◾️ယူကရိန်း ပိုင်နက် နယ်မြေထဲရုရှားစစ်တပ်တွေ စေလွှတ်
ခွဲထွက်ရေး သူပုန်တွေ သိမ်းပိုက်ထားရာ ယူကရိန်း ပိုင်နက် နယ်မြေတွေကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေအဖြစ် ရုရှားက အသိအမှတ် ပြုလိုက်ပြီး စစ်တပ်တွေ စေလွှတ်လိုက်ပါတယ်။
ဒိုးနက်စ်ခ်နဲ့ လူဟန့်စ်ခ် ဒေသတွေက နယ်မြေတချို့ကို ၂၀၁၄ ကတည်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေက ထိန်းချုပ်ထားပြီး ကိုယ်ပိုင် နိုင်ငံတွေအဖြစ် အသီးသီး ကြေညာထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနယ်မြေတွေရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကိုတော့ နိုင်ငံတကာက အသိအမှတ် မပြုပါဘူး။
အခုအခါ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်း ခွဲထွက်ရေး သူပုန်တွေရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အသိအမှတ် ပြုလိုက်ကြောင်း ကြေညာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်တွေ စေလွှတ်လိုက်ပါတယ်။ တစ်နည်းအားဖြင့် ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေဆီ စတင် ချဉ်းနင်း ဝင်ရောက်လာတဲ့ သဘောပါပဲ။

Public Service Announcement
ရုရှားရဲ့ လုပ်ရပ်ကြောင့် အဲဒီ ဒေသတွေမှာ အပစ်အခတ် ရပ်စဲဖို့ ယူကရိန်း အစိုးရနဲ့ ခွဲထွက်ရေး သူပုန်တွေ ညှိနှိုင်းထားတဲ့ သဘောတူညီမှုလည်း အလိုလို ပျက်ပြယ်သွားပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားဟာ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုသွားပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက တစ်နိုင်ငံလုံးကို ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ဇီလန်စကီးက ယူကရိန်း အနေနဲ့ ငြိမ်းချမ်းရေးကိုသာ လိုလားကြောင်း၊ ဒါပေမဲ့ အဆိုးဆုံးတွေ ဖြစ်လာရင်လည်း ဘာကိုမှ ကြောက်ရွံ့နေမှာ မဟုတ်သလို ဘယ်သူ့ကိုမှ အလျှော့ပေး အညံ့ခံမှာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။ အခုအချိန်မှာ ယူကရိန်းရဲ့ တကယ့် မိတ်ဆွေစစ်၊ လက်တွဲဖော် အစစ်တွေက ဘယ်သူ ဘယ်ဝါဆိုတာ မြင်ရတော့မှာ ဖြစ်ကြောင်း၊ ရုရှားကို ဘယ်သူတွေက စကားလုံး သက်သက်နဲ့ပဲ ဖြဲခြောက်နေမလဲ ဆိုတာကိုတော့ သိချင်မိကြောင်း ဇီလန်စကီးက ဆိုပါတယ်။
ဒိုးနက်စ်ခ်နဲ့ လူဟန့်စ်ခ်ကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေအဖြစ် အသိအမှတ်ပြုပြီး တပ်တွေ စေလွှတ်လိုက်တဲ့ ပူတင်ရဲ့ ဆုံးဖြတ်ချက် နောက်ဆက်တွဲအဖြစ် ယူကရိန်း အရှေ့ပိုင်းကို ရုရှားတပ်တွေ စတင် ဝင်ရောက်လာမှာကို အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေက စိုးရိမ်နေပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အဲဒီ ဒေသတွေမှာ နေထိုင်သူ အများအပြားကို ရုရှား ပတ်စ်ပို့တ်တွေ ထုတ်ပေးခဲ့ပါတယ်။ အခုအခါ သူ့နိုင်ငံသားတွေကို ကာကွယ်ဖို့ ဆိုတာမျိုး အကြောင်းပြပြီး ဒိုးနက်စ်ခ်နဲ့ လူဟန့်စ်ခ်မှာ ရုရှားတပ်တွေ အလုံးအရင်း ဖြန့်ကျက်လာမယ့် အလားအလာ ရှိနေပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်က ပူတင်ဟာ ခွဲထွက်ရေး နယ်မြေတွေကို အသိအမှတ်ပြုကြောင်း မကြေညာခင် ရှည်လျားတဲ့ မိန့်ခွန်းတစ်ခု ပြောကြားခဲ့ပါတယ်။ အဲဒီ မိန့်ခွန်းထဲမှာတော့ ခေတ်သစ် ယူကရိန်း နိုင်ငံဆိုတာ ဆိုဗီယက် ပြည်ထောင်စုက ဖန်တီးခဲ့တာ ဖြစ်တဲ့အတွက် ရှေးခေတ် ရုရှားပိုင် နယ်မြေတွေသာ ဖြစ်တယ်လို့ ပူတင်က ရည်ညွှန်း သုံးနှုန်းသွားခဲ့ပါတယ်။
