Connect with us

Hi, what are you looking for?

ဗီဒီယို

“ထိုင်းမှာ အလုပ်လုပ်ဖို့ ကုန်စိမ်းကားတွေပေါ်မှာ အစုပြုံလိုက်ပါလာကြတာ”

လက်ရှိထိုင်းနိုင်ငံကနေ ပြည်ပလုပ်သားခေါ်ယူမယ့် အခြေအနေ၊ တရားမဝင်ခိုးဝင်လာသူတွေ ဖမ်းဆီးခံရမှုအနေအထားတွေနဲ့ ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် အကြံပေး ဦးအောင်ကျော်နဲ့ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

◾

️ တရားမဝင်ဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံရတဲ့အခြေအနေက ပိုဆိုးလာနေလား။

အဲ့ဒီကိစ္စက ရပ်တန့်မသွားဘူးခင်ဗျ။ အဖမ်းအဆီးတွေဒီလောက်များနေတဲ့ကြားကပဲ နေ့စဉ်ဆိုသလို နယ်စပ်ဖြတ်ကျော်မှုတွေကရှိနေသေးတယ်။ ဘာလို့လည်းဆိုတော့ ဒီနေ့လည်း မဲဆောက် တာ့ခရိုင်ဘက်ကနေ ခိုးဝင်လာတာတွေ့ရတယ်။ အရင်ရက်ပိုင်းက ကုန်စိမ်းတင်တဲ့ကားတွေထဲမှာ အစုလိုက်အပြုံလိုက် ပါလာတာလည်းရှိနေကြတယ်ဆိုတော့ ဘယ်လိုပဲထိုင်းအစိုးရဘက်က ပိုက်စိပ်တိုက်ပြင်းပြင်းထန်ထန်ဖမ်းဆီးအရေးယူပေမယ့်လို့ မြန်မာနိုင်ငံထဲက စားဝတ်နေရေးအဆင်မပြေမှုတွေ နေရေးထိုင်ရေးကြပ်တည်းမှုတွေ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် နေ့စဉ်ရက်ဆက်ဆိုသလို တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေကတော့ ရှိနေသေးတယ်လို့ သုံးသပ်ရမှာပါ။

◾

️တစ်လထက်တစ်လ ထိုင်းထဲ အဝင်ပိုများလာတယ်လို့ ပြောလို့ရမလား။

ကျွန်တော်တို့ ဖမ်းဆီးရလိုက်တဲ့သတင်းတွေကို ကြည့်ရမယ်ဆိုရင်တော့ တစ်လကို အနည်းဆုံး လူက လေးထောင်လောက်အထိတောင် ရှိနေတယ်။ လေးထောင်နဲ့ ငါးထောင်ကြားမှာ ဖမ်းဆီးမိနေတယ်။ မဖမ်းဆီးမိဘဲ လွတ်တာတွေကိုကျတော့ ကျွန်တော်တို့မသိနိုင်ဘူး။ ကျွန်တော်တို့ သုံးသပ်ကြည့်သလောက်ကတော့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေက ပိုမိုမြင့်တက်နေသေးတယ်လို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။ အဲ့ဒါကလည်း ကိုယ့်ပြည်တွင်းမှာလည်း အလုပ်အကိုင်တွေက ရှားပါးတဲ့အနေအထားမှာရောက်နေတာလေ။ အခုချိန်မှာ ဘာဆိုဘာတခုမှလုပ်လို့မရဘူးဆိုတော့ သူတို့အနေနဲ့ ထွက်ပေါက်တစ်ခုရှာတဲ့အနေနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဒီထိုင်းနိုင်ငံကိုပဲ အလုပ်ကလေး ရလိုရငြားဆိုတဲ့စိတ်နဲ့ သူတို့အန္တရာယ်များမယ်ဆိုလည်း သူတို့သိတယ်။ ဖမ်းဆီးအရေးယူခံရနိုင်တယ်ဆိုလည်း သူတို့သိတယ်။ သို့သော် လွတ်မြောက်လိုလွတ်မြောက်ငြားဆိုပြီးမှ သူတို့အရဲစွန့်ပြီး လာနေကြတယ်လို့ပဲ သုံးသပ်မှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

