ဆန်အောင် /People’s Spring
ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားပြည်သူတွေအပေါ် စေတနာနဲ့ တိုင်းရင်းသားညီနောင်အချင်းချင်းမိသားစုစိတ်ဓာတ်ထားရှိတယ်လို့အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က မြောက်ဦးကိုဗုံးကြဲပြီး ငါးရက်အကြာမှာပဲ မျက်နှာပြောင်ပြောင်ပဲ အရှက်မရှိပြောလိုက်ပြန်ပါတယ်။
လသားကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၃၄ဦးထက်မနည်းသေဆုံးကာ ၇၀ ကျော်ဒဏ်ရာရခဲ့တဲ့ ရက္ခိုင်ပြည်နယ် မြောက်ဦးပြည်သူ့ဆေးရုံကိုဗုံးကြဲပြီး ငါးရက်အကြာမှာပဲ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုအဓိက စေခိုင်းကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခုလိုပြောလာပြန်တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်မှာ ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့မှာ ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးပြီး နယ်မြေအများစုဆုံးရှုံးထားရတဲ့အာဏာလုခေါင်းဆောင်မင်းအောင်လှိုင်က ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုလုပ်ဆောင်ထားတယ်ဆိုတာ အာပေါအာရင်း သန်သန် ပြောနေပြန်ပါတယ် ။ဒါ့အပြင်အပြင် နိုင်ငံရေးစားပွဲ၀ိုင်းလာ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ စတဲ့ ခွေးပါးစပ်က နတ်စကားထွက်ဆိုသလို မင်းအောင်လှိုင်က ခပ်တည်တည်နဲ့ပြောဆိုခဲ့တာပါ။တကယ်တော့ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတာမှာ အာရက္ခတပ်တော်က ၁၄ မြို့နယ်သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ကျောက်ဖြူ ၊မာန်အောင် သုံးမြို့နယ်ပဲ သိမ်းပိုက်ဖို့ကျန်တာပါ။ လက်ကျန် သုံးမြို့နယ်ထဲက ကျောက်ဖြူနဲ့ စစ်တွေကို AA ကထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

Public Service Announcement
နိုင်ငံတစ်ဝန်း အသံတိတ်သပိတ် ဆင်နွှဲခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်ညမှာ စစ်တပ်က မြောက်ဦးဆေးရုံပေါ်ကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပါ။
အခုလို ဗုံးကြဲသတ်ဖြတ်တာဟာ စစ်တပ်ဟာ သူတို့ရဲ့ လူမဆန်တဲ့ ရက်စက်မှုကို မိုက်ရိုင်းရဲ တင်းစွာ ထပ်ပြလိုက်တာလို့ နိုင်ငံရေး သုတေသီတဦးဖြစ်တဲ့ဦးရဲမျိုးဟိန်းက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။ မကြာသေးခင်က စစ်ကိုင်းတိုင်း ဒီပဲရင်းက လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲလို့ ပြည်သူအများအပြား သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကိုလည်း မီးမောင်းထိုးပြပါတယ်။