၁၉၉၁ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားတဲ့နောက် ရုရှားဟာ ကိုယ်ပိုင် နယ်မြေတွေကို ဓားပြအတိုက် ခံရသလို လက်လွှတ် ဆုံးရှုံးလိုက်ရကြောင်း ပူတင်က ပြောကြားခဲ့ပြီး ယူကရိန်းကိုလည်း အမေရိကန်ရဲ့ ကိုလိုနီ နယ်မြေတစ်ခု ဖြစ်လာပြီလို့ စွပ်စွဲသွားပါတယ်။ ၂၀၁၄ ကစလို့ ယူကရိန်း အစိုးရဟာ အမေရိကန်ရဲ့ ရုပ်သေး ဖြစ်လာပြီလို့ ပူတင်က ဆိုတယ်။ ၂၀၁၄ က ရုရှားလိုလားတဲ့ ယူကရိန်း အစိုးရကို ပြည်သူတွေက ဆန့်ကျင် ဆန္ဒပြ ဖြုတ်ချခဲ့တာကိုလည်း အာဏာသိမ်းမှုလို့ ပူတင်က ဝေဖန်ခဲ့ပါတယ်။
အမေရိကန် အစိုးရက ပူတင်ရဲ့ လုပ်ရပ်ကို ချက်ချင်း ရှုတ်ချခဲ့ပြီး ရုရှား အသိအမှတ် ပြုလိုက်တဲ့ နယ်မြေသစ်တွေမှာ အမေရိကန် နိုင်ငံသားတွေက ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ငွေကြေး ထည့်ဝင်မှုတွေ လုံးဝ လုပ်ခွင့်မပြုကြောင်း အထူး အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ရုရှားက ယူကရိန်းကို နောက်ထပ် ဘယ်လောက် ကျူးကျော်မလဲ ဆိုတဲ့အပေါ် မူတည်ပြီး အနောက်နိုင်ငံတွေဆီက အရေးယူ ပိတ်ဆို့မှု အသစ်တွေ ထပ်ရှိလာဦးမယ်လို့လည်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆန်ကလည်း ရုရှားရဲ့ လုပ်ဆောင်မှုဟာ နိုင်ငံတကာ ဥပဒေတွေကိုရော၊ ယူကရိန်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကိုပါ ထိပါး ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး လစ်ဇ် ထရူးစ်ကလည်း ဗြိတိန်ဟာ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ ဖေဖော်ဝါရီ ၂၂ ရက်မှာ ကြေညာမယ်လို့ ပြောကြားသွားပါတယ်။
ဥရောပ သမဂ္ဂကလည်း ခက်ခဲတဲ့ အခြေအနေတွေမှာ ယူကရိန်းနဲ့အတူ မမှိတ်မသုန် ခိုင်ခိုင်မာမာ ရပ်တည်သွားမယ်လို့ ကြေညာပါတယ်။ ဩစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆန်က ဒိုးနက်စ်ခ်နဲ့ လူဟန့်စ်ခ် နယ်မြေတွေမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ တပ်တွေ စေလွှတ်ပါတယ်ဆိုတဲ့ ရုရှားရဲ့ အကြောင်းပြချက်ကို ပယ်ချခဲ့ပြီး ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ ရန်စမှု တစ်ခုလို့သာ သတ်မှတ်သင့်ကြောင်း အပြင်းအထန် ဝေဖန်သွားပါတယ်။
ခွဲထွက်ရေး လှုပ်ရှားနေတဲ့ နယ်မြေတွေကို အသိအမှတ် ပြုလိုက်ခြင်းက ရုရှားတပ်တွေ အဆီးအတားမရှိ ဝင်ထွက် သွားလာတော့မယ့် သဘောပါ။ ပူတင်ဟာ ယူကရိန်းကို ပိုမို ကျူးကျော်ဖို့ ဆုံးဖြတ်ပြီးပြီလား၊ အနောက်အုပ်စုရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ဦးမလား ဆိုတာတော့ ခန့်မှန်းရ ခက်ပါတယ်။ ခွဲထွက်ရေး နယ်မြေတွေကို အသိအမှတ် ပြုလိုက်ကြောင်း မကြေညာခင်လေးမှာတင် ပူတင်ဟာ ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံ ခေါင်းဆောင်တွေကို တွေ့ဆုံပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့သေးကြောင်း သိရပါတယ်။


















































