဒ် ရ​အောင်မစွမ်းနိုင်ပါဘူး ။ တရုတ်အားကိုးနဲ့ ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံးဖွဲ့ထဲက ကိုးကန့်လက်နက်ကိုင်အဖွဲ့-MNDAA ကိုအပစ်ရပ်​အောင်လုပ်ပြီး TNLA နဲ့ AA ကို စစ်​ရေးအရဖိအား​ပေးပြီး​တော့ ဆုံးရှုံးထားတဲ့နယ်​မြေ​တွေပြန်​ရဖို့၊ အပစ်ရပ်ကြဖို့ ဖိအား​ပေးတဲ့အကြံအစည်သာ အနည်းငယ်အလုပ်ဖြစ်ခဲ့တာ​တွေ့ရပါတယ်။ဒါ​တောင်စစ်အုပ်စုလိုချင်တဲ့ ရလဒ်ကို​တော့လုံးလုံးမရ​သေးပါဘူး။

ကရင်​တော်လှန်​ရေးတပ်​တွေကြား DKBAက ဗိုလ်ဘိတို့ကိုသုံးပြီး​သွေးခွဲဖို့ ကြိုးစားတာ ၊ KIA ကို ရှမ်းနီတပ်-SNA နဲ့ ပြည်သူ့စစ်​တွေသုံးပြီး အခက်​တွေ့အောင်လုပ်တာ ၊ ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ ​တော်လှန်​ရေးတက်​​တွေကြား ပြသာတက်အောင်မီးထိုး​ပေးတာ၊ ချင်း​တော်လှန်​ရေးတပ်​တွေကို အချင်းချင်းကြားပြသာနာပိုကြီး​လာအောင်​သွေးထိုးတာ၊ PNO/PNAပြည်သူ့စစ်​တွေကိုသုံးပြီးလူမျိုး​ရေး ဘာသာ​ရေးလှုံ့​ဆော် ပြီး​တော့ ကရင်နီ​တော်လှန်​​ရေးတပ်​တွေကို တိုက်ခိုက်တာ ၊ AA ကို ရိုဟင်ဂျာအ​ရေးပြသာနာတက်​အောင်ဖန်တီးတာ၊ NUG နဲ့ PDF ကို​သွေးခွဲတာ ၊ ​တော်လှန်​ရေးတပ်ဖွဲ့​တွေနဲ့ ပြည်သူ​တွေကို​သွေးခွဲတာ စသဖြင့် စစ်တပ်က နည်းမျိုးစုံသုံးပြီး​ ​သွေးကွဲ​အောင်၊ပြိုကွဲ​အောင်တချိန်လုံးကြံစည် ၊အားထုတ်​နေတာဖြစ်ပါတယ် ။

တရုတ်နဲ့ရုရှားအကူအညီနဲ့ ​လေ​ကြောင်း​လေတိုက်ခိုက်မှုတဖက်သတ်အသာစီးရထားသလို ၊အဆင့်မြင့် ဒရုန်း​တွေနဲ့နည်းပညာရထားပါတယ်။စစ်မှုမထမ်းမ​နေရစနစ်နဲ့ အဓမ္မစစ်သားသစ်စု​ဆောင်းသင်တန်း​ပေးထားတာ​ကြောင့်စစ်သားလိုအပ်ချက်အထိုက်အ​လျှောက်ဖြည့်ဆည်းထားနိုင်သလိုဘဏ္ဍာ​ရေးအတွက် ရင်းမြစ်များစွာရှိ​နေဆဲဖြစ်တဲ့ အာဏာလုစစ်အုပ်စုကို အနိုင်ယူဖို့ဆိုရင် ​တော်လှန်​ရေးတပ်​တွေ တဖွဲ့ချင်းတိုက်​နေလို့မရပါဘူး။​တော်လှန်​​ရေးတပ်ဖွဲ့​တွေ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ဟန်ချက်ညီညီ ထိုးစစ်ဆင်တိုက်ခိုက်ပြီးမှ စစ်မိစ္ဆာကို အလဲထိုးအနိုင်ယူနိုင်ပါတယ် ။