“အခုလဲ မြောက်ဦးမှာ ဗုံး ကြဲတာသေဆုံးသူ ၃၃ ဦးရှိပြီလို့ သိရတယ်။ ဒဏ်ရာရသူတွေများသလို စိုးရိမ်ရသူတွေလဲ ရှိတယ်တဲ့။ ဓာတ်ပုံတွေကိုကြည့်ရတာတော့အတော်ပြင်းထန်တာတွေ့ရတယ်။ ဆေးရုံတရုံအပေါ်ကို ဒီလိုဗုံးကြဲချတယ်ဆိုတာ တော်ရုံတန် ရုံလူဆိုရင် စဉ်းတောင် စဉ်းစားဝံ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ မလုပ်ရဲတာဘာမှမရှိဘူးလို့ကြွေးကြော်ထားကြတဲ့ လူဆိုး၊ လူ မိုက်စစ်ရာဇဝတ်ဂိုဏ်းကတော့ ဒါမျိုးလူမဆန်တဲ့ရက်စက် ယုတ်မာမှုတွေကို မြိန်ရေရှက်ရေနဲ့လုပ်ခဲ့၊ လုပ်မြဲ။ လုပ်နေဦးမှာပဲ။ ဒါပေမဲ့ ဒီမှတ်တမ်းတွေက ဘယ်တော့မှပျောက်ပျက်သွားမှာမဟုတ်ပါဘူး။ ပြည်သူတွေသွေးနဲ့ရေးထားရတဲ့မှတ်တမ်း တွေပါ” လို့ ဦးရဲမျိုးဟိန်းက ရေးသားထားပါတယ်။
ဒီဖြစ်ရပ်တွေက စစ် အာဏာရှင်တွေဟာ အဖြူ၊ အမည်း၊ ဗမာ၊ အညာ၊ ရခိုင်၊ ကရင်၊ ကချင် ဘယ်သူ့ကိုမှ ချမ်းသာပေးမှာ မဟုတ်ဆိုတာ ပြသနေတာဖြစ်ပြီးစစ်အာဏာရှင်တွေမပြိုမချင်း ဒီဖြစ်ရပ်တွေ ဆက်ကြုံနေကြရမယ်လို့ သတိပေးပါတယ်။
“ ဘယ်နေရာမှလည်း လွတ်မြောက်မှု၊ လွတ်လပ်မှု အစစ်အမှန်ကို ရမှာ မဟုတ်ပါဘူး” လို့ ဦးရဲမျိုးဟိန်းက ရေးသားကာ စစ်ရေးပညာရှင်တယောက်ရဲ့ “နယ်မြေလွတ်မြောက်မှုဆိုတာ မဟာဗျူဟာပါ၊ နိုင်ငံ လွတ်မြောက်မှပဲ တကယ့်လွတ်လပ်မှုဆိုတာရလာမှာပါတဲ့” ဆိုတဲ့ စကားစုကို ဖော်ပြပါတယ်။
“လက်နက်ကိုင်လမ်းစဉ်စွန့်ဖို့”ဆိုတဲ့မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ကတော့ အာဏာသိမ်းစစ်တပ်ရဲ့ လိုလားချက်ကို ဖွင့်ဟတာဖြစ်လို့ လူလိမ်လူညာ လူယုတ်မာတွေရဲ့ စိတ်ရင်းမှန်စကားဖြစ်မှာပါ။
ဒါ့ပေမဲ့ ဒီဇင်ဘာ ၁၀ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လို နေ့ရက်မျိုးကို ရွေးပြီး ရည်ရွယ်ချက်ရှိရှိ မြောက်ဦးဆေးရုံး ဗုံးကြဲခံရတဲ့ ဖြစ်ရပ်အပါအဝင် ဒေသတွင်း အရပ်သား ပြည်သူတွေ ပစ်မှတ်ထား တိုက်ခိုက်ခံထားရတဲ့ ရက္ခိုင်တိုင်းရင်းသားတရပ်လုံးက မင်းအောင်လှိုင်စကားကို ယုံမှာ မဟုတ်သလို အာရက္ခတပ်တော်(ULA/AA) အနေနဲ့ကလည်း လက်နက်စွန့်ဖို့ဆိုတာထက် ရက္ခိုင်ပြည်နယ် တခုလုံးကိုပါ သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ ရည်မှန်းထားကြောင်း အသိပေးထားတာပါ။
ဒီလိုအခြေအနေတွေကိုလည်း အာဏာသိမ်းစစ်တပ်ဘက်ကတွက်ဆထားပြီးဖြစ်သလိုအမှန်တကယ်အာဏာသိမ်းစစ်တပ် လိုချင်တာက လတ်တလော AAနဲ့ အပစ်ရပ်၊ နိုင်ငံတဝန်း နေရာများစွာဖွင့်ထားရတဲ့ စစ်မျက်နှာလျှော့ချနိုင်ဖို့ ရည်မှန်းတာဖြစ်တယ်လို့ စစ်ရေးလေ့လာသူအချို့က ကိုးကန့်ဒေသ၊ တအာင်းဒေသ အခြေအနေတွေကို ဥပမာပေး သုံးသပ်ပြောကြားပါတယ်။
