Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားကို ဒုံးကျည်တွေ ထောက်ပံ့တဲ့အတွက် အီရန်အပေါ် အနောက်နိုင်ငံတွေ အရေးယူ ပိတ်ဆို့မှုတွေ တင်းကျပ်

ရုရှားကို ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပိုမိုတင်းကျပ်လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်သိုနီ ဘလင်ကန်ဟာ လန်ဒန်ကို ရောက်ရှိနေချိန် အတောအတွင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ် လမ်မီနဲ့အတူ အခုလို အရေးယူ ပိတ်ဆို့မှု အသစ်တွေ ပြုလုပ်မှာ ဖြစ်တဲ့အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့ဟာ ယူကရိန်း စစ်ပွဲမှာ ရုရှား အသုံးပြုနိုင်အောင် အီရန်က တာတိုပစ် ပဲ့ထိန်း ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ စွပ်စွဲပြီး အီရန်အပေါ် အရေးယူမှုတွေ တိုးမြှင့်သွားမယ် ဆိုတာကို စက်တင်ဘာ ၁၀ ရက်နေ့မှာ အသီးသီး အတည်ပြုခဲ့ကြပါတယ်။

အခုအခါ ရုရှားဟာ အီရန် ဒုံးကျည်တွေကို လက်ခံ ရရှိထားပြီး ဖြစ်ကြောင်း၊ လာမယ့် သီတင်းပတ် တချို့လောက်မှာတင် ယူကရိန်းနိုင်ငံနဲ့ ယူကရိန်း ပြည်သူတွေကို ပစ်မှတ်ထားဖို့ အဲဒီ ဒုံးကျည်တွေကို ရုရှားက ထုတ်သုံးလာနိုင်ကြောင်း ဘလင်ကန်က ဆိုပါတယ်။

အီရန်ရဲ့ ဒုံးကျည်တွေ ဖြည့်တင်း ပေးပို့မှုဟာ ရုရှား လက်နက်တိုက်ကို ပိုမို တောင့်တင်းစေပြီး ရှေ့တန်းစစ်မြေပြင်မှာ အဲဒီဒုံးကျည်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာနိုင်ကြောင်းလည်း ဘလင်ကန်က ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ လမ်မီနဲ့အတူ စက်တင်ဘာ ၁၁ ရက်နေ့မှာ ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ဆီ သွားရောက်ဖို့လည်း စီစဉ်ထားပါတယ်။ ဗြိတိန်-အမေရိကန် ကြေညာချက် ထွက်ပေါ်ပြီး မရှေးမနှောင်းမှာပဲ ပြင်သစ်နဲ့ ဂျာမနီ အစိုးရတွေကလည်း အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုတွေ မြှင့်တင်မယ် ဆိုတာကို အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

အရေးယူ ပိတ်ဆို့မှု အသစ်တွေဟာ အီရန်ရဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍကို အဓိက ပစ်မှတ်ထားမှာဖြစ်ပြီး အီရန်နဲ့ လေကြောင်း ပို့ဆောင်ရေးဆိုင်ရာ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုတွေကို ချက်ချင်း ရပ်ဆိုင်းသွားမယ်လို့ အနောက်နိုင်ငံ အစိုးရတွေက ကြေညာပါတယ်။ ဒါ့အပြင် အီရန် လေကြောင်းလိုင်း (Iran Air)ကိုလည်း သီးခြား ပစ်မှတ်ထား အရေးယူ ပိတ်ဆို့သွားမယ်လို့ ဆိုပါတယ်။

အီရန်ကတော့ ရုရှားကို လက်နက်တပ်ဆင်ပေးနေကြောင်း စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။ ယူကရိန်း စစ်ပွဲ ကာလမှာ ရုရှားအတွက် အီရန်လုပ် Shahed ဒရုန်းတွေ ထောက်ပံ့ခဲ့တယ်ဆိုတဲ့ အရင် စွပ်စွဲမှုတွေကိုလည်း အီရန်က အလားတူ ငြင်းခဲ့ပေမယ့် ရုရှားကတော့ အဲဒီ ဒရုန်းတွေကို ယူကရိန်းမှာ လက်တွေ့ အသုံးချခဲ့ပါတယ်။

ရုရှားကတော့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ တိတိကျကျ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အမည် မဖော်လိုတဲ့ အမေရိကန် စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးကတော့ အီရန်ဟာ ရုရှားအတွက် Fath-360 အမျိုးအစား ဒုံးကျည်တွေ လွှဲပေးခဲ့တာလို့ ပြောပါတယ်။ အဲဒီဒုံးကျည်တွေဟာ ကီလိုမီတာ ၁၂၀ အကွာလောက်က ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တယ်လို့လည်း သိရပါတယ်။

ဘလင်ကန်က အဲဒီဒုံးကျည်တွေ ဘယ်လို ပစ်ခတ်ရမလဲ ဆိုတာကို သိနားလည်ဖို့ ဒါဇင်နဲ့ချီတဲ့ ရုရှား စစ်မှုထမ်းတွေဟာ အီရန်မှာ သွားရောက် လေ့ကျင့် သင်ယူခဲ့တယ်လို့လည်း စွပ်စွဲ ပြောကြားသွားပါတယ်။

ကိုးကား: DW

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။