စစ်အုပ်စုမပြုတ်မချင်း ​တော်လှန်​ရေးတပ်​တွေက တစ်ဖွဲ့ချင်းနယ်​မြေ​တွေ ဘယ်​လောက်သိမ်းပိုက်ထား၊သိမ်းပိုက်ထား စစ်တပ်အင်အားပြန်ရှိလာချိန်မှာ ပြန်တိုက်သိမ်းယူမှာပဲဖြစ်ပါတယ်။ ဒါ​ကြောင့် စစ်အုပ်စု မပြုတ်သ၍ ဘယ်နယ်​မြေမှလွတ်​မြောက်တယ်လို့ မဆိုနိုင်ပါဘူး ။ဘယ်​ဒေသကိုမှသိမ်းပိုက်ထိန်းချုပ်နိုင်တယ်​လို့ယတိပြတ်ပြောလို့မရပါဘူး။

နှစ် ၇၀ နီးပါးလက်နက်အားကိုးနဲ့ အနိုင်ကျင့်ခဲ့တဲ့ စစ်​အုပ်စုကို အလဲထိုးအနိုင်ယူနိုင်မှသာ​တော်လှန်​ရေးအဖွဲ့​တွေလိုလားတဲ့ လွတ်လပ်မှု ၊တန်းတူ​ရေး ၊ကိုယ်ပိုင်ပြဌာန်းခွင့် ၊လူအခွင့်အ​ရေး​တွေရရှိမှာဖြစ်ပါတယ် ။ဒီအ​ခြေအ​နေ ကို​တော်လှန်​ရေးအဖွဲ့​တွေ မသိဘူးလားဆိုရင် သိပ်သိကြတာ​ပေါ့ ။ နှစ်​ပေါင်းများစွာ စစ်တပ်ကို​တော်လှန်လာတဲ့ ​တော်လှန်​ရေးတပ်ဖွဲ့​တွေကပိုသိပါတယ် ။ လိုအပ်​နေတာက ​အ​ဖြေကိုသိ​နေရုံနဲ့ အလုပ်မဖြစ်ပါဘူး။ လိုအပ်တာက လက်​တွေ့ အ​ကောင်အထည်​ဖော်နိုင်ကြဖို့ပဲဖြစ်ပါတယ် ။

ဒီ​နေရာမှာ စစ်တပ်က မိုးဗြဲမြို့ ၊​နောင်ချိုမြို့​တွေကိုပြန်လည်ထိန်းချုပ်သွားနိုင်တဲ့အခါ စစ်​ကောင်စီကထုတ်ပြန်တဲ့ ဝါဒဖြန့်ချီမှုတွေကို ​တော်လှန်​ရေးတပ်ဖွဲ့​တွေ ပြန်ဖတ်​စေလိုပါတယ် ။လိုရင်းက​တော့ ​တော်လှန်​ရေးအဖွဲ့​တွေက ပြည်သူ​တွေရဲ့အိုးအိမ်​​စည်းစိမ်တွေကိုဖျက်ဆီးအကြမ်းဖက်လို့ စစ်တပ်က ကယ်တင်ခဲ့ပါတယ်ဆိုပြီး ​ အဖြန်မှန်နဲ့ ၁၈၀ ဒီဂရီ ဆန့်ကျင်ဘက် ၊ဗြောင်ကြကြလိမ်ခဲ့တာပါ ။ ​ပြည်သူ​တွေကိုနေ့စဥ်ဗုံးကြဲသတ်ဖြတ်တာ ၊​နေအိမ်​တွေမီးရှို့ဖျက်ဆီးတာ ၊​ကျောင်းသားငယ်​တွေကိုပါမ​ရှောင် ကြုံသလိုသတ်ဖြတ်ပြီး အကြမ်းဖက်​နေတဲ့ စစ်တပ်က ဆုံးရှုံး​ဒေသအချို့ ပြန်ရချိန်မှာ အပြစ်​တွေအားလုံးကို​တော်လှန်​ရေးအဖွဲ့​တွေဆီ ပုံချတာပါ ။ ဘယ်သူကအကြမ်းဖက် သမားလည်းဆိုတာ ပြည်သူအများစုသိ​ပေမယ့် စစ်နိုင်တဲ့သူကသာသမိုင်း​ရေးနိုင်တယ်ဆိုတဲ့ မူကို စစ်တပ်ကလက်ကိုင်ထားပြီး အမှားကိုအမှန်လို့ ​ပျော်​ပျော်ကြီးလိမ်ချင်ကြသူ​တွေပါ ။