စစ်အြပ်စုဟာလေကြောင်းကနေဖိအားပေးတာ၊ အိမ်နီးကြီး အင်အားကြီး တရုတ်အစိုးရ အကူအညီ ရယူတာ စတဲ့ နည်းမျိုးစုံနဲ့ တော်လှန်ရေး အားလျော့အောင် အထူးသဖြင့် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေး အားလျော့အောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။ဒေသအသီးသီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေပေါ်လာတာ၊ ပြည်သူတွေရဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအားကောင်းလာတာတွေကြောင့် စစ်အုပ်စုဟာ စစ်ရေး နိုင်ငံရေး အဘက်ဘက် အခက်ကြုံနေခဲ့ရတာပါ။
ဒီအခြေအနေမှာ ပြည်သူကို သတ်ပြ၊ တရုတ်အစိုး
ရရဲ့ ပါဝင်မှုနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကို ဖိအားပေး စတဲ့ နည်းနာသုံးပြီး စစ်မျက်နှာလျော့အောင် ကြိုးပမ်းခဲ့တဲ့ စစ်တပ်လုပ်ရပ်ဟာ ရှမ်းမြောက်မှာ အလုပ်ဖြစ်ခဲ့တဲ့ ဥပမာတွေလည်းရှိခဲ့တော့ ဒီနည်းနာကို ထပ်ခါထပ်ခါ အသုံးပြုလာတာလည်းဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းမှာစတင်ခဲ့တဲ့ကိုးကန့်(MNDAA)၊ တအာင်း(TNLA)၊ ရက္ခိုင်(AA) တို့ ဦးဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစုရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် တပ်စခန်းတွေ၊ မြို့ရွာတွေအပြင် တိုင်းစစ်ဌာနချုပ်တွေပါ လက်လွှတ်ခဲ့ရတဲ့အထိ စစ်ရေးရှုံးနိမ့်ချက်နာခဲ့ပါတယ်။ ရမခ စစ်တိုင်း(လားရှိုး) နပခ စစ်တိုင်း(အမ်း)စတဲ့ ရှမ်းမြောက်နဲ့ ရက္ခိုင်က တိုင်းစစ်ဌာနချုပ် ၂ခု၊ တပ်ရင်းဌာနချုပ်တွေများစွာအပါအဝင် တပ်စခန်း ရာချီ၊ မြို့ပေါင်းဆယ်ချီ ဆုံးရှုံးခဲ့ပါတယ် ။
ခရိုင်မြို့ လားရှိုး နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို MNDAA နဲ့ မဟာမိတ်တွေက ၂၀၂၄ သြဂုတ်လမှာ သိမ်းယူလိုက်တဲ့နောက် တရုတ် အစိုးရက ညီနောင်သုံးဖွဲ့ကို ထိုးစစ်တွေရပ်ခိုင်းပါတယ် ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီကိုယ်တိုင် နေပြည်တော်ကို အမြန်လာပြီး စည်းသုံးစည်းဆိုပြီး မြန်မာ့အရေးကို တိုက်ရိုက်စွက်ဖက်ပါတယ်။ ညီနောင်မဟာမိတ် သုံးဖွဲ့ကို ထိုးစစ်တွေရပ်ခိုင်းပြီး ဖြတ်လေးဖြတ်နဲ့ ဖိအားပေးပါတယ်။ တဖက်မှာ စစ်အုပ်စုကို လက်နက်ခဲယမ်း ၊ငွေကြေး ၊ နည်းပညာ ၊ဒရုန်းမှအစ လေယာဥ်အထိအကူအညီပေးပါတယ် ။ MNDAA ၊ TNLA တို့အနေနဲ့လည်း တရုတ်အစိုးရရဲ့ဖိအားအပြင် ၊တရုတ်အစိုးရရဲ့ဖြတ်လေးဖြတ်နဲ့ လက်နက်ခဲယမ်းကနေ စားနပ်ရိက္ခာအထိ ဖြတ်တောက်မှုတွေလုပ်ခဲ့ပြီးကြိုးတုပ်ကာ စစ်တပ်နဲ့ စစ်တိုက်ခိုင်းသလိုလုပ်ခဲ့ပါတယ် ။
