အခုနှစ်အတွက် ပထမဆုံး ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာမယ့် အဆာနီဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းတွေဆီ ဦးတည်နေပြီး ဒေသတွင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ကြုံတွေ့လာနိုင်ကြောင်း သိရပါတယ်။
ဘင်္ဂလား ပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုအဖြစ် စတင် ပေါ်ပေါက်လာတဲ့ အဆာနီဟာ မတ်လ ၂၁ ကစလို့ ဆိုင်ကလုန်း မုန်တိုင်းအဆင့်ထိ စတင် အားကောင်းလာပြီး အန်ဒမန်နဲ့ နစ်ကိုဘာ ကျွန်းတွေကို စတင် ဖြတ်သန်းလိမ့်မယ်လို့ အိန္ဒိယ အစိုးရ မိုးလေဝသ ဌာနက ခန့်မှန်းထားပါတယ်။
အဲဒီနောက်မှာတော့ အဆာနီဟာ မြောက်ဖက်ကို ဆက်လက် ရွေ့လျားပြီး ဘင်္ဂလားဒေ့ရှ်၊ ဒါမှမဟုတ် မြန်မာနိုင်ငံ အနောက်ပိုင်း ကမ်းရိုးတန်းတွေဆီ ဦးတည်လာဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိ အခြေအနေမှာ မုန်တိုင်းရဲ့ လမ်းကြောင်းက အိန္ဒိယ နိုင်ငံဖက် မရောက်နိုင်ဘူးလို့ ယူဆရပေမယ့် ယတိပြတ် မပြောနိုင်သေးကြောင်း အိန္ဒိယ မိုးလေဝသ ဌာနက သတိပေးထားပါတယ်။
အလှည့်ကျ နာမည်ပေးတဲ့ စနစ်အရ အခုမုန်တိုင်းကို သီရိလင်္ကာ နိုင်ငံက ကြိုတင် သတ်မှတ်ထားတဲ့ အဆာနီဆိုတဲ့ နာမည် ပေးထားတာ ဖြစ်ပါတယ်။ မတ်လ ၁၈ ရက်ကစလို့ မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီ ကီလိုမီတာ ၄၀၊ ၅၀ နှုန်းလောက် ရှိလာပြီး မတ်လ ၂၁ ရက်နေ့နောက်ပိုင်း သိသိသာသာ ပိုမို အားကောင်းလာဖွယ် ရှိပါတယ်။

Public Service Announcement
ဘင်္ဂလား ပင်လယ်အော်ထဲက အန်ဒမန်နဲ့ နစ်ကိုဘာ ကျွန်းတွေဟာ မုန်တိုင်း ဖြတ်သန်းချိန်မှာ တစ်နာရီ ကီလိုမီတာ ၉၀ လောက်ထိ အားကောင်းတဲ့ လေတိုက်နှုန်းတွေနဲ့ ကြုံရနိုင်တယ်လို့ အိန္ဒိယ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။ မတ်လဟာ ပုံမှန်ဆိုရင် ဆိုင်ကလုန်းရာသီ စတင်တဲ့ ကာလ မဟုတ်သေးကြောင်း၊ ဧပြီနဲ့ မေလတွေလောက်မှ ဆိုင်ကလုန်းတွေ စတင်လေ့ရှိကြောင်း၊ အဆာနီဟာ ကုန်းတွင်း မဝင်ခင် အားပြန်ပျော့သွားမလားလို့ မျှော်လင့်နိုင်စရာ ရှိပေမယ့် အဲဒီမတိုင်ခင်မှာတော့ ဆိုင်ကလုန်း မုန်တိုင်း အဆင့်ထိ ခပ်မြန်မြန် ကြီးထွားလာဦးမှာဖြစ်ကြောင်း ဌာနရဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
မုန်တိုင်း ဆက်လက် ရွေ့လျားမယ့် လမ်းကြောင်းကို ကြိုပြောဖို့ စောလွန်းသေးကြောင်း၊ ဒါပေမဲ့ ရရှိထားသမျှ အချက်အလက်တွေ အားလုံးက အဆာနီရဲ့ လေတိုက်နှုန်းဟာ လျော့မသွားဘဲ လက်ရှိထက် ပြင်းထန်လာဖို့ပဲ ရှိတယ်လို့ ညွှန်ပြနေကြောင်း အိန္ဒိယ မိုးလေဝသဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဆာနီဟာ မြန်မာ၊ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ကမ်းရိုးတန်းကို မတ်လ ၂၃ ရက်လောက်မှာ ဖြတ်သန်း ဝင်ရောက်မယ်လို့ ယုံကြည်ရပါတယ်။
မုန်တိုင်း အားကောင်းလာတဲ့ အချိန်မှာ မြန်မာ အပါအဝင် ဒေသတွင်းက နိုင်ငံတချို့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှု အပါအဝင် ပြင်းထန်တဲ့ ရာသီဥတု အပြောင်းအလဲတချို့ ကြုံရနိုင်ကြောင်းလည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။


















































