မမစိန်ရေးသားသည်။
မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ မနက်ဖြန်ဆိုတာ မသေချာ မရေရာတာတွေ အပြည့်နဲ့ ဖြစ်နေပါပြီ။ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စီးပွားရေး အခက်အခဲအကြပ်အတည်းတွေကြားမှာ အားလုံးဟာ ဘယ်အချိန် ဘာဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ပဲ နေ့ရက်တွေကို ဖြတ်သန်းနေကြရပါတယ်။
ဒီမရေရာမှုတွေရဲ့ နောက်ဆက်တွဲကတော့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေ ပျောက်ဆုံးသွားတာပါပဲ။ ဖုန်းသံကြားရင် ထိတ်ခနဲ ဖြစ်ရတာ၊ လူမှုကွန်ရက်ပေါ်က သတင်းတစ်ခုကြောင့် ရင်တုန်ရတာတွေအပြင် အခုနောက်ပိုင်းမှာတော့ အိမ်တိုင်းရဲ့ တံခါးဝအထိ ရောက်လာခဲ့ပါပြီ။
စစ်မှုထမ်းဥပဒေကြောင့် အရွယ်ရောက်ပြီးသား သားယောက်ျားလေးတွေရှိတဲ့ မိဘတိုင်းဟာ နေမထိထိုင်မသာနဲ့ သားသမီးတွေအတွက် ပူပန်နေကြရပါတယ်။ အိမ်ရှေ့မှာ ကားတစ်စီး ရပ်လိုက်သံကအစ မိဘတွေရဲ့ ရင်ကို တုန်လှုပ်စေသလို၊ လူငယ်လူရွယ်တွေအတွက်လည်း အပြင်ထွက်ဖို့ ခရီးသွားလာဖို့ဆိုတာ စွန့်စားခန်းတစ်ခုလို ဖြစ်လာပါတယ်။

Public Service Announcement
လမ်းမှာအစစ်အဆေးခံရမှာ၊အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ခံရမှာကိုကြောက်ရွံ့နေရတာကြောင့် လူငယ်တွေရဲ့ ဘဝဟာ ကိုယ့်အိမ်တံခါးအတွင်းမှာပဲ အကျဉ်းကျနေသလို ခံစားနေရပါတယ်။
သမီးမိန်းကလေးတွေအတွက်ကလည်း အတူတူပါပဲ။စစ်မှုထမ်းဥပဒေကိုကြောက်ရတဲ့ပြင်တရားဥပဒေစိုးမိုးမှုအားနည်းနေတဲ့ အခုလိုချိန်မှာ မလိုလားအပ်တဲ့ပြစ်မှုမျိုးတွေမဖြစ်အောင် မိဘတွေအနေနဲ့ ကိုယ်ကိုယ်တိုင် ကာကွယ်ရန်မှတပါး အခြားမရှိပါဘူး။ ဒီလိုစိုးရိမ်ပူပန်မှုတွေဟာ ပါးစပ်က ထုတ်ပြောစရာမလိုပါဘူး။ ဆယ်ကျော်သက်လူငယ်လေးတွေရဲ့ မိဘတွေမျက်နှာမှာ အထင်းသားမြင်နေရပါတယ်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေဟာ ဆယ်ကျော်သက်လူငယ်တွေတင်မဟုတ်ဘဲ လူလတ်ပိုင်း အမျိုးသားတွေ၊အမျိုးသမီးတွေလည်း ခရီးထွက်တဲ့အခါမျိုးတွေမှာ ရင်ဆိုင်ရပါတယ်။ အရင်ကဆို ကိုယ်ပိုင်ယာဥ်သွားမယ်ဆို ယာဥ်လိုင်စင်နဲ့ လူလိုင်စင်ပါရင် အေးအေးဆေးဆေးထွက်လို့ရပေမယ့် အခုအခါမှာတော့ဖုန်းတွေပါစစ်တာဆေးတာမျိုး ရှိတာမို့ စစ်ဆေးတဲ့အဖွဲ့တွေနဲ့ မတွေ့အောင်လို့ သတိထား ရှောင်ရှားသွားနေကြရပါတယ်။
လူပြတ်လပ်တဲ့နေရာတွေဆိုလည်း လူကို ထိခိုက်အောင်လုပ်ပြီး ကား၊ဆိုင်ကယ်နဲ့ ပစ္စည်း လုယက်တာမျိုးတွေကို ကြောက်လန့်နေရပါတယ်။ဒီလို စိုးရိမ်ပူပန်မှုတွေကနေ ရုန်းထွက်ဖို့အတွက် မိဘတွေဟာ သူတို့ရဲ့ စုဆောင်းထားသမျှကို ပုံအောပြီး သားသမီးတွေကို နိုင်ငံခြားကျောင်းသွားတက်ဖို့၊ အလုပ်လုပ်ဖို့ ကြိုးစားကြရပါတယ်။ဒါဟာ ပျော်ရွှင်စရာ ခရီးတစ်ခု မဟုတ်ဘဲ ဘေးကင်းလုံခြုံရာဆီကို အတင်းတွန်းပို့နေရတဲ့ ခွဲခွာခြင်းသာ ဖြစ်ပါတယ်။
