Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ဖင်လန်က ၇ နှစ်ဆက်တိုက် ရပ်တည်

အမေရိကန်ကတော့ စာရင်းစတင် ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အပျော်ရွှင်ဆုံး ထိပ်တန်းနိုင်ငံ ၂၀ စာရင်းကနေ ပထမဆုံးအကြိမ် အဆင့်ကျသွားခဲ့ပြီး နံပါတ် ၂၃ နေရာမှာ ရပ်တည်နေပါတယ်။

ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ဖင်လန်က ၇ နှစ်ဆက်တိုက် ရပ်တည်
ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ဖင်လန်က ၇ နှစ်ဆက်တိုက် ရပ်တည်

ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး နိုင်ငံတွေ စာရင်းရဲ့ ထိပ်ဆုံးနေရာကို ဖင်လန်က ထပ်မံဦးဆောင် သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ဒါဟာ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ပျော်ရွှင်ခြင်း အစီရင်ခံစာမှာ ဖင်လန်နိုင်ငံက ၇ နှစ်ဆက်တိုက် နံပါတ် ၁ နေရာကို သိမ်းပိုက်ထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်ကစလို့ နှစ်စဉ် ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံတွေ စာရင်းကို ပုံမှန် ထုတ်ပြန်ခဲ့ရာမှာ စကန်ဒီနေးဗီးယန်း ဒေသတွင်း နိုင်ငံတွေကပဲ ထိပ်ဆုံးနေရာကို စိုးမိုးထားလေ့ရှိပြီး အဲဒီရေစီးကြောင်းဟာ ဒီနှစ်မှာလည်း မပြောင်းလဲခဲ့ပါဘူး။

ထူးခြားမှု တခုက ထိပ်ဆုံး ၁၀ နိုင်ငံစလုံးဟာ လူဦးရေ အရမ်းများပြားတဲ့ နိုင်ငံတွေ မဟုတ်တာကို တွေ့ရပါတယ်။ အဲဒီ ၁၀ နိုင်ငံထဲမှာ လူဦးရေ ၁၅ သန်းအထက် နေထိုင်တာဆိုလို့ နယ်သာလန်နဲ့ ဩစတြေးလျတို့သာ ပါဝင်ပြီး ထိပ်ဆုံး ၂၀ စာရင်းကို ကြည့်ရင်လည်း လူဦးရေ သန်း ၃၀ အထက် နေထိုင်တာ ဗြိတိန်နဲ့ ကနေဒါ နှစ်နိုင်ငံကိုပဲ တွေ့ရပါတယ်။

အမေရိကန်ကတော့ စာရင်းစတင် ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အပျော်ရွှင်ဆုံး ထိပ်တန်းနိုင်ငံ ၂၀ စာရင်းကနေ ပထမဆုံးအကြိမ် အဆင့်ကျသွားခဲ့ပြီး နံပါတ် ၂၃ နေရာမှာ ရပ်တည်နေပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စာရင်းဟာ အသက်အပိုင်းအခြားအလိုက် မတူညီတဲ့ အစုအဖွဲ့တွေရဲ့ ပျော်ရွှင်မှု အခြေအနေတွေကိုပါ သီးခြားစီ စုဆောင်း ကောက်ယူခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွေကစလို့ အမေရိကန်မှာ အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်ကြား မြီးကောင်ပေါက်နဲ့ လူငယ်တွေရဲ့ ပျော်ရွှင်မှု ညွှန်ကိန်းဟာ သိသိသာသာ စိုက်ကျလာနေတယ်လို့ စစ်တမ်းကို ဦးဆောင် ကောက်ယူပေးခဲ့တဲ့ Gallup အဖွဲ့က ဆိုပါတယ်။ ဒီနှစ်မှာဆိုရင် အသက် ၃၀ အောက် လူငယ်တွေရဲ့ သီးသန့်အမြင် စာရင်းအရ အမေရိကန်ဟာ ပျော်ရွှင်မှုအဆင့် ၆၂ နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။