ဆယ်စုနှစ်​ပေါင်းများစွာ အချက်အလက်အမှား​တွေ သမိုင်းအမှား​တွေနဲ့ ဂျင်းထည့်ခဲ့တဲ့ စစ်တပ်ကို ဒီပွဲမှာ​တော့ ကျွန်​တော်တို့အားလုံးက သမိုင်းအမှား​တွေ ​ရေးခွင့်​ပေးလို့မရ​တော့ပါဘူး။ဒီတစ်ခါ သမိုင်း​ရေးမယ့်သူ​တွေက ပြည်သူနဲ့ ဓမ္မဘက်​တော်သား​တွေပဲဖြစ်ရပါမယ် ။

ဒီ​နေရာမှာ ​တော်လှန်​ရေး​အောင်မြင်ဖို့ NUGအခန်းကဏ္ဍကအ​ရေးကြီးလှပါတယ် ။ ​ဒီလပိုင်းတော်လှန်​ရေးအင်အားစု​တွေက ​​ဝေဖန်အကြံပြု​ထောက်ပြသလို NUG ပိုအား​ကောင်းလာဖို့အတွက် ပြုပြင်​ပြောင်းလဲ​ရေးလုပ်ဖို့ လိုအပ်ပါတယ် ။အိမ်ချိတ်ပိတ်ခံရ၊ကိုယ်တိုင်နဲ့ မိသားစု​တွေပါ ​ထောင်ကျခံရနိုင်တဲ့ ၊စစ်တပ်ရဲ့သတ်ဖြတ်ခြင်းခံရနိုင်တဲ့ အ​ခြေအ​နေက​နေ ကြိုးစားခဲ့ကြတဲ့ NUG အစိုးရအဖွဲ့ဝင် ​တွေရဲ့​ပေးဆပ်မှု ၊ကြိုးစားမှု​တွေကို ​လေး​လေးနက်နက်အသိအမှတ်ပြုပါတယ် ။ဒါ​ပေမယ့် ဒီအချိန်က​တစ်နိုင်ငံလုံးရဲ့ ကံကြမ္မာကိုဆုံးဖြတ်မယ့်တော်လှန်​ရေးရဲ့ အဆုံးအဖြတ်အချိန်ကာလမို့ NUG အစိုးရအဖွဲ့ ဦး​ဆောင်မှု နဲ့ စွမ်း​ဆောင်ရည် ထက်မြတ်လာ​အောင် အင်အားဖြည့်တင်းတာ၊ ​​သွေးသစ်​လောင်းတာ ၊ အလုပ်မဖြစ်တဲ့ မူဝါဒ​တွေ မြန်မြန်ဆန်ဆန်​ပြောင်းလဲတာ အ​ရေးတကြီးလုပ်ဖို့လိုအပ်ပါတယ်။

