ကမ္ဘာ့နိုင်ငံအသီးသီးမှာ အိုမီခရွန် ရောဂါပိုးကူးစက်မှုအရှိန်ကောင်းနေသလို မြန်မာနိုင်ငံမှာလည်း အိုမီခရွန်နဲ့ စတုတ္ထလှိုင်းဖြစ်လာနိုင်တာကို သတိပေးနေတာတွေရှိပါတယ်။
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက Covid-19 တွေ့ရှိတဲ့ လူနာစာရင်းကို နေ့စဉ်ကြေညာပေးနေပေမယ့် အခုရက်ပိုင်း နေရာတော်တော်များများမှာ Covid- 19 လက္ခဏာနဲ့ ဆင်တူတဲ့ဖျားနာနေမှုတွေရှိနေကြာင့် ထုတ်ပြန်ချက်ထက်ပိုများနိုင်ပါတယ်။
တတိယလှိုင်းပြီးသွားချိန်ကစလို့ အားလုံးပုံမှန်သွားလာနေကြပြီး အခုလည်း အိုမီခရွန် ခြောက်လှန့်မှုရှိနေပေမယ့် ရန်ကုန်မြို့တွင်းမှာတော့ အသွားအလာတွေကပုံမှန်အတိုင်းဖြစ်နေဆဲပါ။
ရန်ကုန်မြို့ရဲ့ ရပ်ကွက်တော်တော်များများက ဆေးခန်းတွေမှာလည်း လူနာတွေများပြားနေပြီး တတိယလှိုင်းတုန်းကလို ဆေးတွေလည်းဈေးစတတ်နေပါပြီ။

Public Service Announcement
ချောင်းဆိုးပျောက်ဆေးတွေ ဈေးတတ်နေသလို ဘိုင်အိုဂျက်စစ်တွေလည်း ဈေးတတ်လာပြီလို့ ဈေးကွက်ထဲကနေ စုံစမ်းသိရှိရပါတယ်။
အပြင်ထွက်ရင် မဖြစ်မနေ တပ်ရမယ့် Mask တွေလည်း ဈေးတဖြည်းဖြည်းတက်နေပြီး နောက်ထပ်ထပ်တက်နိုင်တယ်လို့ Mask ရောင်းချသူတွေကပြောပါတယ်။
စတုတ္ထ လှိုင်းက တတိယလှိုင်းလောက်မဆိုးဝါးဖို့ ပြည်သူတွေက မျှော်လင့်နေပါတယ်။
ဒါပေမယ့်လည်း ပြင်ပမှာသွားလာနေသူတွေထဲမှာ Mask မတပ်သူတွေကတော့ တွေ့ရှိနေရဆဲပါ။
မီးအချိန်မှန်လာတဲ့ အချိန်တုန်းကတောင် လိုအပ်တဲ့ အောက်ဆီဂျင်ရဖို့ အခက်အခဲတွေဖြစ်နေတာကြောင့် အခုလို မီးမမှန်တဲ့အချိန် အောက်ဆီဂျင်လိုအပ်မှုတွေ ရှိလာရင် တော်တော်ခက်ခဲမယ်လို့ လူမှုကူညီရေးအသင်းမှာလုပ်ကိုင်နေသူတွေက ပြောဆိုနေကြပါတယ်။


















