တဖက်မှာ စစ်တပ်က တရုတ်နဲ့ ရုရှား အကူအညီတွေရတဲ့အပြင် စစ်မှုမထမ်းမနေရ ဥပဒေနဲ့စုဆောင်းထားတဲ့ စစ်သားသစ်တွေကို အသုံးပြုပြီး ၂၀၂၅ ခုနှစ်မှာ တန်ပြန်ထိုးစစ်တွေ ပြုလုပ်လာပါတယ်။ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ လားရှိုး အပါအဝင် ကိုးကန့် MNDAA သိမ်းပိုက်ထားတဲ့မြို့ရွာတွေကို စစ်တပ်က လေယာဉ်ဗုံးအကြိမ်ပေါင်းများစွာ ကြဲချ၊ ပြည်သူတွေကို သတ်ပြပြီး ကိုးကန့်နဲ့ အပစ်ရပ်စဲနိုင်ခဲ့သလို ၂၀၂၅ အောက်တိုဘာလကုန်ပိုင်းမှာလည်း အဲဒီနည်းနဲ့ပဲ တအာင်း TNLAနဲ့ အပစ်ရပ်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီဟာ အောက်တိုဘာ ၁လထဲမှာပဲ တအာင်းတပ် ထိန်းချုပ်နယ်မြေကို လေကြောင်းက အကြိမ်ပေါင်း ၄၀ လောက် ဗုံးကြဲခဲ့လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၅၀ လောက်သေဆုံးကာ ၆၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။အရပ်သား ပြည်သူတွေ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုပျက်စီးဆုံးရှုံးမှု၊ အသက်ဘေးကင်းလုံခြုံမှု ပေးနိုင်ဖို့ စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ရတာ ဖြစ်ကြောင်း TNLAက ထုတ်ပြန်ခဲ့ပါတယ်။
ဗုံးကြဲပြီးပြည်သူတွေကိုသတ်ကာ ဖိအားပေးပြီးအပစ်ရပ်ဗျူဟာက ကိုးကန့်၊ တအာင်း တပ်တွေနဲ့ အလုပ်ဖြစ်ခဲ့တဲ့ စစ်ကောင်စီဟာ ကိုးကန့်နဲ့တအာင်းတို့ရဲ့ မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော်(AA) ကိုလည်း ရက်မခြားဘဲ လေကြောင်းကနေ ဗုံးကြဲမှူတွေတိုးလုပ်ခဲ့ပါတယ်။TNLAနဲ့ အပစ်ရပ်ပြီနောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၂၉ရက်ကနေ ဒီဇင်ဘာ ၃၁ရက်အတွင်း စစ်တပ်က စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ကျောက်ဖြူမြို့နယ်တွေကို ရေကြောင်း၊ လေကြောင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း AAက ထုတ်ပြန်ခဲ့ပြီး အဲဒီ တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၂ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီနောက် စစ်တပ်က AA ထိန်းချုပ်နယ်မြေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ မြောက်ဦး ဆေးရုံ တိုက်ခိုက်ခံရမှုအပါအဝင်ရှမ်းမြောက်အပစ်ရပ်ပြီးနောက်ပိုင်း အောက်တိုဘာ ၂၉ရက်ကနေ ဒီဇင်ဘာ ၁၁ရက်ညပိုင်းအထိ တလခွဲနီးပါးအတွင်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ရက္ခိုင်ဒေသခံ ၆၈ ဦးထက်မနည်းသေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
မြောက်ဦးဆေးရုံတိုက်ခိုက်ခဲ့ပြီး နောက်ရက် ဒီဇင်ဘာ ၁၁ရက်ညမှာ စစ်တပ်က ကျောက်ဖြူကို ထပ်မံ လေကြောင်းဗုံးကြဲခဲ့လို့ ပြည်သူ ၈ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့တာကိုကြည့်ရင် စစ်တပ်က ပြည်သူကို စိတ်လိုလက်ရသတ်ဖြတ်ပြနေတာကို မြင်သာစေပါတယ်။ ဒါ့အပြင်အောက်တိုဘာ ၁၂ရက်နဲ့ ၁၃ရက်မှာ စစ်တပ်က မြောက်ဦး ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တွေကို ထပ်မံ လေကြောင်း ဗုံးကြဲခဲ့ပေမယ့်အထိအခိုက်တွေတော့ မသိရသေးပါဘူး။
