ဟောလိုဝင်း ပါတီက လူပိသေဆုံးမှုတွေနဲ့ ပတ်သက်လို့ အစောပိုင်း တုံ့ပြန် ဆောင်ရွက်မှုတွေက လုံလောက်တဲ့ အနေအထား မရှိခဲ့ကြောင်း တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဝန်ခံခဲ့ပါတယ်။
နိုင်ငံရဲ့ ရဲချုပ်ဆီက ထွက်လာတဲ့ စကားဟာ အီထယ်ဝန် ရပ်ကွက်မှာ လူပေါင်း ၁၅၅ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ၁၅၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးနဲ့ ပတ်သက်လို့ အာဏာပိုင် အဖွဲ့အစည်းတွေဆီက ပထမဆုံးအကြိမ် တာဝန်ခံမှုလို့လည်း သတ်မှတ်နိုင်ပါတယ်။
ရဲချုပ် ယွန်ဟီကွန်က လူတွေ အသက်ရှူမွန်းကျပ်ပြီး ဒုက္ခရောက်နေကြောင်း ဆက်သွယ် အကူအညီ တောင်းမှုတွေ ရောက်ရှိလာချိန်မှာ ရဲတပ်ဖွဲ့ရဲ့ တုံ့ပြန်ပုံက စိတ်ပျက်စရာ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ ပတ်သက်ရင် ရဲတပ်ဖွဲ့မှာ ခြွင်းချက်မရှိ တာဝန်ခံဖို့ လိုအပ်ပြီး ဒီဖြစ်စဉ်အပေါ် အသေးစိတ် စုံစမ်း စစ်ဆေးသွားမယ်လို့ ယွန်က ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လူစည်ကားရာ အီထယ်ဝန် ရပ်ကွက်ထဲမှာ ဟောလိုဝင်း ပါတီ ကျင်းပသူတွေက လမ်းကျဉ်းလေး တစ်ခုထဲ စုပြုံတိုးကြရာက ညပ်ကုန်ပြီး အချင်းချင်း နင်းမိ၊ ပိမိရာက ရာနဲ့ချီ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးသူ အများစုဟာ ဆယ်ကျော်သက်နဲ့ လူငယ်ပိုင်း မိန်းကလေးတွေပါ။

Public Service Announcement
မျက်မြင်တွေက ဒီဖြစ်ရပ်ကြီး ပေါ်ပေါက်မလာခင် လမ်းကြားနားမှာ လူတွေ မတန်တဆ စုရုံးနေချိန်မှာရော၊ ရုတ်ရုတ်သဲသဲ အခြေအနေတွေ ပေါ်ပေါက်လာချိန်မှာပါ ရဲတပ်ဖွဲ့တွေက ထိထိရောက်ရောက် တုံ့ပြန် ကူညီမှု မရှိခဲ့ကြောင်း စွပ်စွဲထားကြပါတယ်။
တကယ်တော့ အဲဒီဖြစ်ရပ်ကြီး ပေါ်မလာခင် ကတည်းက ပါတီကျင်းပတဲ့ နေရာတဝိုက်မှာ လူတွေ အရမ်းများနေတဲ့အကြောင်း ဖုန်းဆက် အကြောင်းကြားမှုတွေ တော်တော်များများ ရရှိခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေဆီက ဂရုတစိုက် တုံ့ပြန်မှု ကင်းမဲ့ခဲ့တယ်လို့ ယွန်က ဝန်ခံပါတယ်။
တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုလ်ကလည်း ဒီဖြစ်ရပ်ဆိုးကြီးဟာ နိုင်ငံရဲ့ လူစုလူဝေး စီမံခန့်ခွဲမှုနဲ့ သုတေသန ဆန်းစစ်မှု အားနည်းချက်တွေကို ထင်ဟပ်စေကြောင်း ပြောပါတယ်။ ပြီးတော့ နောက်ထပ် အလားတူ ဖြစ်စဉ်တွေ ပေါ်ပေါက်မလာအောင် လိုအပ်တဲ့ စည်းမျဉ်း တင်းကျပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ သမ္မတက ကတိပြုခဲ့ပါတယ်။
ဝေဖန်မှုတွေ မြင့်တက်လာချိန် အစောပိုင်းမှာ တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဆိုးလ်မြို့ထဲမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတချို့ ဖြစ်ပွားနေတာကို လုံခြုံရေး သွားရောက် စောင့်ကြပ်နေရတဲ့အတွက် အင်အားမလုံလောက်တဲ့ အခြေအနေမျိုး ရင်ဆိုင်ခဲ့ရတာလို့ ဖြေရှင်းခဲ့ပါတယ်။


















