“ ပညာတတ်ကြီး ဖြစ်လာဖို့” ထက် “ အသက်အန္တရာယ် ဘေးကင်းဖို့” က ပိုအရေးကြီးလာတဲ့အခါမှာ မိသားစုတွေ တကွဲတပြား ဖြစ်ကုန်ကြရပါတယ်။
စီးပွားရေး အကြပ်အတည်းနဲ့ ဘေးအန္တရာယ်တွေကြားမှာ လူတွေဟာ ကိုယ့်ပြဿနာနဲ့ကိုယ် လုံးပန်းနေရတာမို့ လူမှုဆက်ဆံရေးတွေဟာလည်း အရင်လို မနွေးထွေးတော့ဘဲ ဝေးကွာလာကြပါတယ်။ အရင်ကတော့ လူချင်းဝေးပေမယ့်စိတ်ချင်းနီးကြတယ်လို့ဆိုလို့ရပေမယ့် အခုအခါမှာတော့ လူချင်းရော စိတ်ချင်းရော ဝေးနေကြရပါပြီ။ တခါတလေ ဖြတ်ကနဲ သတိရလိုက်လို့ နေကောင်းရဲ့လား အဆင်ပြေရဲ့လား။ ပြီးရင် ဖုန်းဆက်မယ်ပေါ့။
တကယ်တမ်းကြတော့ လက်ထဲမှာ ဖုန်းအမြဲနီးပါး ရှိနေပေမယ့် ဖုန်းလည်းမဆက်ဖြစ်ပါဘူး။ ဘာကြောင့်မဆက်ဖြစ်တာလဲလို့ မေးလာခဲ့ရင့် စိတ်တွေ ပျော်မနေကြလို့ပါပဲ။ အရင်လို အလာပ ဿလာပတွေ မပြောနိုင်ကြတော့လို့ပါ။ Facebook လိုဆိုရှယ်မီဒီယာပေါ် တင်ကြမှပဲနေကောင်းကျန်းမာကြောင်းသိရလို့ ဝမ်းသာရတဲ့ အခြေအနေဖြစ်နေကြရပါတယ်။
လူတိုင်းက ကိုယ်နဲ့ကိုယ့်မိသားစုရှင်သန်နိုင်ရေး ရုန်းကန်နေရတာမို့ ပိုပြီး အထီးကျန်လာပါတယ်။ တခါတလေမှာ တယောက်တည်းနေချင်တယ်။ ဘယ်သူနဲ့မှ စကားလည်းမပြောချင် အိပ်ယာထဲပဲခွေပြီးနေချင်တဲ့အချိန်တွေ ရှိဖူးကြမယ်ထင်ပါတယ်။ တကယ်တမ်းမှာတော့ ဒီလို ခက်ခဲတဲ့ အချိန်တွေမှာ အချင်းချင်း နားလည်ပေးမှုနဲ့ ကူညီဖေးမမှုတွေဟာတစ်ခုတည်းသောစိတ်ဓာတ်ခွန်အားပါပဲ။ မိတ်ဆွေတွေနဲ့ တွေ့ဆုံပြီး ဟိုပြောဒီပြောနဲ့ ဟက်ဟက် ပက်ပက် မရယ်နိုင်ခဲ့ကြတာ ကြနေပါပြီ။
ဒီလို မရေရာမှုတွေကြားမှာဘယ်လိုရှင်သန်အောင်နေကြမလဲ။ အဖြေကတော့ထိန်းချုပ်လို့မရတဲ့ ပြင်ပ အခြေအနေတွေထက် ထိန်းချုပ်လို့ရတဲ့ အတွင်းစိတ် အခြေအနေ ကို အာရုံစိုက်ဖို့ပါပဲ။ အလုပ်ထဲမှာ စိတ်နှစ်ထားတာ၊ ဝါသနာပါရာလေးတွေ လုပ်တာ၊ ဒါမှမဟုတ်မိသားစုနဲ့သူငယ်ချင်းတွေကြားမှာ နွေးထွေးတဲ့ စကားဝိုင်းလေးတွေ ဖန်တီးတာတွေဟာ ခဏတာ စိတ်ပိုင်းဆိုင်ရာ ခိုလှုံရာလေးတွေ ဖြစ်စေပါတယ်။ လောကကြီးက ဘယ်လောက်ပဲ ကမောက်ကမ ဖြစ်နေပါစေ၊ ကိုယ့်စိတ်ကို ကိုယ်တိုင် ပြန်လည် ထိန်းကျောင်းနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
၂၀၂၁ ခု စစ်တပ်က မတရား အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း မြန်မာပြည်သူတွေရဲ့ အနာဂတ်ဟာ ဘာဆိုတာ မသေချာပါဘူး။ ဒါပေမယ့် ကြုံတွေ့လာရမယ့် ဒုက္ခသုခတွေကို စိတ်ဓာတ်ကျမသွားဘဲ ဆက်လက် ရှင်သန်နေထိုင်ဖို့ ကြိုးစားခြင်းဟာ ကိုယ့်ကိုယ်ကိုယ်အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ကိုပါ အကောင်းဆုံး ကာကွယ်ခြင်းပဲ ဖြစ်ပါတော့တယ်။ ။




















