ရက္ခိုင်ဒေသခံတွေ အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်စေတဲ့ စစ်ကောင်စီလုပ်ရပ်အပေါ် AA ရဲ့တုန့်ပြန်ချက်ကလည်း ရိုးရှင်းပါတယ်။
“ပြစ်မှု ကျူးလွန်သူ၊ ကျူးလွန်ရန် စေခိုင်းသူနှင့်ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဖြစ်ပါသည်” လို့ AAက ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်ဟာ ရက္ခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စစ်မျက်နှာ၊ ရက္ခိုင်နဲ့ဆက်စပ်နေတဲ့ မကွေးစစ်မျက်နှာ ၊ ပဲခူးစစ်မျက်နှာနဲ့ ဧရာ၀တီ စစ်မျက်နှာတွေမှာ အထိနာ စစ်ရှုံးနေတာကြောင့် အခုလို စစ်ဘက်နဲ့မဆိုင်တဲ့ အရပ်သားတွေကို တိုက်ခိုက်နေတာဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားပါတယ် ။ သရဲဘောကြောင်တဲ့၊ စစ်သားမဆန်တဲ့ လုပ်ရပ် အကြမ်းဖက်သတ်ဖြတ်မှု လုပ်ရပ်သာဖြစ်ကြောင်း စစ်တပ် လေကြောင်း တိုက်ခိုက်မှုတွေအပေါ် တုံ့ပြန်ပါတယ်။
“စစ်မြေပြင်မှာ သူတို့ ဘက်က အထိခိုက် အကျအဆုံးတွေများလာပြီဆိုလို့ရှိရင် ဒီအပြစ်မဲ့ ပြည်သူတွေကို ဦးတည် ပစ်မှတ်ထားတိုက်ခိုက်တာကတော့ ဒါသူတို့ရဲ့ နည်းဗျူဟာ တခုလို့လည်း ပြောလို့ရတာပေါ့” လို့ ဦးခိုင်သုခက ပြောပါတယ်။
စစ်ရေးနိုင်ငံရေးလေ့လာသူ သတင်းရင်းမြစ်တဦးက စစ်တပ်ရဲ့ ရက္ခိုင်ဒေသ လေကြောင်း စစ်ဆင်ရေးဟာ အပစ်ရပ်စဲရေး ဖြစ်ပေါ်လာဖို့ အတွက် သက်ရောက်မှု ရှိလာနိုင်ကြောင်း သုံးသပ်ပြောကြားပါတယ်။
“MNDAAနဲ့ TNLAကို လေကြောင်း တိုက်ခိုက်တဲ့ နည်းနဲ့ ဖိအားပေးခဲ့သလို အခုနောက်ပိုင်း KIAနဲ့ AA ထိန်းချုပ်နယ်မြေတွေကို ထပ်ပြိးဖိအားပေးလာတဲ့ သဘောလို့ မြင်တယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ရေးနဲ့မဆိုင်တဲ့ ပြည်သူတွေရှိတဲ့နေရာတွေကို စစ်တပ် လေယာဉ်ဗုံးကြဲတာဟာ စစ်ကောင်စီကို တရုတ်အစိုးရက ရာနှုန်းပြည့် ကြောထောက်နောက်ခံ လုပ်ပေးနေတာကြောင့်ဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
သုံးလအရွယ် ကလေးငယ်အစ သက်ကြီးရွယ်အိုအဆုံး အမျိုးသမီး ၁၇ဦး၊ အမျိုးသား ၁၆ ဦး စုစုပေါင်း ၃၃ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ မြောက်ဦးဆေးရုံဗုံးကြဲတဲ့ စစ်တပ်လုပ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် ပြည်တွင်း တော်လှန်ရေးအင်အားစုတွေ အသီးသီးက ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။ဒါ့အပြင် ကုလအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း စစ်တပ်လုပ်ရပ်ကို ကန့်ကွက်ခဲ့ပါတယ်။
