Pfizer ကုမ္ပဏီက ထုတ်လုပ်တဲ့ သောက်ဆေး တစ်မျိုးဟာ ပြင်းထန်တဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားမှုတွေကို ၉၀ ရာခိုင်နှုန်းလောက် လျော့ပါးစေကြောင်း သိရပါတယ်။
Pfizerဟာ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို အောင်အောင်မြင်မြင် ထုတ်လုပ်ခဲ့ပြီးတဲ့နောက် အခုအခါ ကုသဆေးဖက်ကိုပါ လှည့်လာခဲ့တာပါ။ ကုမ္ပဏီက လက်တွေ့ စမ်းသပ်နေတဲ့ ဆေးပြားကို HIVလူနာတွေအတွက် ပေးတဲ့ ဆေးတစ်မျိုးနဲ့ တွဲစပ်ပေးတဲ့အခါ ရောဂါကြောင့် ဆေးရုံတက်ရနိုင်ခြေ၊ သေဆုံးနိုင်ခြေတွေကို ၈၉ ရာခိုင်နှုန်း လျော့ကျသွားစေကြောင်း Pfizerက ဆိုပါတယ်။
PF-07321332လို့သာ ယာယီ ကုတ်ဒ်နာမည် သတ်မှတ်ရသေးတဲ့ ဆေးဟာ Merckက ထုတ်လုပ်တဲ့ Molnupiravirအပြီး ဒုတိယမြောက် လက်တွေ့ အာနိသင် ထက်မြက်တဲ့ ကိုဗစ် ကုသဆေး ဖြစ်လာဖွယ် ရှိနေပါတယ်။ Pfizer အနေနဲ့ သူတို့ရဲ့ သောက်ဆေးကို အမှန်တကယ် အသုံးပြုခွင့် ရရှိစေဖို့အတွက် အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဌာန (FDA) ခွင့်ပြုချက်ကို လျှောက်ထား တောင်းခံရဦးမှာ ဖြစ်ပါတယ်။
Pfizerရဲ့ အမှုဆောင်ချုပ် အဲလ်ဘတ် ဘိုရာလာက ဆေးရဲ့ စမ်းသပ်မှု ရလဒ်တွေ၊ သိပ္ပံနည်းကျ အချက်အလက်တွေကို မကြာခင် FDAဆီ တင်သွင်းသွားမယ်လို့ ပြောပါတယ်။ ဒီဆေးက ကိုဗစ် ကပ်ရောဂါ တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ကြီးမားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာစေပြီး လူသန်းပေါင်း များစွာရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement
အခုဆိုရင် ကုမ္ပဏီက ဆေးအလုံးရေ သန်း ၅၀၀ လောက် ထုတ်လုပ်ဖို့ အသင့်ဖြစ်နေပြီး လူနာ သန်း ၅၀ လောက်အတွက် ဖူလုံစေမယ်လို့ ဘိုရာလာက ပြောကြားသွားပါတယ်။ အခုသတင်းကို ကြေညာပြီးတဲ့နောက် Pfizerရဲ့ ရှယ်ယာတွေက ၈ ရာခိုင်နှုန်းလောက် တန်ဖိုး မြင့်တက်သွားပါတယ်။
ဒီဆေးဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးပွားမှုအတွက် ကူညီတဲ့ အင်ဇိုင်းတွေကို ချေဖျက်ဖို့ တီထွင်ထားတာပါ။ ဗိုင်းရပ်စ်က မပျံ့ပွားနိုင်တဲ့အခါ ရောဂါလည်း ပြင်းထန် မလာတော့ပါဘူး။ HIVလူနာတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ ဆေးနဲ့ တွဲဖက်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ အဲဒီဆေးဟာ Pfizerရဲ့ ကိုဗစ်ကုသဆေးကို အလွယ်တကူ မပြိုကွဲဘဲ အချိန်ကြာကြာ အာနိသင် ထက်မြက်နေအောင် ဓာတ်ကူ ပစ္စည်း အနေနဲ့ ထောက်ပံ့တာကြောင့်လို့ သိရပါတယ်။
လောလောဆယ် Pfizerက ကိုဗစ်လူနာ ၆၁၂ ဦးကို သူတို့ရဲ့ စမ်းသပ်ဆေးဝါးနဲ့ ကုသစေရာမှာ ၆ ဦးသာ ဆေးရုံတက်ရပြီး အသေအပျောက် လုံးဝ မရှိဘူးလို့ ဆိုပါတယ်။ ကိုဗစ်ရောဂါ ကုသဖို့ ဆေးဝါးတွေ ဖော်စပ်လာနိုင်နေပြီ ဖြစ်ပေမယ့် လူတွေ အများကြီး ကာကွယ်ဆေး ထိုးကြတာကသာ ကပ်ရောဂါကို အမှန်တကယ် အထိရောက်ဆုံး ဟန့်တားနိုင်မယ့် နည်းလမ်း ဖြစ်နေဆဲလို့တော့ ပညာရှင်တွေက ပြောကြားထားပါတယ်။
