ယူကရိန်းက စစ်ဘေးရှောင် ပြည်သူတွေ စုဝေးနေတဲ့ ရထားဘူတာကို ရုရှားစစ်တပ်က ဒုံးကျည်နဲ့ ပစ်ခဲ့တာကြောင့် လူ ၃၀ ကျော် သေဆုံးသွားကြောင်း သိရပါတယ်။
ဧပြီ ၈ ရက်က ခရာမာတော့စ်ခ် မြို့မှာရှိတဲ့ ရထားဘူတာကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခဲ့တာပါ။ ယူကရိန်း စစ်ပွဲမှာ ရုရှားတပ်တွေက စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း နောက်ထပ် ခိုင်မာတဲ့ သက်သေတစ်ခု ထပ်တွေ့မြင်လာရတာလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။
မျက်မြင်တွေရဲ့ အဆိုအရ ဒုံးကျည်ထိမှန်ချိန် ရထားဘူတာနဲ့ အနီးတဝိုက်မှာ လူ ၄၀၀၀ လောက် စုဝေးနေတယ်လို့လည်း သိရပါတယ်။ မြို့ထဲကနေ ထွက်ခွာဖို့ လူတွေ ရထားစောင့်နေတုန်းမှာ ဒုံးကျည် ထိမှန် ပေါက်ကွဲခဲ့တာပါ။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ခရာမာတော့စ်ခ်က ရထားဘူတာကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာ မရှိကြောင်း ငြင်းဆိုထားပါတယ်။
ခရာမာတော့စ်ခ်ဟာ ရုရှားက အပြည့်အဝ ထိန်းချုပ် သိမ်းယူဖို့ ကြိုးစားနေတဲ့ ဒွန်းညက်စ်ဒေသထဲက မြို့တစ်မြို့ပါ။ ရုရှားစစ်တပ်ဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မူဝါဒတွေကို မပြောင်းလဲသေးဘဲ အရပ်သား ဧရိယာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေဆဲလို့ ယူကရိန်း သမ္မတ ဇီလန်စကီးက စွပ်စွဲသွားပါတယ်။

Public Service Announcement
ဒေသခံ အရာရှိတွေက ရထားဘူတာ တိုက်ခိုက်ခံရမှုမှာ လူ ၃၉ ဦးထက်မနည်း သေဆုံးပြီး ၈၇ ဦးထက်မနည်း ထိခိုက် ဒဏ်ရာတွေ ရခဲ့တယ်လို့ ပြောကြားထားပါတယ်။ အမေရိကန်၊ ယူကရိန်းနဲ့ ဥရောပ သမဂ္ဂတို့က ရုရှား စစ်သားတွေဟာ ယူကရိန်း စစ်ပွဲမှာ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း ထပ်တလဲလဲ ပြောဆိုနေချိန်မှာ အခုလို ရထားဘူတာကို ဒုံးကျည်နဲ့ အပစ်ခံရတာလည်း ဖြစ်ပါတယ်။
