မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုဗစ်ရောဂါ ဖြစ်ပွားတဲ့ လူနာတွေမှာ ရောဂါ လက္ခဏာက အရမ်း ပျော့ပျော့လေးသာ ပြသလေ့ ရှိတယ်လို့ ဒီဗိုင်းရပ်စ် အသစ်ကို စတင် သတိပြုမိခဲ့တဲ့ ဆရာဝန်က မှတ်ချက် ပေးခဲ့ပါတယ်။
မျိုးဗီဇ ပြောင်းလဲမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ထားပြီး ကူးစက်နှုန်း အရမ်းမြန်လာမယ်လို့ ယူဆရတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိခဲ့ပါတယ်။ ဒေါက်တာ အန်ဂျလစ် ကိုယက်ဇီက အစောဆုံး သတိပြု တွေ့ရှိခဲ့တဲ့ မျိုးကွဲသစ်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အလေးအနက် စိုးရိမ်ရမယ့် ဗိုင်းရပ်စ် မျိုးစိတ်တွေ စာရင်းထဲ ထည့်သွင်း သတ်မှတ်လိုက်ပြီး Omicronလို့ နာမည် ပေးလိုက်ပါတယ်။
ဒီဗိုင်းရပ်စ် အသစ်နဲ့ ပတ်သက်လို့ ပိုပြီး တိကျ မှန်ကန်တဲ့ သုတေသနဆိုင်ရာ အချက်အလက်တွေကိုတော့ WHOက ဖော်ထုတ်နိုင်ဖို့ အသည်းအသန် ကြိုးစားနေဆဲပါ။ ဒေါက်တာ ကိုယက်ဇီဟာ ကိုယ်ပိုင် ဆေးခန်း ဖွင့်ထားပြီး တောင်အာဖရိက ဆေးပညာ အဖွဲ့မှာ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အမျိုးသမီး ဆရာဝန် ဖြစ်ပါတယ်။ သူဟာ ဆေးခန်း လာပြတဲ့ လူနာတွေထဲက ၇ ဦးလောက်ဟာ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ အတော်လေး ခြားနားတဲ့ ကိုဗစ်ရောဂါ လက္ခဏာတွေ ပြသနေတာကို စပြီး သတိပြုမိလာပါတယ်။ အားလုံးလိုလိုက ကိုဗစ် ဖြစ်နေပေမယ့် ရောဂါ လက္ခဏာတွေက ပျော့လွန်းတယ်လို့ ဒေါက်တာ ကိုယက်ဇီက ရှင်းပြပါတယ်။
နောက်ပိုင်းမှာတော့ ဓာတ်ခွဲ စစ်ဆေးမှုတွေအရ အဲဒီ လူနာတွေဟာ မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ်တစ်ခု ကူးစက် ခံထားရကြောင်း အတည်ပြု တွေ့ရှိလာခဲ့ပါတယ်။ Omicron ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာနံပါတ် ၁၈ ဟာ သူ့ဆေးခန်းမှာ လာပြခဲ့ဖူးကြောင်း၊ လူနာက အရမ်းမောပန်းပြီး နှစ်ရက်လောက် ကိုယ်လက်တွေ ကိုက်ခဲတာ၊ ခေါင်းကိုက်တာတွေ ခံစားရတာ တွေ့ရကြောင်း ဒေါက်တာ ကိုယက်ဇီက ဆိုပါတယ်။