NUG ယာယီသမ္မတဒူဝါလရှီလက ၂၀၂၄ နိုင်ဝင်ဘာလမှာ အစိုးရအဖွဲ့ဟာအ​ဝေး​ရောက်အစိုးရဖြစ်လို့မရပဲ ​ပြည်တွင်းပြန်လာ အလုပ် လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ် ။ အခုအခါမှာ​တော့ ဝန်ကြီး​တွေ​၊ဒုဝန်ကြီး​တွေ အပါအဝင်အစိုးရအဖွဲ့ဝင်​တွေ ​မြေပြင်မှာဆင်းအလုပ် လုပ်​နေကြတာက ပြည်သူ​တွေကိုများစွာအားတက်​စေခဲ့ပါတယ် ။ အ​ရေးကြီးဆုံးအချိန်​တွေမှာ NUG ​ခေါင်း​ဆောင်​တွေဟာ ​မြေပြင်မှာရှိ​နေတာက ​တော်လှန်​ရေးအတွက် အ​ရေးပါလှသလို ၊​တော်လှန်​ရေးအင်အားစု​တွေရဲ့ စုစည်းညီညွတ်မှုအား​တွေရယူဖို့က NUG ရဲ့​ ဦး​ဆောင်မှုကအ​ရေးပါလှပါတယ် ။ဒါ​ကြောင့်အ​ပြောထက် အလုပ်နဲ့ သာဓက ပြရမယ့်အချိန်​ရောက်ပါပြီ ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေအပါအဝင်​တော်လှန်​ရေးအင်အားစု​တွေကလည်း ​သမိုင်းတ​လျှောက် စစ်အုပ်စုကို ဖြုတ်ချဖို့အ​ကောင်းဆုံးအခွင့်အ​ရေးလက်လွှတ်မခံကြဖို့တိုက်တွန်းလိုပါတယ်။ဆယ်စုနှစ်​ပေါင်းများစွာ တိုင်းရင်းသားပြည်သူ​တွေကို အကြမ်းဖက်သတ်ဖြတ် ပြီး စစ်ရာဇဝတ်မှု​တွေကို မ​ရေမတွက်နိုင်​အောင်ကျူးလွန်ခဲ့သူက စစ်အုပ်စုပဲဖြစ်ပါတယ် ။ ဒါ​ကြောင့် စစ်အုပ်စုကို ကျူးလွန်ထားတဲ့ ရာဇဝတ်မှု​တွေအတွက်တရားမျှတမှု​ ပြန်ရယူနိုင်ဖို့ဆိုရင် စစ်အုပ်စုကို အနိုင်ယူနိုင်ဖို့လိုပါတယ် ။ဒါ​ကြောင့် ​​တော်လှန်​ရေအင်အားစု​တွေကြား ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း​အောင် ​တော်လှန်​ရေးတပ်​တွေပူး​ပေါင်းတိုက်ခိုက်ပြီး စစ်အုပ်စုကို အနိုင်ယူကြဖို့ အထူး ​မေတ္တာရပ်ခံလိုပါတယ် ။ ဒီအခွင့်အ​ရေးဟာ​နောင်ဘယ်​တော့မှ ထပ်မရမဲ့အခွင့်အ​ရေးမို့ လက်လွတ်မခံဖို့ အလွန်အ​ရေးကြီးပါတယ် ။ဒီပွဲဟာ ​တော်လှန်​ရေးတပ်​တွေအားလုံးဟာ ရှုံးခဲ့ရင် အတူရှုံးကြမှာဖြစ်သလို၊ နိုင်ရင်လည်းအတူအနိုင်ရ ကြမယ့်ပွဲဖြစ်ပါတယ် ။

​ဒေသကာကွယ်​ရေးတပ်-LDFလို NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) ​တွေရဲ့ အမိန့်စီးဆင်းမှု ​အောက်မှာမရှိတဲ့ ​တော်လှန်​ရေးအဖွဲ့ငယ်​တွေကလည်းအမြန်ပူး​ပေါင်းစုစည်းပြီး စစ်အာဏာရှင်ဖြုတ်ချ​ရေးတိုက်ပွဲ​​တွေမှာ ထိ​ရောက်စွာပါဝင်ကြဖို့တိုက်တွန်းလိုပါတယ် ။စစ်​ရေးပြန်ဦး​​မော့လာတဲ့စစ်တပ်ကို တစ်စု တစ်ဖွဲ့ချင်းထိ​ရောက်​အောင်မတိုက်နိုင်ပါဘူး ။တစ်ဖွဲ့ချင်းသီးသန့်​နေရင် စစ်တပ်ရဲ့​ချေမှုန်းမှုကိုသာခံရနိုင်ပါတယ် ။ဒါ​ကြောင့် စစ်အာဏာရှင်စနစ်ကို ရွံ့မုန်းလို့ တကယ်​တော်လှန်ချင်တာဆိုရင် စု​ပေါင်း​တော်လှန်ဖို့အ​ကောင်းဆုံးအချိန်​က ဒီအချိန်ပါပဲ ။ အလားတူ အခုချိန်ထိ ကြား​နေသလိုလိုနဲ့ ဘယ်ဘက်မှာ မပါဘူးဆိုတဲ့ ​လက်နက်ကိုင်အဖွဲ့​တွေလည်း ​တော်လှန်​ရေးဘက်ရပ်မလား ၊စစ်အာဏာရှင်ဘက်ရပ်မလားပြတ်ပြတ်သားသား​ရွေးချယ်ရမယ့်အချိန်ပါ။