AA ရဲ့မဟာမိတ်တွေဖြစ်တဲ့ကိုးကန့် MNDAAနဲ့ တအာင်း TNLA တို့ကလည်း တရုတ်ကြားဝင်မှုနဲ့ အပစ်ရပ်ရေးရေးလုပ်ထားတဲ့ စစ်တပ်ရဲ့ မြောက်ဦးဆေးရုံနဲ့ရက္ခိုင်ပြည်တဝန်း လေကြောင်းဗုံးကြဲမှု လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချကြောင်း ဒီဇင်ဘာ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။ပြည်သူဦးတည်ပြီး အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံး စေတဲ့စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီ လုပ်ရပ်တွေက မြန်မာပြည်ကို ကျရှုံးနိုင်ငံအဖြစ်သို့ အဆုံးစွန်ထိ တွန်းပိုနေခြင်းဖြစ်ကြောင်း လည်း MNDAAနဲ့ TNLAက ဖော်ပြပါတယ်။
“မြန်မာစစ်ကော်မရှင်၏ ထိုလုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့်ရေးအတွက် ကူညီဆောင်ရွက် ပေးကြပါရန် လူသားချင်းစာနာထောက်ထားသော၊ ယဉ်ကျေးသော လူ့အဖွဲအစည်းဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအစိုးရတိုအား မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်”လို့လည်း MNDAAနဲ့ TNLAက က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ကြောင်း ဦးမင်းကိုနိုင် အပါအဝင် လူပုဂ္ဂိုလ် အဖွဲ့အစည်း ၄၅ခု ပါဝင်တဲ့ တော်လှန်သွေးချင်းများ သန္နိဌာန်ပြုချက်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိင်းရေးအင်အားစု(GSCB)က ဒီဇင်ဘာ ၁၆ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင်မြောက်ဦးဆေးရုံ ဗုံးကြဲမှု ဖြစ်ရပ်ကို အခြေပြုလျက် အကြမ်းဖက်စစ်အုပ်ရဲ့ လူမျိုးရေးမုန်တီးလှုံ့ဆော် လမ်းလွှဲနေတာကို သတိပြုကြရမယ်လို့ သတိပေးထားပါတယ်။
“ဖက်ဆစ်တပ်ဟာ သူတို့ရဲ့လူမဆန် ရက်စက်ရိုင်းစိုင်းတဲ့ စစ်ရာဇဝတ်မှုကို အာရုံလွှဲချင်တယ်။ တော်လှန်ရေးကိုစိတ်ဝမ်းခွဲချင်တယ်ဒါကို ဖေါ်ထုတ်တုန့်ပြန်ကြတာပဲ” လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။
စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို ကမ္ဘာကအရေးယူတဲ့အထိ အားလုံးအားစိုက်ကြအုံးမှာ ဖြစ်ကြောင်းလည်း ဦးမင်းကိုနိုင်က အသိပေးပါတယ်။ စစ်အုပ်စုကတော့ မြောက်ဦးဆေးရုံဗုံးကြဲတာဟာ စစ်ရေးပစ်မှတ်ဖြစ်လို့ ဆိုပြီး သူတို့ရဲ့ စစ်ရာဇဝတ်မှု ကျူလွန်းတာကို ဖုံးကွယ်ဖို့လိမ်ညာ ပြောဆိုခဲ့ပါတယ်။
ဆေးရုံကို AAက စစ်စခန်းအဖြစ် အသုံးချနေလို့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး လုပ်ဆောင်ခဲ့တာလို့ စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်မှုဟာ ဆင်သေကို ဆိတ်ရေနဲ့ဖုံးသလို ပါပဲ။ မခိုင်လုံတဲ့ ဆင်ခြေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားပေမယ့် မြောက်ဦးဆေးရုံ စစ်တပ်လေကြောင်းဗုံးကြဲလို့ သေဆုံးခဲ့ရတဲ့ လသားအရွယ်ကလေးငယ်တွေ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေရဲ့ ရုပ်အလောင်းတွေ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့လုပ်ရပ်ကို ထင်ရှားစွာ မြင်တွေ့နေကြရပါတယ်။