◾

️ ထိုင်းမှာ အလုပ်သမားတွေလိုအပ်နေတယ်။ အခု MOU နဲ့ ခေါ်တဲ့အခြေအနေက ဘယ်လိုရှိလဲ။

အဲ့ဒါကိုလည်း ထိုင်းအစိုးရက သူတို့ကိုယ်တိုင် လူသိရှင်ကြားတရားဝင်သတင်းထုတ်ပြန်ပြီးသားဖြစ်တယ်။ သူ့နိုင်ငံမှာရှိတဲ့ စက်ရုံအလုပ်ရုံမှာ ကုန်ထုတ်လုပ်မှုစွမ်းအားတွေ ပိုမိုမြင့်တက်နိုင်ဖို့ လုပ်နိုင်ဖို့အတွက်က လုပ်သားအရေအတွက်က လုံး၀ကိုလိုအပ်နေတယ်။ ပထမတစ်ကြိမ်ကြော်ငြာတာ လုပ်သားဦးရေ လေးသိန်းလောက်လိုအပ်တယ်လို့ ပြောနေပေမယ့် နောက်တစ်ကြိမ်မှာထပ်မံကြော်ငြာတဲ့အခါမှာ လုပ်သားဦးရေ ၈ သိန်းအထိ ထပ်မံပြီးမှလိုအပ်တယ်လို့ သူပြောပြန်တယ်ဆိုတော့ MOU စနစ်ကိုလည်း လုပ်နိုင်ဖို့အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနပေါင်းစပ်ညှိနှိုင်းပြီးမှ စီစဉ်ဆောင်ရွက်နေတာရှိတယ်။ သို့သော် အဲဒါတွေကလည်း သုံးသပ်ချက်အရ ထုတ်ပြန်ကြေညာချက်အရ ဧပြီလလောက်မှာ စတင်ပြီးမှ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ သုံးနိုင်ငံကနေပြီးတော့မှ ကိုဗစ်စည်းမျဉ်းနဲ့အညီ ခေါ်ယူနိုင်အောင်ကြိုးစားမယ်လို့ သူကြေညာထားတာတွေ့ရပါတယ်။

◾

️ MOU နဲ့ မြန်မာလုပ်သားခေါ်ဖို့ ကြန့်ကြာမှုက ဘာကြောင့်လဲ။

မြန်မာအနေနဲ့ ကြန့်ကြာနေတဲ့ အကြောင်းရင်းကတော့ နှစ်နိုင်ငံစလုံးမှာ အိုမီခရွန်ရောဂါ အပြင်းအထန် အလျင်အမြန်ကူးစက်ပြန့်ပွားနေတယ်ဆိုတာက နံပတ်တစ်အချက်ဖြစ်ပါလိမ့်မယ်။ နံပါတ်နှစ်အချက်ကတော့ လုပ်သားတွေစေလွှတ်တဲ့အခါမှာ မူလကသတ်မှတ်ထားတဲ့နှုန်းထားမျိုးတွေ မဟုတ်တော့ဘဲနဲ့ နှုန်းထားအသစ်တွေပြန်လည်ချမှတ်တာတွေ ပြုပြင်ပြောင်းလဲတာတွေ မြန်မာနိုင်ငံဘက်က လုပ်နေတဲ့အတွက်ကြောင့် နောက်ပြီးတော့အဲ့ဒီမှာ ကျနော်တို့ကိုယ်တိုင်ကြားသိရတဲ့အနေအထားအရ အလုပ်သမားဝန်ကြီးဌာနမှာ အင်မတန် လုပ်ငန်းစဉ်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ မရှိတော့တဲ့အတွက်ကြောင့် အစားထိုးအသစ်ခန့်အပ်တဲ့ပုဂ္ဂိုလ်တွေ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာမှာ အတွေ့အကြုံနည်းပါးတဲ့ပုဂ္ဂိုလ်တွေကြောင့် အဲ့ဒီအတွက်လည်း ကြန့်ကြာနေတယ်လို့ သုံးသပ်လို့ရပါတယ်။

◾

️ လက်ရှိအခြေအနေတွေအရ ထိုင်းမှာ အလုပ်သွားလုပ်ဖို့ စောင့်နေသူတွေကို ဘာပြောချင်ပါသလဲ။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ ပြည်တွင်းမငြိမ်မသက်မှုတွေ လုပ်သားတွေ MOU လုပ်ငန်းစဉ်တွေအကုန်ရပ်တန့်ပြီးမှ ရောဂါပိုးအန္တရာယ်ကြောင့်လည်းဖြစ်ပေါ်လာတဲ့ဟာတွေ အခုက နှစ်ဖက်စလုံးမှာညှပ်ပြီးမှ ကျွန်တော်တို့ပြည်သူတွေ ညှပ်ခံခဲ့ရတယ်။ ရောဂါဒဏ်ရော အာဏာရှင်ဖိစီးမှုဒဏ်ရော ခံနေရတဲ့အတွက်ကြောင့် အခုချိန်မှာအရဲစွန့်ပြီး ကျပ်ငွေသိန်းပေါင်းများစွာ အကုန်ကျ ပွဲစားတွေကို ပေးချေပြီးမှ ထိုင်းနိုင်ငံကို တရားမဝင်နယ်စပ်ဖြတ်ကျော်လာခဲ့တဲ့ လူအများစုဟာ အခုလိုမျိုးဖမ်းဆီးခံခဲ့ရတဲ့အတွက် ကျွန်တော်တို့တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ဖမ်းဆီးခံခဲ့လိုက်ရတဲ့အခါ ဘာတွေဖြစ်ပေါ်သွားလည်းဆိုတော့ ဒီနိုင်ငံရဲ့တည်ဆဲဥပဒေအရ အရေးယူခံရမယ်။ နောက်ဟိုမှာ အတိုးတွေဘာတွေ ပေါင်နှံရောင်းချပြီးလာခဲ့တဲ့ ငွေတွေလည်းဆုံးရှုံးသွားတာဆိုတော့ မြန်မာပြည်သူတွေအတွက် တအားအခက်အခဲတွေ အများကြီးကြုံနေရတာကို နေ့စဉ်ရက်ဆက်မြင်တွေ့နေရတာကို စိတ်မကောင်းဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။