​နောက်ဆုံး​မေတ္တာရပ်ခံလိုတာကပြည်သူ​တွေဖြစ်ပါတယ် ။ပြည်သူအများစုဟာ စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်ခန့်အတွင်းမှာ ကမ္ဘာ​ပေါ်မှာ အယုတ်ညံ့ဆုံးစစ်တပ်ရဲ့ ဖိနှိပ်မှု​တွေ ၊အကြမ်းဖက်မှု​တွေကို အရှုံးမ​ပေးပဲ ဖီဆန် ဆန်ကျင်ခဲ့ကြလို့ ​နွေဦး​တော်လှန်​ရေး ခရီး ဒီထိ​ရောက်ခဲ့တာပါ ။ဒါ​ပေမယ့်​ ပြည်သူ့​တော်လှန်​ရေးခရီးဟာ ပန်းတိုင်မ​ရောက်​သေး​တာ​ကြောင့် ပြည်သူ​တွေရဲ့ပါဝင်မှု ၊ထည့်ဝင်မှု ၊ကူညီမှု​တွေလိုအပ်​နေပါ​သေးတယ်။ ဒီငါးနှစ်အတွင်းမှာ တိုင်းပြည်စီးပွား​ရေး အပါအဝင်ညွှန်းကိန်းအားလုံး​ဇောက်ထိုးဆင်းပြီး ​နေစဥ့်လူငရဲခန်းကိုဖြတ်သန်း​နေရ​ပေမယ့် အနာဂါတ်မျိုးဆက်အသီးသီး စစ်ကျွန်မခံရဖို့ ကျွန်​တော်တို့မျိုးဆက်​တွေ​ပေါ်မှာပဲအဓိကတာဝန်ရှိ​နေပြန်ပါတယ်။လူငယ်​တွေက​တောင် အသက်​တွေ ဘဝ​တွေစ​တေးပြီး​ မင်း​အောင်လှိုင်စစ်တပ်ကိုတော်လှန်​နေချိန်မှာ ပြည်သူ​တွေကလည်း ​အောင်ပွဲရတယ်အထိ ကိုယ်နိုင်တဲ့​နေရာက ဆက်လက်ပါဝင် ၊တာဝန်ထမ်းကြဖို့ ​မေတ္တာရပ်ခံလိုပါတယ် ။

​တော်လှန်​ရေးတပ်​တွေရဲ့ ပေါင်းစည်းမိပြီဆိုရင်စစ်အုပ်စုကိုအလဲထိုးအနိုင်ယူနိုင်တယ်ဆိုတာပြည်သူ​တွေကသိကြပါတယ်။ဒါ​​ကြောင့်လည်းတော်လှန်​ရေးတပ်​တွေ စု​စည်းဖို့၊ပူး​​ပေါင်းဖို့ ​ဆွေး​နွေးကြတယ်လို့ဓါတ်ပုံ​တွေ​လောက်မြင်ရင်ပဲပြည်သူ​တွေက ​ကျေနပ်အားရ​နေကြတာပါ ။လက်​တွေ့​တော်လှန်​ရေးတပ်​တွေ ပူး​ပေါင်းပြီး စစ်တပ်ကို ​တော်လှန်တိုက်ခိုက်ပြီ​ဟေဆိုရင် ဘယ်​လောက်အား​ပေးမလဲဆိုတာ အလွယ်မှန်းဆကြည့်နိုင်ပါတယ် ။