ဒါ့ပေမယ့် အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အသံ၊ သဘောထားကိုတော့ မကြား မမြင်ရပါဘူး။မြောက်ဦးမြို့ ပြည်သူ့ဆေးရုံစစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုလုပ်ရပ်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်တဲ့ ထုတ်ပြန်ချက်တွေနဲ့ ပြောဆိုချက်တွေအပေါ် အမြဲတမ်း အမှတ်ရ ကျေးဇူးတင်နေမယ် AA က ထုတ်ပြန်ရာမှာလည်း တရုတ်နိုင်ငံရဲ့ အမည်မတွေ့ရပါဘူး။
AA ရဲ့ကျေးဇူးတင်လွှာမှာ ပြည်တွင်း ပြည်ပအဖွဲအစည်း အမည်တွေကိုလည်း ဖော်ပြခဲ့ပါတယ်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အာဆီယံကိုယ်စားပြုအဖွဲတွေ၊ ကုလသမဂ္ဂရဲ့ လက်အောက်ခံ အဖွဲအစည်းကြီးတွေအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းကြီးတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နွေဦးတော်လှန်ရေးမှပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲအစည်းတွေ၊ ပြည်တွင်းပြည်ပအဖွဲအစည်းတွေ၊ ကျန်းမာရေးအဖွဲအစည်းတွေ၊ တစ်သီးပုဂ္ဂလတွေ၊ အာရက္ခဒေသအတွင်းရှိ မူဆလင်အဖွဲအစည်းတွေနဲ့ မတရားမှုကို တိုက်ထုတ်ပြီး တရားမျှတမှုကိုလိုလားသော အဖွဲအစည်းတွေအားလုံးကို နက်နက်ရှိင်းရှိင်း ကျေးဇူးတင်ကြောင်း ဖော်ပြပါတယ်။
အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ ဆုံးရှုးနစ်နာရမှုတွေအပေါ် ဝမ်းနည်း ကြေကွဲမှုကို အလေးအနက် ထုတ်ဖော်ပြသခဲ့ကြတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ ဥရောပသမဂ္ဂ၊ ယူကေနိုင်ငံရဲ့ နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ဖွံဖြိုးရေးရုံး၊ နော်ဝေနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကနေဒါနိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊နယ်စည်းမထားဆရာဝန်များအဖွဲ (MSF) နဲ့ အခြားသောနိုင်ငံတွေကသံတမန်အဖွဲ အစည်းတွေ အားလုံးကို ကျေးဇူးတင်ကြောင်း AAက ထုတ်ပြန်ပါတယ်။
“ခိုင်မာသောရပ်တည်ချက်နှင့် ဝမ်းနည်းကြေကွဲမှုကို မိမိတိုနှင့်အတူတကွ ထုတ်ဖော်ပြသပြီး ရပ်တည် ခဲ့ကြသည့် မျှဝေခံစားပေးမှုများသည် ဖိနှိပ်မှုများကို ရင်ဆိုင်နေရသည့် မိမိတိုအတွက် များစွာခွန်အားဖြစ်စေ ပါသည်။ ထိုအတူ ထိခိုက်နစ်နာခံခဲ့ရသူများအတွက်လည်း စိတ်ခွန်အားများရရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်” လို AAက ထုတ်ပြန်ပါတယ်။