ဒီလက္ခဏာတွေ ဆိုတာက ကိုဗစ်နဲ့တောင် သိပ်မတူဘဲ သာမန် ဗိုင်းရပ်စ် ပိုးဝင်မှု အခြေအနေ တစ်ခုခုနဲ့တောင် ဆင်နေကြောင်း၊ လွန်ခဲ့တဲ့ သီတင်း ၈ ပတ်နဲ့ ၁၀ ပတ်ကြားမှာ အဖြစ်များတဲ့ ကိုဗစ်နဲ့ ပုံစံ မတူတော့တာကြောင့် ဓာတ်ခွဲ စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း သူက ရှင်းပြပါတယ်။ အဲဒီ လူနာရော၊ မိသားစုဝင်တွေပါ ဆေးစစ် အဖြေ Positive ထွက်ခဲ့ပြီး နောက်ရက်တွေမှာလည်း ပုံစံတူ ကိုဗစ်လူနာတွေ ထပ်ရောက်လာခဲ့ပြန်ပါတယ်။
လောလောဆယ်မှာ သိပ္ပံနည်းကျ စစ်ဆေး အတည်ပြုတာတွေ မလုပ်ရသေးပေမယ့် သူ့အတွေ့အကြုံ အရတော့ Omicronဟာ အသက် ၄၀ အောက် လူငယ်ပိုင်းမှာ ပိုပြီး အဖြစ်များလာနိုင်တယ်လို့ ဒေါက်တာ ကိုယက်ဇီက မှတ်ချက် ပေးခဲ့ပါတယ်။ ပြီးတော့ Omicron ကူးစက် ခံရပြီး ရောဂါလက္ခဏာ ပြသသူ အားလုံးရဲ့ ထက်ဝက်လောက်ဟာ ကာကွယ်ဆေး မထိုးရသေးသူတွေလို့လည်း သူက ဆိုပါတယ်။
WHOကတော့ Omicron ကူးစက်မှုကြောင့် ဖြစ်ပွားတဲ့ ကိုဗစ်ရောဂါဟာ လက္ခဏာတွေ ပိုပြီး ထင်ရှား ပြင်းထန်လာနိုင်သလား ဆိုတာကို ရှင်းရှင်းလင်းလင်း အတည်မပြုနိုင်သေးဘူးလို့ နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်ပါတယ်။ ပြီးတော့ ရှိရင်းစွဲ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေနဲ့ ယှဉ်ရင် လူတွေမှာ ကူးစက်မှု ပိုမို မြန်ဆန်လာမယ်ဆိုတဲ့ အချက်ကိုလည်း အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပါ။
တောင်အာဖရိကမှာ ကနဦး တွေ့ရှိထားတဲ့ အချက်အလက်တွေအရ ကိုဗစ်ကြောင့် ဆေးရုံတက်ရသူ ဦးရေက ရုတ်တရက် ထိုးတက်လာကြောင်း၊ ဒါကလည်း ရောဂါ ဖြစ်ပွားသူ အရမ်းများလာလို့ ဆေးရုံတက်နှုန်းပါ လိုက်ပြီး မြင့်တက်လာတာ ဖြစ်နိုင်ကြောင်း WHOက ဆိုပါတယ်။
ပညာရှင်တွေ အဓိက စိုးရိမ်တဲ့ အချက်က Omicronဟာ ကိုဗစ် လူနာဟောင်းတွေမှာ ရောဂါ ပြန်ကူးစက်နိုင်ခြေနဲ့ လက်ရှိ သုံးစွဲနေတဲ့ ကာကွယ်ဆေးတွေ အာနိသင် အလွန်အမင်း လျော့ကျသွားနိုင်ခြေတွေ ရှိမရှိ ဆိုတာကို ဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို တိတိကျကျ ဖြေဖို့ အတွက်ကတော့ ပိုပြီး ခိုင်မာ ပြည့်စုံတဲ့ သုတေသန အချက်အလက်တွေ လိုအပ်နေပါသေးတယ်။
လောလောဆယ်မှာတော့ Omicron ကူးစက်မှုတွေကို ဟန့်တားဖို့ နိုင်ငံ တချို့က အပူတပြင်း စီစဉ်နေပြီး အာဖရိကတိုက် တောင်ပိုင်းက နိုင်ငံတွေနဲ့ လေကြောင်း ပျံသန်း ပြေးဆွဲမှုတွေ ဆိုင်းငံ့လိုက်တာမျိုး အကောင်အထည်ဖော် စီစဉ်နေကြကြောင်း သိရပါတယ်။