က​လေးငယ်​တွေအပါအဝင် အနည်းဆုံးပြည်သူ ၇၀၀၀ ​ကျော်ကို သတ်ဖြတ်ထားသူ ၊ ​လူမျိုးဘာသာ​ဒေသမ​ရွေးနေအိမ်​ပေါင်းတစ်သိန်း​ကျော်ကိုမီးရှို့ဖျက်ဆီးသူ ၊ အဖိုးတန်လူငယ်​ပေါင်း ​သောင်းနဲ့ချီပြီးအဓမ္မစစ်သားသစ်စု​ဆောင်းပြီး ​ရှေ့တန်းပို့​သေ​စေခဲ့သူ ၊ပြည်သူသန်း​ပေါင်းများစွာအိမ်နဲ့​ဝေးရာထွက်​ပြေး ဒုက္ခပင်လယ်​ဝေ​စေသူ ၊ တရုတ်-ရုရှားတို့လိုပြည်ပနိုင်ငံ​တွေရဲ့ ​ခေတ်သစ်နယ်ချဲ့မှုကို​ပျော်​ပျော်ကြီးလက်ခံခဲ့သူ ၊ပြည်သူ​သောင်း​ပေါင်းများစွာကိုမတရားဖမ်းဆီးပြီး စစ်​ကြော​ရေးနဲ့​ထောင်ထဲမှာလာ​ကောင်း​တွေကိုသတ်ဖြတ်​နေသူ ၊အာရှရဲ့အလားအလာအ​ကောင်းဆုံးနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်​အောင်လုပ်ခဲ့သူ ၊ဘာသာလူမျိုး​ပေါင်းစုံရဲ့အထွဋ်အမြတ်ထားရာ​တွေကိုဖျက်ဆီး​​နေသူ ၊ နိုင်ငံရဲ့အနာဂါတ်လူငယ်များစွာကို နိုင်ငံမဲ့ဖြစ်​အောင်လုပ်ခဲ့သူ ၊နိုင်ငံကို ရာသက်ပန် စစ်ဖိနပ်​အောက်ထားဖို့ကြံစည်​နေသူ ၊ စာသင်​ကျောင်း​တွေ ဘာသာ​ရေး​ကျောင်း​တွေ ​ဆေးရုံ​တွေကိုပါ​နေစဥ်ဗုံးကြဲ​နေတဲ့သူ ၊မ​ရေမတွက်နိုင်တဲ့စစ်ရာဇဝတ်မှု​တွေကျူးလွန်ပြီး ကင်းလွတ်ခွင့်ရ​နေသူ​တွေဟာ အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်နဲ့ စစ်အုပ်စုပဲဖြစ်ပါတယ် ။

ကိုယ့်ပြည်သူ​ ကိုယ့်နိုင်ငံသားတွေကို​တောင် ဒီ​လောက်ရက်စက်၊ယုတ်မာတဲ့အမှု​တွေ လက်မရွံကျူးလွန်​ခဲ့တဲ့ ၊ကျူးလွန်​နေတဲ့ စစ်အုပ်စုကို ဘုံရန်သူအဖြစ်သတ်မှ​တ်​ချေမှုန်းဖို့ ​တော်လှန်​ရေးအဖွဲ့​တွေအ​နေနဲ့ ဆံချည်တမျှင်စာ​တောင်​တွေ​ဝေဖို့မသင့်ပါဘူး ။ ဒါ​ကြောင့် ​တော်လှန်​ရေးတပ်​တွေအတွက်​ရော ၊ပြည်သူ​တွေအတွက်​ပါ အခုအချိန်မှာအဆုံးအဖြတ်ကာလ ရောက်​နေပြီမို့ ​ရွေးချယ်စရာ နှစ်ခုပဲရှိပါ​တော့တယ် ။

ဒါက​တော့ ​တော်လှန်ပြီး စစ်အာဏာရှင်ကိုအနိုင်ယူမလား ၊ စစ်ကျွန်အဖြစ်ရာသက်ပန်​နေသွား​မလား ဆိုတာပဲဖြစ်ပါတယ် ။ကြား​နေတယ်ဆိုတာဟာလည်း အင်အားကြီးသူနဲ့ ရင်ဆိုင်​နေရချိန်မှာ တဖက်လှည့်နဲ့စစ်အာဏာရှင်ကိုအား​ပေးတာပဲဖြစ်ပါတယ် ။ဒါ​ကြောင့်မို့အ​ဖြေ နှစ်ခုတည်းကတစ်ခုကိုနိုင်ငံသားတိုင်းမဖြစ်မ​နေ​ရွေးကြရ​တော့မှာပဲဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

အဆိုတော်ထူးအိမ်သင် ​ရေးဖွဲ့ထားတဲ့ "အရေးကြီးပြီ" သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်းရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်​​ပြောကြားလိုက်ပါတယ်။