စစ်ရေး နိုင်ငံရေးလေ့လာသူသတင်းရင်းမြစ်ကတော့ “တရုတ်အစိုးရကလည်း လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုကို သွယ်ဝိုက်ပြီး ကျူးလွန်နေတာပါ။ စကစက တိုက်ရိုက်ကျူးလွန်နေသူပါ” လို့ ပြောပါတယ်။
စစ်အုပ်စုအနေနဲ့ တရုတ်အကူအညီယူ ဖိအားပေးတာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ပြီး ကိုးကန့်၊ တအာင်းနဲ့ အပစ်ရပ်နိုင်ခဲ့သလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ AAတို့နဲ့လည်း လုပ်နိုင်ဖို့ စစ်အုပ်စုဘက်က ကြိုးပမ်းနေတဲ့ သတင်းတွေ ကြားရကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။
“စကစရဲ့ ဟန်ပြရွေးကောက်ပွဲအပြီး ၂၀၂၆ မှာ ကွတ်ခိုင်နဲ့ နမ့်ဖက်ကာကို မရမက ပြန်ယူနိုင်ဖို့ တရုတ်အစိုးရနဲ့ စကစ ဗျူဟာခင်းဆွေးနွေးနေတဲ့ သတင်းတွေလည်း ကြားသိရပါတယ်။”လို့ ပြောပါတယ်။
ဒါကြောင့် ရခိုင်က မြောက်ဦးဆေးရုံ ဖြစ်ရပ် သင်ခန်းစာယူပြီး လေကြောင်းရန် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြတာရှိတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
အာဏာလုခေါင်းဆောင်မင်းအောင်လှိုင်ကတော့ လက်နက်ကိုင်နည်းနဲ့လိုလားချက်တွေ မတောင်းဆိုဖို့ ရက္ခိုင်ပြည်နယ်နေ့မှာ ပြောဆိုသလို ဒေသခံ လူထုရဲ့ မျက်နှာကို စာနာပြီး တည်ငြိမ်မှုကို ကြိုးပမ်းပေးဖို့ ပြောဆိုခဲပါတယ်။
ဒါကြောင့် စစ်ကောင်စီက တအာင်း၊ ကိုးကန့်ဒေသတွေမှာ လူထုကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်သတ်ဖြတ်ပြပြီး အပစ်ရပ်နိုင်ခဲ့သလိုမျိုး AA ထိန်းချုပ်နယ်မြေ အပါအဝင် အခြားတော်လှန်ရေးနယ်မြေတွေမှာ ဆက်လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။
လေကြောင်းဖိအားပေးတိုင်း၊ တရုတ်ဖိအားပေးတိုင်း စစ်တပ်နဲ့ အပစ်ရပ်လိုက်တာမျိုး ထပ်ခါထပ်ခါ ဖြစ်လာရင်တော့ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးအပေါ် လူထုရဲ့ ယုံကြည်မှု လျော့ကျလာနိုင်တယ်လို့လည်း စစ်ရေးနိုင်ငံရေးလေ့လာသူ သတင်းရင်းမြစ်က သတိပေးပါတယ်။
နိုင်ငံရေး သုတေသီတဦးဖြစ်တဲ့ ဦးရဲမျိုးဟိန်းကလည်း စစ်တပ်နဲ့ လက်ဆွဲနှုတ်ဆက်မယ့် သူတွေ ကြုံရမယ့် အခြေအနေကိုလည်း အခုလို သတိပေးထားပါတယ်။
“ဒီစစ်ရာဇဝတ်သားတွေ လက်ထဲ စွန်းပေနေတဲ့ ပြည်သူတွေရဲ့ သွေးတွေက အတော်များနေပြီ။ အဲ့ဒီသွေးစွန်းလက်တွေနဲ့လက်ဆွဲနှုတ်ဆက်ရင် သွားဆွဲမိတဲ့လက်မှာ သွေးပေမှာပဲ။ အဲ့လိုပဲ ဒီရာဇဝတ်သားတွေနဲ့ သွားပူးပေါင်းရင် ပူးပေါင်းသူ တွေကိုယ်တိုင် စစ်ရာဇဝတ်သားတွေ၊ စစ်ရာဇဝတ်မှု အလို တူ အလိုပါတွေအဖြစ် သမိုင်းခုံရုံးအတင်ခံရမှာပဲ”။

















