Gallupရဲ့ စာရင်းကို ကောက်ယူရာမှာ နိုင်ငံသားတွေရဲ့ ဘဝရှင်သန်နေထိုင်မှု အရည်အသွေး၊ စီးပွားရေး၊ ကျန်းမာရေး ဝန်ဆောင်မှု၊ စိတ်ကျန်းမာရေး၊ လွတ်လပ်ခွင့်၊ တစ်ဦးချင်းဝင်ငွေ၊ ပျမ်းမျှသက်တမ်း၊ ရက်ရောမှု၊ အဂတိကင်းစင်မှု အစရှိတဲ့ အချက်အလက်တွေအလိုက် အမှတ်ပေးပြီး အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။ အဲဒီ စစ်တမ်းဟာ နိုင်ငံအလိုက် လူနေမှု ကွာဟချက်တွေကို ထင်ထင်ရှားရှား ပိုင်းခြားသိမြင်ခွင့် ရစေတယ်လို့လည်း Gallupက ဆိုပါတယ်။

ဒီနှစ်မှာတော့ Gallupဟာ နိုင်ငံပေါင်း ၁၄၃ ခုကို စာရင်း ပြုစု ကောက်ယူခဲ့ရာမှာ စကန်ဒီနေးဗီးယန်း ဒေသတွင်း ၅ နိုင်ငံစလုံးက ထိပ်ဆုံး ၁၀ နေရာ စာရင်းဝင်ခဲ့ပြီး အောက်ဆုံးအဆင့်မှာတော့ အာဖဂန် နစ္စတန်က ရပ်တည်နေပါတယ်။ လက်ဘနွန်၊ လီဆိုသို၊ ဆီယာလီယွန်နဲ့ ကွန်ဂိုတို့ကလည်း စာရင်းရဲ့ အောက်ဆုံး ၅ နေရာ စာရင်းမှာ ရောက်ရှိနေတာကို တွေ့ရပြီး မြန်မာကတော့ အဆင့် ၁၁၈ မှာ ရပ်တည်နေပါတယ်။

၂၀၂၄ ခုနှစ်အတွက် ကုလသမဂ္ဂရဲ့ ကမ္ဘာ့ ပျော်ရွှင်ခြင်း အစီရင်ခံစာပါ အပျော်ရွှင်ဆုံး နိုင်ငံ ၁၀ ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ဖင်လန်

၂။ ဒိန်းမတ်

၃။ အိုက်စ်လန်

၄။ ဆွီဒင်

၅။ အစ္စရေး

၆။ နယ်သာလန်

၇။ နော်ဝေး

၈။ လူဇင်ဘာ့ဂ်

၉။ ဆွစ်ဇာလန်

၁၀။ ဩစတြေးလျ

ကိုးကာ: USA Today

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နျူကလီးယား လက်နက်တွေနဲ့ မပတ်သက်ဖို့ ကာလရှည်ကြာ ဆုပ်ကိုင်ထားတဲ့ မူဝါဒကို ဖင်လန်နိုင်ငံက ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဖင်လန်နိုင်ငံမှာ အားပေးတဲ့ ဘောလုံးကလပ်က တန်းဆင်းသွားခဲ့တာကို ဒေါသထွက်နေတဲ့ ပရိသတ်တွေက ဘောလုံးကွင်းရဲ့ ပွဲကြည့်စင်ကို မီးတင်ရှို့ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဖင်လန်နိုင်ငံမှာ ရဟတ်ယာဉ် နှစ်စီး ပျံသန်းရင်း တိုက်မိရာက လူ ၅ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါတီမှာ မူးယစ်ဆေး သုံးစွဲပြီး အပြတ်ကဲခဲ့တာ ဖြစ်နိုင်ကြောင်း စွပ်စွဲမှုတွေကို ဖြေရှင်းတဲ့ အနေနဲ့ သူကိုယ်တိုင် ဆေးစစ်မှု ခံယူထားတယ်လို့ ဖင်လန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။