Connect with us

Hi, what are you looking for?

News

Omicronဟာ Deltaထက်တောင် ကူးစက်နှုန်း ပိုမြန်ဖွယ် ရှိတယ်လို့ WHOပြော

Omicron မျိုးကွဲသစ် ကိုရိုနာ ဗိုင်းရပ်စ်ဟာ Delta မျိုးကွဲထက်တောင် ကူးစက်နှုန်း ပိုမြန်ဆန်နိုင်ပြီး ကိုဗစ် ကာကွယ်ဆေးတွေရဲ့ အာနိသင်ကိုပါ လျော့ကျသွားစေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က အတည်ပြု ပြောကြားခဲ့ပါတယ်။

တောင်အာဖရိကမှာ စတင် တွေ့ရှိခဲ့တဲ့ မျိုးကွဲသစ် ကိုရိုနာ ဗိုင်းရပ်စ်အကြောင်း အသေးစိတ် လေ့လာခဲ့တဲ့နောက် ကနဦး တွေ့ရှိချက်တွေအပေါ် အခြေခံပြီး WHOက အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ Delta မျိုးကွဲဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ အများဆုံး ဖြစ်ပေါ်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်လို့ သတ်မှတ် ခံထားရပါတယ်။ အခုတော့ Omicronဟာ Deltaထက်တောင် ကူးစက်နှုန်း ပိုမြန်ဦးမယ်လို့ WHOက ယူဆထားပါတယ်။

Omicronဟာ မူရင်း Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ကနေ မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေတဲ့ မျိုးကွဲပါ။ Omicronကို စိုးရိမ်ရမယ့် ဗိုင်းရပ်စ် မျိုးကွဲလို့ WHOက အတည်ပြု ကြေညာလိုက်ပြီးတဲ့နောက် ဒီဗိုင်းရပ်စ် မကူးစက်နိုင်အောင် ကမ္ဘာအနှံ့မှာ လေကြောင်းသွားလာမှု ကန့်သတ်တာတွေ ဖြစ်ပေါ်လာပါတယ်။

ဒီဇင်ဘာ ၉ ရက်ထိ စာရင်းတွေအရ Omicron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ရောက်ရှိတဲ့ ကမ္ဘာ့နိုင်ငံ ၆၃ ခုထိ ရှိလာပြီလို့ WHOက ထုတ်ပြန်ပါတယ်။ တောင်အာဖရိကမှာ ကိုဗစ် လူနာသစ်တွေ အများအပြား တိုးပွားလာနေခြင်းက Omicronကြောင့်လို့ အတည်ပြုထားပါတယ်။ လောလောလတ်လတ် တောင်အာဖရိက သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာ ကိုယ်တိုင် နေထိုင်မကောင်းလို့ ဆေးစစ်ကြည့်တဲ့အခါ ကိုဗစ်ရောဂါ ဖြစ်ပွားနေကြောင်း တွေ့ရှိထားပါတယ်။

အချက်အလက်ပိုင်း စုဆောင်းနေတာ မလုံလောက်သေးတဲ့အတွက် Omicronရဲ့ ကူးစက်နှုန်းဟာ ဘယ်လောက် အတိုင်းအတာထိ မြန်ဆန်မလဲ ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးကြောင်း WHOက ဆိုပါတယ်။ ဒါပေမဲ့ ရရှိထားတဲ့ အထောက်အထားတွေအရ ကာကွယ်ဆေးတွေရဲ့ အာနိသင်ဟာ Omicronကို တားဆီး ဟန့်တားရာမှာ အတိုင်းအတာ တစ်ခုထိ လျော့ကျသွားတာ တွေ့ရှိကြောင်း WHOရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

Omicron ကူးစက် ခံရတဲ့ လူနာတွေဟာ Delta ကူးစက် ခံရသူတွေနဲ့ ယှဉ်လိုက်ရင် ရောဂါလက္ခဏာ သိပ်မပြင်းထန်တာတွေ၊ ရောဂါလက္ခဏာ လုံးဝ မပြသတာတွေ ပိုများတယ်လို့ WHOက ပြောပေမယ့် ဒီအချက်ကို ခိုင်ခိုင်မာမာ သက်သေပြဖို့ နောက်ထပ် သိပ္ပံနည်းကျ အချက်အလက်သစ်တွေ လိုအပ်နေဆဲလို့လည်း ဝန်ခံထားပါတယ်။

လောလောဆယ်တော့ Pfizerကုမ္ပဏီက သူတို့ရဲ့ ကာကွယ်ဆေးကို ၃ လုံး ထိုးထားသူတွေဟာ Omicron ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အတော်လေး ထိထိရောက်ရောက် ဟန့်တားနိုင်ဆဲလို့ ကြေညာထားပါတယ်။ ကာကွယ်ဆေး ဖူဖူလုံလုံ ရရှိထားတဲ့ ပြင်သစ်နဲ့ ဗြိတိန်လို နိုင်ငံကြီးတွေက ပြည်သူတွေ အနေနဲ့ Omicronရဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့အတွက် တတိယအကြိမ် ကာကွယ်ဆေး Booster ထပ်ထိုးဖို့ ဆော်ဩနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ နှစ်ပတ်လည် ကမ္ဘာ့ကျန်းမာရေး ညီလာခံ (WHA)ဆီ ထိုင်ဝမ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ ခွင့်ပြုမှာ မဟုတ်ကြောင်း တရုတ် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။